လွှတ်တော် အဆောက်အအုံအား ခွင့်ပြုချက် မရှိဘဲ Drone ဖြင့် မှတ်တမ်းယူခဲ့သည့် TRT သတင်းဌာနမှ သတင်းထောက်များ အပါအဝင် လေးဦးအား ပို့ကုန်သွင်းကုန် ဥပဒေဖြင့် အမှုဖွင့်ထားပြီး လက်ရှိအချိန်အထိ စစ်ဆေးနေဆဲဖြစ်

လွှတ်တော် အဆောက်အအုံအား ခွင့်ပြုချက် မရှိဘဲ Drone ဖြင့် မှတ်တမ်းယူခဲ့သည့် TRT သတင်းဌာနမှ သတင်းထောက်များ အပါအဝင် လေးဦးအား ပို့ကုန်သွင်းကုန် ဥပဒေဖြင့် အမှုဖွင့်ထားပြီး လက်ရှိအချိန်အထိ စစ်ဆေးနေဆဲဖြစ်
Published 29 October 2017

လွှတ်တော် အဆောက်အအုံအား ခွင့်ပြုချက် မရှိဘဲ Drone ဖြင့် မှတ်တမ်းယူခဲ့သည့် တူရကီနိုင်ငံ အခြေစိုက် စင်ကာပူရုံးခွဲ TRT သတင်းဌာနမှ သတင်းထောက်များ အပါအဝင် လေးဦးအား ပို့ကုန်သွင်းကုန် ဥပဒေဖြင့် အမှုဖွင့်ထားပြီး လက်ရှိအချိန်အထိ စစ်ဆေးနေသည့်အတွက် မိသားစုဝင်များနှင့် တွေ့ခွင့်မပေးသေးကြောင်း သိရသည်။

အောင်နိုင်စိုး (ခ) ရာကွတ်၏ မိသားစုကိုယ်စား လိုက်လံဆောင်ရွက်ပေးသည့် ကိုရဲထူးက “ကျွန်တော်တို့ နေပြည်တော် ရောက်ရောက်ချင်း အမှတ် (၅) ရဲစခန်းကို သွားတယ်။ စခန်းမှူးနဲ့ သွားတွေ့တော့ သူတို့က လက်ရှိ ရမန်ယူဖို့ လုပ်နေတယ်။ တည်ဆောက်ထားတဲ့ အမှုကတော့ ပို့ကုန်သွင်းကုန် ဥပဒေနဲ့ တည်ဆောက်ထားတယ်လို့ ပြောတယ်။ ပျဉ်းမနား အချုပ်မှာ ချုပ်ထားတယ်လို့ ကျွန်တော်တို့ ကြားရတယ်။ ပျဉ်းမနားအချုပ်ကို သူ့မိဘနှစ်ပါးက တွေ့ဖို့ ကြိုးစားတဲ့ အခါမှာ စစ်ကြောရေး ဝင်နေတဲ့အတွက် တွေ့ခွင့်မပေးနိုင်ဘူးလို့ ပြောပါတယ်။ တစ်ရက်၊ နှစ်ရက် နေပြီးရင် တွေ့ခွင့်ရမယ်လို့ သူတို့ဘက်က ပြောပါတယ်။ အမှတ် (၅) စခန်းမှူးက ပြောတာပါ။ အချုပ်က ဒီမှာ မရှိဘူးလို့လည်း ပြောပါတယ်။ စခန်းမှူး ပြောတာက ပေါင်းပြီးစစ်နေတဲ့ အခါမှာ ဒီအချုပ်မှာ မရှိနိုင်ဘူးလို့ ပြောပါတယ်။ သူတို့ ဘယ်မှာလဲဆိုတာ အတိအကျတော့ မသိသေးဘူး။ ကျွန်တော်တို့ ရှေ့နေနဲ့ တိုင်ပင်နေပါတယ်” ဟု ပြောကြားသည်။

အောက်တိုဘာ ၂၇ ရက်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ် (၂၇) အနီးတွင် ပြည်ပသတင်းထောက်များ အပါအဝင် လေးဦးက Drone ဖြင့် လွှတ်တော်အဆောက်အအုံအား မှတ်တမ်းယူရန် စတင်နေချိန် ပြည်သူ့လွှတ်တော်ဝင်း လုံခြုံရေး တာဝန်ကျ ဝန်ထမ်းတစ်ဦးက တွေ့ရှိသဖြင့် အမှတ် (၅) ရဲစခန်းသို့ အကြောင်းကြားပြီး အဆိုပါ ရဲစခန်းက ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

