ယာဉ်တစ်စီးအပေါ် အခွန်ကောက်ခံမှု ရန်ကုန်တိုင်းဒေသကြီးနှင့် အခြားပြည်နယ်နှင့်တိုင်းများ တူညီနေသဖြင့်

ယာဉ်တစ်စီးအပေါ် အခွန်ကောက်ခံမှု ရန်ကုန်တိုင်းဒေသကြီးနှင့် အခြားပြည်နယ်နှင့်တိုင်းများ တူညီနေသဖြင့်
Published 29 October 2017

အခွန်နှုန်းခွဲခြားသတ်မှတ်ရန်နှင့် မော်တော်ယာဉ်စက်မှု ဇုန်တစ်ရပ်ဖော်ထုတ်ရန် လိုအပ်နေ ရန်ကုန်မြို့ လှည်းတန်းခုံးကျော်အနီး$ သွားလာနေသော ယာဉ်များကို ညဉ့်နက်ပိုင်းတွင် တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီးနှင့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ကောက်ခံနေသော ယာဉ်တစ်စီး၏ အခွန်နှုန်းများ တူညီနေသဖြင့် ရန်ကုန်လိုင်စင်ကားများ အဝယ်များပြီး ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု ကြုံတွေ့နေရခြင်းကြောင့် ကားအစီးရေနည်းသည့် ပြည်နယ်/တိုင်းများအတွက် အခွန်နှုန်းထား ခွဲခြားသတ်မှတ်ပေးရန်နှင့်  မော်တော်ယာဉ်စက်မှုဇုန်တစ်ရပ် ဖော်ထုတ်ရန် လိုအပ်နေကြောင်း မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားသည်။

ထို့ပြင် မော်တော်ယာဉ်တပ် ဆင်ထုတ်လုပ်ခြင်း ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ လိုအပ်ချက်များ၊  CKD,SKD တို့နှင့် သက်ဆိုင်သော အဓိပ္ပာယ်သတ်မှတ်ချက်များ၊ အခွန်ကောက်ခံမှုစနစ်များနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် တိကျလွယ်ကူစွာရရှိ နိုင်စေရန် Website သို့မဟုတ် လမ်းညွှန်စာအုပ်စီစဉ်ပေးရန် လိုအပ်နေကြောင်း ဒေါက်တာစိုးထွန်းက ပြောကြားသည်။

မော်တော်ယာဉ်စက်မှုဇုန်တစ်ရပ် ဖော်ထုတ်ရန် လိုအပ်နေခြင်းနှင့် ပတ်သက်၍ စက်မှုဇုန်မြေဈေးများ ကြီးမြင့်နေခြင်း၊ မော်တော်ယာဉ် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ရန် တစ်ဆက်တည်း စက်မှုမြေနေရာမရှိခြင်း၊ မီးနှင့်ရေလုံလောက်စွာ ရရှိမှုမရှိခြင်း စသည့်အချက်များ ရင်ဆိုင်နေရခြင်းကြောင့် မော်တော်ယာဉ်စက်ရုံနှင့် ဆက်စပ်ပစ္စည်းစက်ရုံများအပြင် စမ်းသပ်မောင်းနှင်နိုင်မည့် မြေနေရာပါရှိသော မော်တော်ယာဉ် စက်မှုဇုန်တစ်ရပ် ဖော်ထုတ်ပေးပါရန် ဒေါက်တာစိုးထွန်းက ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီသို့ တောင်းဆိုခဲ့ကြောင်း သိရသည်။

ထို့ပြင် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရာတွင် အသုံးပြုသော Prime Mover ကုန်တင်ယာဉ်ကြီးများအား တန်ဖိုး (AV Value) သတ်မှတ်ရာတွင် အမှန်တကယ် ဝယ်ယူသည့် ဈေးနှုန်းထက်များနေခြင်းကြောင့် ဈေးနှုန်းကြီးမြင့်လာပြီး ကုန်စည်စီးဆင်းမှု အခက်အခဲများ ဖြစ်ပေါ်နေကြောင်းနှင့် ဆိပ်ကမ်းရှိ ကုန်ပစ္စည်းများစစ်ဆေးရာတွင် Manuel နှင့် MACCS နှစ်နည်းစလုံးဖြင့် စစ်ဆေးနေခြင်းအစား အာဆီယံနိုင်ငံများ စံညွှန်းအတိုင်းသာ အချိန်ယူစစ်ဆေးပေးရန် ဒေါက်တာစိုးထွန်းက တင်ပြသည်။

လက်ရှိတွင် ကားအရောင်းပြခန်းများ၊ ကားအရောင်းစင်တာများသည် စီးပွားကူးသန်းလိုင်စင်၊ ကညနလိုင်စင်၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်၊ စည်ပင်လိုင်စင်၊ ပြည်တွင်းအခွန်လိုင်စင် စသည်ဖြင့် ရယူထားပြီး နိုင်ငံတော်သို့ အခွန်ထမ်းဆောင်နေသော လုပ်ငန်းများ ဖြစ်နေသော်လည်း လက်ရှိတွင် ၎င်းတို့ကို ရန်ကုန်တိုင်းဒေသကြီးတွင် ထပ်မံမှတ်ပုံတင်ခွင့် ဆိုင်းငံ့ထားခြင်းကို ညှိနှိုင်းဆောင်ရွက်ပေးပါရန်နှင့် ပြည်ပသွင်းကုန်လုပ်ငန်းအတွက် USANCE LC အသုံးပြုရာတွင်၊ မော်တော်ယာဉ်နှင့် လယ်ယာသုံး စက်ပစ္စည်းများအား အရစ်ကျစနစ်ဖြင့် ရောင်းချရာနှင့် SME လုပ်ငန်းများ ငွေချေးရာတွင် အပေါင်ပစ္စည်းလိုအပ်ခြင်းကြောင့် SME လုပ်ငန်းများ အရင်းအနှီးရရှိရန် ခက်ခဲနေပါသဖြင့် အပေါင်ပစ္စည်းမဲ့ ကုန်သွယ်မှု ချေးငွေနှင့် လုပ်ငန်းချေးငွေ ထုတ်ပေးခြင်းတို့ကို လက်ခံကျင့်သုံးပေးရန် လိုအပ်ကြောင်း ဒေါက်တာစိုးထွန်းက ဆိုသည်။

Most Read

Most Recent