ဘင်္ဂါလီဒုက္ခသည် အကျပ်အတည်းကို လက်တွေ့ကျကျ ဖြေရှင်းရန်လိုအပ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ပြောကြား

ဘင်္ဂါလီဒုက္ခသည် အကျပ်အတည်းကို လက်တွေ့ကျကျ ဖြေရှင်းရန်လိုအပ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် ပြောကြား
Published 29 October 2017

ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု သုံးနှုန်းထား) ဒုက္ခသည်အကျပ်အတည်းကို လက်တွေ့ကျကျ ဖြေရှင်းရန်လိုအပ်ကြောင်း အိန္ဒိယနိုင်ငံခြားရေး အတွင်းဝန် S.Jaishankar ကပြောကြားခဲ့ကြောင်း www.scroll.in ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်အရ သိရသည်။

၎င်းက အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့သည် အဆိုပါအရေးနှင့် ပတ်သက်၍ အဆင့်မြင့်အစည်းအဝေးများ ပြုလုပ်နေကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယအနေဖြင့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် နေထိုင်နေသည့် ဘင်္ဂါလီဒုက္ခသည်များ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်သို့ ပြန်သွားနိုင်ရေး နည်းလမ်းများကို လေ့လာနေကြောင်း ၎င်းကပြောကြားခဲ့သည်။

အဆိုပါပြဿနာကို လက်တွေ့ကျကျ ဖြေရှင်းသင့်ကြောင်းနှင့် ပြစ်တင်ဝေဖန်ရှုတ်ချရုံဖြင့် မလုံလောက်ကြောင်းလည်း ၎င်းကဆိုသည်။

ဘင်္ဂါလီ ဒုက္ခသည်အကျပ်အတည်းကို ဖြေရှင်းရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား ဖျန်ဖြေသူအဖြစ် ဆောင်ရွက်ရန် အစိုးရအနေဖြင့် အစီအစဉ်မရှိကြောင်း အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း Sputnik သတင်းတွင်ဖော်ပြချက်အရ သိရသည်။

အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကို တုံ့ပြန်သည့် မြန်မာတပ်မတော်၏ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုကြောင့် သြဂုတ် ၂၅ ရက်နောက်ပိုင်း မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် ဒုက္ခသည်များအရေးကို ကိုင်တွယ်ဖြေရှင်းရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှု အကူအညီများသာ ပံ့ပိုးသွားမည်ဖြစ်ကြောင်း အိန္ဒိယက ပြောကြားခဲ့သည်။

မိမိတို့အနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကို အာရုံစိုက်ထားပါကြောင်း၊ ကယ်ဆယ်ရေးပစ္စည်းများကို သုံးခေါက်ပေးပို့ပြီးဖြစ်ပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေရပ်စွန့်ခွာ ရွှေ့ပြောင်းလာသည့်မိသားစုများ အသုံးပြုမည့်ပစ္စည်းများပါဝင်သည့် မိသားစုအထုပ် ထောင်ပေါင်းများစွာကို ပေးပို့ပြီးဖြစ်ပါကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ARSA ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်ဖျက်ဆီးမှုကို တုံ့ပြန်သည့် မြန်မာတပ်မတော်၏ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုကြောင့် သြဂုတ် ၂၅ ရက်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသည့် ဘင်္ဂါလီဒုက္ခသည်ဦးရေသည် ခြောက်သိန်းခန့် ရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂက ပြောကြားထားသည်။

ယင်းအတွက် အမေရိကန်၊ အနောက်ဘက်ဥရောပနိုင်ငံများနှင့် အစ္စလာမ်နိုင်ငံအချို့က မြန်မာတပ်မတော်ကို ပြစ်တင်ဝေဖန်မှုများရှိခဲ့ပြီး အိန္ဒိယနိုင်ငံအပါအဝင် ရုရှားနှင့်တရုတ်တို့က နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာအာဏာပိုင်များကို အလွန်အကြူး ဖိအားပေးမှုများမပြုလုပ်ရန် တိုက်တွန်းထားသည်။

Most Read

Most Recent