တောင်ကြီး တန်ဆောင်တိုင် ပွဲတော်တွင် ကားအပ်နှံခ ကျပ်တစ်သောင်း ဖြစ်နေခြင်းကို ရှမ်းပြည်နယ် အစိုးရအဖွဲ့က ပြန်လည်စိစစ် ဆောင်ရွက်မည်

တောင်ကြီး တန်ဆောင်တိုင် ပွဲတော်တွင် ကားအပ်နှံခ ကျပ်တစ်သောင်း ဖြစ်နေခြင်းကို ရှမ်းပြည်နယ် အစိုးရအဖွဲ့က ပြန်လည်စိစစ် ဆောင်ရွက်မည်
Published 29 October 2017

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်သို့ ပြည်တွင်းပြည်ပမှ လာရောက်ကြသူများအား အောက်တိုဘာ ၂၈ ရက်ညက တွေ့ရစဉ်

၂၀၁၇ ခုနှစ် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် ကားအပ်နှံခ ကျပ်တစ် သောင်းပေးနေရခြင်းကို ပြည်သူလူထုမှ ဝေဖန်မှု မြင့်တက်လျက် ရှိနေခြင်းကို ရှမ်းပြည်နယ် အစိုးရအဖွဲ့က ပြန်လည်စိစစ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၈ ရက်တွင် ဘဏ္ဍာရေးဝန်ကြီးက ပြောကြားသည်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် ယာဉ်ရပ်နားခ ကောက်ခံကြေးအဖြစ် မော်တော်ယာဉ် တစ်စီးလျှင် ၁၀၀၀၀ ကျပ်၊ ဆိုင်ကယ်တစ်စီး ၂၀၀၀ ကျပ် ကောက်ခံနေခြင်းကို ပြည်လူလူထုအများ ဝေဖန်မှု မြင့်တက်လျက်ရှိပြီး အဆိုပါ ကိစ္စကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် စိစစ်ဆောင်ရွက်ရန် လိုအပ်ကြောင်း ဝေဖန်ကြခြင်းဖြစ်သည်။

“အဆင်မပြေရင် တိုင်ရမယ်။ ကျွန်တော်တို့ကသွားပြီး သတ်မှတ်ပေးဖို့ မလွယ်ဘူးလေ။ လုပ်ငန်းအားလုံးပေါင်း တစ်ခုထဲ ပေးထားတာလေ။ တကယ်လို့ တစ်ဆင့်တစ်ဆင့် ပေးတာလား။ ရအောင် ယူရမယ်။ အထောက်အထား မှန်ကန်အောင် ပြနိုင်ရင် အရေးယူလို့ ရတယ်။ တစ်ဆင့် ပေးမလုပ်ဘူး။ ကိုယ်တိုင်လုပ်ရမယ်လို့ ပြောထားတယ်လေ။ အရင်းအမြစ်တွေ မှန်ကန်အောင် ရပြီးမှ အရေးယူလို့ ရမယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့ကနေ အစည်းအဝေးထိုင်ပြီး ပြန်လည်စိစစ် ဆောင်ရွက်ပါ့မယ်” ဟု ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပြောကြားသည်။

ထိုတင်ဒါအောင်မြင်ခဲ့သော လုပ်ငန်းရှင်သည် မိမိတို့လုပ်ငန်းကို ကိုယ်တိုင်ပြုလုပ်ရမည်ဖြစ်ပြီး လူငှားဖြင့် ပြုလုပ်၍ မရကြောင်း စသဖြင့် တင်ဒါစည်းကမ်းတွင် ပါရှိကြောင်း၊ အထောက်အထား မှန်ကန်စွာ တိုင်တန်းပါက အရေးယူနိုင်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးက ပြောကြားသည်။

ထို့ပြင် ယာဉ်ရပ်နားခသာမက အစားအသောက်များလည်း ဈေးကြီးနေကြောင်း၊ ထိုယာဉ်ရပ်နားခဈေး မတန်တဆ ကောက်ခံနေခြင်းများကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ထံသို့ တင်ပြသွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် နိုင်ငံရေးအဖွဲ့မှ ဦးတင်မောင်တိုးက ပြောကြားသည်။ “ပါတီထဲက လူတွေလည်း လာပြောနေကြတယ်။ ကားအပ်နှံခ ကျပ်တစ်သောင်းပေးရတဲ့ ကိစ္စကို တနင်္လာနေ့မှာ ရှမ်းပြည်နယ် အစိုးရအဖွဲ့နဲ့ တွေ့ဆုံပြီး တင်ပြသွားဖို့ ရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

တောင်ကြီး တန်ဆောင်တိုင် မီးပုံပျံပွဲတော်ကို အောက်တိုဘာ ၂၈ ရက် တတိယနေ့ အစီအစဉ်တွင် နေ့လွှတ်အရုပ်ပေါင်း ၂၉ လုံး၊ ညလွှတ်မီးပုံးပျံပေါင်း ၁၄ လုံး လွှတ်တင်သွားကြောင်း မီးပုံးပျံ အမှတ်ပေး အကဲဖြတ် ဒို အဖွဲ့မှ သိရသည်။ ကောင်းကင်ပေါ်တွင် လေတိုက်နှုန်း မြင့်မားနေသဖြင့် နေ့လွှတ် မီးပုံးပျံ အရုပ်များ လွှတ်တင်သော်လည်း ပျက်ကျမှု များပြားနေကြောင်း သိရသည်။

နေ့လွှတ် အရုပ်များကို မွန်းလွဲ ၁ နာရီ အချိန်တွင် စတင်လွှတ်တင်ပြီး၊ ညနေ ၄ နာရီအထိ လွှတ်တင်ခွင့်ပြုကာ၊ ညလွှတ် မီးပုံးပျံများကို ညနေ ၆ နာရီအချိန်တွင် စတင်လွှတ်တင်ကြောင်း သိရသည်။

Most Read

Most Recent