ကျွန်တော်နှင့် အရည်မရ အဖတ်မရ ကိစ္စ

ကျွန်တော်နှင့် အရည်မရ အဖတ်မရ ကိစ္စ
Published 18 October 2018
လင်းသက်ငြိမ်

စာအုပ်ဖတ်နေရင်း လည်ချောင်းထဲကျသွားတဲ့ နှပ်ဆေးရည်တွေကြောင့် ပျို့တက်လာတယ်။ အန်လို့လည်းမထွက်။ ချွေးစေးတွေ ပြန်လာတယ်။ ဒီလိုအခိုက်အတန့်မှာ ကွမ်းယာကို မစားတော့ဘူးလို့ ခဏခဏဆုံးဖြတ်လေ့ ရှိပေမယ့် နောက်ရက်တွေကျတော့လည်း ဆက်စားဖြစ်တာပါပဲ။ ကျွန်တော်စားတဲ့ ကွမ်းယာက ဗမာဆေးပါးပါး နှပ်ဆေးရည်ရွှဲရွှဲနဲ့ အုန်းသီးစိမ်းထည့်စားတာပါပဲ။ ကွမ်းယာကို အသက် ၂၀ ကျော်လောက်ကနေ မပြတ်စားမိတယ်လို့ ထင်ပါတယ်။ ငယ်ငယ်က ကွမ်းယာစ စားဖူးတာကတော့ အဘိုးကြောင့်ပါ။ ကျွန်တော် သွားနာတော့ အဘိုးက ကွမ်းယာစားရင် သက်သာတယ်။ ကွမ်းယာစားမလားငါ့မြေးဆိုပြီး အဘိုးက သူ့ကွမ်းအစ်ထဲကကွမ်းကို သူကိုယ်တိုင်ယာ ကျွေးပြီးမှ အမေ့ကို နင့်သား ကွမ်းယာတွေ စားနေတယ်ဆိုပြီး ပြန်တိုင်လို့ အရိုက်ခံခဲ့ရတာကိုလည်း မှတ်မိပါသေးတယ်။ အမေ့ကိုကြောက်လို့ အိမ်က ကွမ်းအစ်ကို မထိရဲတော့တဲ့ကျွန်တော် အိမ်နဲ့ဝေးတဲ့ မြို့က ကားအလိုင်းမင့် အလုပ်ရုံရောက်တော့ ကွမ်းစားတဲ့အကျင့် ပြန်ရလာတယ်။

ကားလာပြင်တဲ့ကားသမားတွေက သူတို့ကားကို ကောင်းကောင်းလုပ်ပေးဖို့ ကွမ်းယာတွေနဲ့ လာဘ်ထိုးတော့ တစ်ယာစ၊ နှစ်ယာစကနေ စစားဖြစ်လာတာပါပဲ။ ကွမ်းတို့၊ ဆေးလိပ်တို့ဆိုတာကလည်း မစွဲခင်ကသာ တိုက်မယ့်လူ၊ ကျွေးမယ့်လူ ပေါတာ။ စွဲလည်းစွဲရော ပေးမယ့်ကျွေးမယ့်လူ ရှားလာတာပဲ။ ကောလင်းမှာ အလုပ်လုပ်တုန်းက သိပ်မသိသာဘူး။ အလုပ်ရှိရင် အိမ်ရှင်က အလုပ်သမားတွေကို ကွမ်းဆိုကွမ်း၊ ဆေးလိပ်ဆိုဆေးလိပ် မပြတ်စေရဘူးဆိုတော့။ နယ်မြို့နဲ့ မြို့ကြီး ကွာခြားချက်က အဲဒီနေရာမှာ သိပ်သိသာလွန်းတယ်ထင်တာပဲ။ မနက်အလုပ်ဝင်ဖို့ အိမ်ရောက်လာရင် ထမင်းကြော်၊ ခေါစီ၊ လက်ဖက်ရည်၊ ကော်ဖီ၊ ကွမ်းယာ၊ ဆေးလိပ်။ နေ့လယ်ခင်းဆို ထမင်းကျွေးတယ်။ ညနေပိုင်းဆို