တူရကီနိုင်ငံ အခြေစိုက် စင်ကာပူရုံးခွဲ TRT သတင်းဌာနမှ မလေးရှားနိုင်ငံသူ Mok Choy Lin ပတ်စ်ပို့အမှတ် A39882679၊ ဗီဇာအမှတ်-079021၊ စင်ကာပူနိုင်ငံသား Lauhon Meng ပတ်စပို့အမှတ် E5965308A၊ ဗီဇာအမှတ် D079022၊ စကားပြန် အောင်နိုင်စိုး (ခ) ရာကွတ်နှင့် ယာဉ်မောင်း ဦးလှတင် (ခ) ရှက်ဖီးတို့အား Mavic Pro တံဆိပ်ပါ မီးခိုးရောင် Drone ခဲရောင်နှင့် Remote Control တို့အား တွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါ လေးဦးအား နမစ (၅) ၄၁/၂၀၁၇ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အမှတ် (၁) မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားပြီး အောက်တိုဘာ ၂၉ ရက် (ယနေ့) တွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် ရမန်ယူသွားမည်ဖြစ်ကြောင်း ဇမ္ဗူသီရိမြို့နယ်ရဲမှူး ဆန်းအောင်က ပြောကြားသည်။

မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်း ဗဟိုအလုပ်အမှုဆောင် ကော်မတီ နေပြည်တော် တာဝန်ခံရှေ့နေ ဦးခင်မောင်ဇော်က “မနက်ဖြန် ရမန်ယူမယ်။ ဇမ္ဗူသီရိမြို့နယ် တရာရုံးမှာ ယူမယ် ထင်တယ်။ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း အထောက်အကူပြုကော်မတီ အနေနဲ့ ကျွန်တော် လိုက်မှာပေါ့။ အမှုအနေနဲ့ ပြောရရင် တစ်ခုပဲ တပ်ထားတယ်။ သွင်းကုန်ထုတ်ကုန် ပုဒ်မ ၈ က ပြစ်ဒဏ်က သုံးနှစ်အထိ ရှိတယ်။ အရင် ၆၆ (ဃ) တွေလိုပေါ့။ အာမခံက ပေးမလား၊ မပေးဘူးလား ဆိုတာကတော့ တရားသူကြီးအပေါ်မှာ မူတည်တာပေါ့။ အာမခံအတွက် ပထမဆုံး လုံးပန်းရမှာပေါ့။ ရဲအရေးပိုင်နဲ့အမှု ဖြစ်တဲ့အတွက် ရမန်ယူနိုင်တယ်။ ရမန်ကြီး တစ်ပတ် ၁၅ ရက် ယူထားနိုင်တယ်။ ရမန်ကြီးမှာလည်း ကျွန်တော်တို့ အာမခံရဖို့ ကြိုးစားမယ်ပေါ့။ အာမခံရအောင် လုပ်မယ်။ ကျန်တဲ့နှစ်ယောက် အတွက်ကတော့ သူတို့တွေ သံရုံးတွေကတစ်ဆင့် ဆက်သွယ်လာရင်လည်း ကူညီပေးမယ်” ဟု ပြောကြားသည်။

လက်ရှိတွင် သက်ဆိုင်ရာ သတင်းဌာနနှင့် အဆက်အသွယ်ရရှိပြီး သံရုံးမှ ဆက်သွယ်လာခြင်း မရှိသေးသည့်အတွက် နိုင်ငံခြားသား နှစ်ဦးအား ရှေ့နေငှားရမ်းပေးရန် အခက်အခဲ ရှိနေကြောင်း ကိုရဲထူးက ပြောကြားသည်။

တူရကီ အခြေစိုက် စင်ကာပူရုံးခွဲ TRT သတင်းဌာနမှ မလေးရှားနိုင်ငံသူ Mok Choy Lin နှင့် Lauhon Meng တို့မှာ ဗီဇာသက်တမ်းမှာ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၁ ရက်မှ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၈ ရက်အထိ နေထိုင်ခွင့် ရရှိသူများဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းချက်အရ မြန်မာနိုင်ငံ၏ ရှုခင်းများ၊ လှပသော အဆောက်အအုံများ၊ ဘုရားစေတီများနှင့် လွှတ်တော် အဆောက်အအုံတို့ကို ရိုက်ခြင်းဖြစ်ကြောင်း၊ ဒေါက်တာအေးမောင်နှင့် မတွေ့ဖြစ်သဖြင့် လွှတ်တော်အဆောက်အအုံကို ရိုက်ရန်အတွက် Drone လွှတ်တင်စဉ် လှည့်ကင်းအဖွဲ့၏ စစ်ဆေးခံရခြင်းဖြစ်ကြောင်း စကားပြန် အောင်နိုင်စိုး (ခ) ရာကွတ်က အမှတ် (၅) ရဲစခန်းတွင် ထွက်ဆိုထားကြောင်း သိရသည်။

Most Read

Most Recent