အကြော်၊ လက်ဖက်သုပ် လိုလေသေးမရှိ ကျွေးမွေးလေ့ရှိတာ နယ်မြို့မှာပဲရှိတဲ့ ယဉ်ကျေးမှု။ ဆေးလိပ်ကုန်ရင်သွားဝယ်။ ကွမ်းယာကုန်ရင် သွားဝယ်။ လေးငါးရက် အလုပ်လုပ်ရင် လေးငါးရက်ဆက်တိုက် တစ်ရက်မှမပြတ်။ မြို့ကြီးက အလုပ်သမားဆိုတာ ရေတောင် ကိုယ့်ဘာသာ ဘူးနဲ့ထည့်ခဲ့။ မပါလာရင် ဝယ်သောက်ပဲ။

ကွမ်းစားတတ်လာပြီး တစ်ရက် လေး၊ ငါးခြောက်ရာ အပိုထွက်ငွေတွေ တိုးလာတယ်။ စာအုပ်ဆိုင်ကလေးဖွင့်ဖြစ်တော ့ကိုယ်လည်းကွမ်းစား၊ ကိုယ့်သူငယ်ချင်းတွေလည်း ကွမ်းစားတော့ အလုပ်ဖြစ်မယ်ထင်ပြီး ကွမ်းယာခုံလေးတစ်ခုံထုတ်ပြီး ကွမ်းယာရောင်း ဖြစ်ခဲ့ပါသေးတယ်။ မစွံ။ ကိုယ်စားတာရယ်၊ သူငယ်ချင်းတွေ လာစားတာရယ်နဲ့ အရင်းက ခဏခဏပြုတ်။ နောက်တော့ ကွမ်းယာခုံပါ သိမ်းလိုက်ရတော့တယ်။ ကွမ်းစားရတာကို မြန်မာဆန်တယ် ဘာညာနဲ့ ရှာကြံပြီးလည်း ဂုဏ်ယူခဲ့မိသေးတယ်။ ကွမ်းစားရတာကို စိတ်ပျက်မိတဲ့အချိန်တွေက ခရီးသွားလို့ ကားတို့၊ ရထားတို့စီးရတဲ့အခါပါပဲ။ ကွမ်းတံတွေးထွေးဖို့ အတော်ဒုက္ခရောက်ရတယ်။ အိတ်တို့၊ ရေသန့်ဘူးခွံတို့ ဆောင်ရတာလည်း အတော် အလုပ်ရှုပ်တဲ့ကိစ္စ။ တစ်ခုသတိထားမိတာကတော့ ကွမ်းတံတွေးထွေးတဲ့အခါ သန့်ရှင်းနေတဲ့နေရာဆို ထွေးရတာ ရှက်ရွံ့မိပြီး ညစ်ပတ် တဲ့နေရာဆို လွယ်လွယ်ကူ ထွေးမိတယ်ဆိုတာကိုပဲ။ မလွှဲသာ မရှောင်သာ ကားပေါ်၊ ဆိုင်ကယ်ပေါ်ကနေ ကတ္တရာလမ်းမပေါ် ထွေးလိုက်မိရင် ကိုယ့်ကိုယ်ကိုယ် လိပ်ပြာမလုံသလိုကြီး ခံစားရတယ်။ ကွမ်းတံတွေးဆိုတာကလည်း ကိုယ့်ပါးစပ်ထဲက ထွေးလိုက်တယ် ဆိုပေမယ့်လည်း အပြင်ရောက်သွားတဲ့အခါကျ အလွန်အော်ဂလီဆန်စရာကြီးပဲကို။ ခြောက်သွားရင် သိပ်မဆိုးရွားပေမယ့် ထွေးပြီးခါစဆို တကယ်စိတ်ပျက်စရာ။ မြို့ကြီးတစ်မြို့မှာ အလုပ်သွားလုပ်တဲ့အခါကျ ကျွန်တော် ကွမ်းယာကိုစွဲနေပါပြီ။ သူငယ်ချင်းတွေက မင်းကွမ်းယာဘာလို့ စွဲနေတာလဲလို့မေးရင် “ဘဝက ခံပြင်းစရာ၊ မကျေနပ်စရာတွေနဲ့ ပြည့်နေတော့ အံကိုမကြာခဏ ကြိတ်မိတယ်။ ကိုယ်အံကြိတ်တာကို လူမသိအောင် ကွမ်းယာစားဖြစ်တယ်ပေါ့ကွာ” ဘာညာ လျှောက်ပြောတာပဲ။ မြို့ကြီးမှာက ကွမ်းတစ်ယာကို ငါးဆယ် ပေးစားရတော့ ငွေအတော်ထိပါတယ်။ တစ်ရက်ကို တစ်ထောင်၊ ထောင့်ငါးရာဆိုတာ ကွမ်းယာအတွက် ပုံမှန်ထွက်ငွေပါပဲ။ ကိုယ့်ဝင်ငွေက တစ်ရက်ကို ငါးထောင်။ ဒါတောင် တစ်လကုန်မှ တစ်လရှင်းရတာ။ လစာကလည်း ပုံမှန်ထုတ်မရတော့ ကွမ်းဆိုင်မှာ အကြွေးထားလာရတယ်။ တစ်ခါတစ်ခါ စုရှင်းရင် ၅၀၀၀၊ ၁၀၀၀၀ က အနည်းဆုံးပဲ။ တခြားငွေကြေး အပိုသုံးသိပ်မရှိပေမယ့် ဖုန်းဘေရယ်၊ လက်ဖက်ရည်ဖိုးရယ်၊ ကွမ်းဖိုးရယ်နဲ့ ကျွန်တော့်လက်ထဲက ပိုက်ဆံကြာကြာမခံပါ။ ဖြတ်ဖို့တွေးပြီး နေကြည့်ပေမယ့်လည်း စိတ်ညစ်လာရင်ဖြစ်စေ၊ တစ်ခုတစ်ခု စိတ်ထဲခုနေရင် ကွမ်းယာဆိုင်ဘက် ခြေဦးလှည့်မိတော့တာပဲ။ ကွမ်းသံသရာက အဲဒီလို လည်နေခဲ့တယ်။

ကွမ်းယာရောင်းတာကို အရင်က မိန်းကလေးငယ်ငယ်တွေ ရောင်းလေ့ရှိတယ်လို့ ပြောကြပေမယ့် အခုတော့ယောကျ်ားတွေပါ ရောင်းလာကြတယ်။ နည်းနည်းရိုင်းတဲ့ စကားတစ်ခုကြားဖူးသေးတယ် လင်မရတတ် ကွမ်းရောင်းဆိုလားပဲ။ ကွမ်းယာရောင်းတဲ့ မိန်းကလေးတွေ အရင်က အထင်မကြီးတတ်ကြပေမယ့် အခုခေတ်မှာတော့ သူတို့က အလုပ်ဖြစ်ကြပါတယ်။ ကျွန်တော် အလုပ်လုပ်နေတဲ့မြို့က ကွမ်းယာဆိုင်ဆို ဆိုင်ခွဲတွေ လေး၊ ငါး ခြောက်ဆိုင်နဲ့ တစ်ရက်ကို ၁၀ သိန်း၊ ၁၅ သိန်း ဝင်ငွေရှိတယ်လို့ သိရတယ်။ ရောင်းကောင်းတာလည်း မပြောနဲ့ ကွမ်းယာဆိုင် တစ်ဆိုင်မှာ ကွမ်းယာတဲ့မိန်းကလေး ခြောက်ယောက်လောက်ရှိတယ်။ ဒါတောင် လက်မလည်လို့ ကွမ်းဝယ်တိုင်း စောင့်ရလေ့ရှိတယ်။ ဒါတောင် ကွမ်းယာတစ်မျိုးတည်း ရောင်းတာနော်။ ဆေးလိပ်တွေ၊ နေကြာစေ့တွေတောင် တင်မရောင်းဘူး။ ကွမ်းကလည်း တကယ်စားကောင်းတယ်။ အဲဒီဆိုင်က ကွမ်းယာကိုစားပြီးရင် တခြားဘယ်ဆိုင်ကကွမ်းမှ စားလို့မရတော့ဘူး။ ကျွန်တော်အလုပ်လုပ်တဲ့မြို့က ကုန်ကူးကုန်သန်း ယာဉ်တွေများတော့ ကားသမားတစ်ယောက်လာမှာရင် ၅၀၀၀ ဖိုး၊ ၁၀၀၀၀ ဖိုးဆိုတော့ သူတို့ဝင်ငွေကိုတွက်ကြည့်ပေါ့။ ဥပဒေနဲ့လည်း လွတ်ကင်းပြီး ဘယ်သူနဲ့မှလည်း ယှဉ်ပြိုင်တိုက်ခိုက်စရာ မလိုတဲ့ စီးပွားရေးလုပ်ငန်းပါပဲ။ အဲဒီဆိုင်က ကွမ်းရောင်းတဲ့ မိန်းကလေးတွေက ကွမ်းယာဖို့သက်သက်ပါပဲ။ ထုံးတို့၊ ဆေးတို့ သန့်စင်ပြီးသား ကွမ်းရွက်တို့နဲ့ မနက်ကျကားနဲ့ထွက်လာ ဆိုင်ဖွင့်ရောင်း။ နေ့လယ်ဘက် ထုံးလိုရင် ပိုင်ရှင်က ကားနဲ့လာပို့။ ညနေဆိုင်သိမ်းချိန်ကျ လာကြိုတဲ့ကားနဲ့ပြန်လိုက်။ ကံတည့်တာပေါ့ကွာလို့ပြောရင်လည်း တကယ်ငေးရလောက်တဲ့ ကံပဲမဟုတ်လား။ အိမ်ဝင်းတွေအများကြီး၊ ဆိုင်ခွဲတွေအများကြီးနဲ့ ကွမ်းယာရောင်းရင်း အောင်မြင်နေပုံများ။

လွှတ်တော်ထဲက ကွမ်းယာကိစ္စဘာညာ အသံထွက်လာတော့ ကွမ်းသမားကျွန်တော် ကွမ်းဖြတ်ရမှာကိုတွေးပြီး လန့်မိသေးတယ်။ အသံဆိုတာကလည်း အသံဆိုတော့ ပြန်ငြိမ်သွားလို့ တော်ပါသေးရဲ့။ ကွမ်းယာဖိုးနဲ့ ဝင်ငွေနဲ့ အဆင်မပြေတော့ “မင်းတို့က ကွမ်းဝါးတာကွ ငါတို့က ကွမ်းစားတာ” ဆိုတဲ့ အဖေ့ရဲ့ စကားကို သတိရမိပါတယ်။ ကျွန်တော့်အဘိုးလည်း ကွမ်းစားပါတယ်။ ကျွန်တော့်အဖေလည်း ကွမ်းစားပါတယ်။ သူတို့က ကွမ်းအစ်နဲ့စားတာပါ။ စားရင်လည်း ထုံး၊ ဆေး၊ ကွမ်းသီးနှစ်စိတ်၊ သုံးစိတ်လောက်နဲ့ တစ်နေကုန် မြုံ့နေတာပဲ။ တစ်ရက်မှ နှစ်ယာ၊ သုံးယာကုန်တာရယ်။ အဲဒီလို ငုံတာက အခုခေတ်ဆေးတွေနဲ့ဆို အန္တရာယ်များမယ့်ပုံပါပဲ။ ကျွန်တော့်မိတ်ဆွေ ဦးလေးကြီးတစ်ယောက် ပြောဖူးတာကတော့ “မင်း ကွမ်းစားမယ်ဆို ပိုက်ဆံကိုတော့ မနှမြောနဲ့ ငုံမထားနဲ့၊ မြုံမထားနဲ့ ၀ါးပစ်။ ပြီးရင် ထွေးပစ်လိုက်။ အဲဒါ အန္တရာယ်ကင်းတယ်” တဲ့။ ဟုတ်လည်း ဟုတ်မှာပါပဲ။ ကွမ်းသီးကို ဓာတုဆေးနဲ့စိမ်တာတို့ ဆေးတွေမှာ ဓာတုဆေးတွေပါတာတို့ ကျွန်တော်တို့ ကြားနေကြရတာပဲ။ ပါးစောင်ကင်ဆာ၊ သွားနဲ့ခံတွင်း ရောဂါတွေလည်း မြင်ရကြားနေရတာပဲ။ ဒါပေမဲ့ ကျွန်တော် ကွမ်းမပြတ်သေးပါ။

တံတားဦးက ကွမ်းနုဝါ ငါန်းမြာကဆေး ကွမ်းသီးတောင်ငူနှင့် ကိုင်းထုံးဖြူ ပြည်သျှား သာဝါးလို့ထွေး ဆိုတဲ့ လူဦးမင်းရဲ့ဒွေးချိုးလည်း ရှိခဲ့တော့ အရည်မရအဖတ်မရ ကွမ်းယာရဲ့သမိုင်းကလည်း မသေးဘူးမဟုတ်လား။ ကလျာမဂ္ဂဇင်း စာရေးဆရာ အဆိုတော်မင်းသားကြီးရဲ့ ကွမ်းစကားတွေကလည်း စွဲရသေး အရည်မရ အဖတ်မရပေမယ့် ရသတစ်ခုခုတော့ပေးစွမ်းတဲ့ ကွမ်းယာတဲ့။ ယိုးဒယားတွေလည်း ကွမ်းစားတယ်ဆိုပေမယ့် အခုတော့ မစားကြတော့ဘူးလို့ ဆရာမောင်သာချိုရဲ့ ဟောပြောပွဲတစ်ခုထဲ ကြားဖူးတယ်။ ကွမ်းတဗျစ်ဗျစ်နဲ့ဆို မြန်မာပဲတဲ့။ ကျွန်တော်ရူးတဲ့ ရောခ့်ကာတွေလည်း ကွမ်းစားကြတာပဲ။ စည်းကမ်းမဲ့ ကွမ်းတံတွေးထွေးတာက ရှက်ဖွယ်ရာ၊ လူကြားသူကြားထဲ ကွမ်းစားရင်း ရောက်ရင်လည်း မသက်သာ။ ကိုယ်ကြိုက်လို့ ကိုယ်စားတာပဲဆိုပေမယ့် သူတစ်ပါးအတွက် စိတ်အနှောင့်အယှက် မဖြစ်ဖို့လည်းလိုတယ် မဟုတ်လား။ ကျွန်တော်ကိုယ်တိုင်လည်း အတတ်နိုင်ဆုံး ဆင်ခြင်ပေမယ့် မလွှဲသာ မရှောင်သာရင် ထွေးပစ်မိတာပါပဲ။ လုံးဝထွေးဖို့နေရာ အဆင်မပြေတာမျိုး၊ လူကြီးတွေ စကားဝိုင်းထဲ ရောက်နေတာမျိုးတွေမှာ မျိုချမိရင် အတော်အဆင်မပြေဖြစ်ရတယ်။ ဘယ်လိုပဲ သေသပ်အောင် သတိထားပေမယ့်လည်း အကျႌအဝတ်အစားတွေမှာ ကွမ်းသွေးကွက်တွေ စွန်းနေတတ်ပါတယ်။ အကျႌအဖြူ သိပ်ကြိုက်တဲ့ကျွန်တော်။ အကျႌအဖြူကို ဝတ်ဖို့ တွန့်နေမိတာလည်း ကြာပါပြီ။

ဒီရက်ပိုင်းတွေထဲ ကွမ်းယာဖြတ်ဖို့ ပြန်ကြိုးစားနေမိတယ်။ ကွမ်းစားလာတာ ငါးနှစ်လောက် ရှိပြီဆိုတော့ နားရတော့မယ်လေ။ ကိုယ်ကစပြီး ပြောင်းလဲနေပြီလို့ လူတွင်ကျယ် လုပ်ချင်တာ မဟုတ်ပေမယ့် ကွမ်းယာစားတာက သိပ်အဆင်မပြေတော့ဘူး။ နဂိုက မကောင်းတဲ့ အံသွားတွေက အခေါင်းပေါက်တွေ ဖြစ်နေပြီ။ ကွမ်းစားများတော့ သွားတိုက်ပြီးလည်း နီကြောင်ကြောင်နဲ့ ပင်ကိုအရောင်မရှိတဲ့ သွားတွေကလည်း အရုပ်ဆိုးတယ်။ တစ်ခုရှိတာက စိတ်စွဲကြောင့်လားတော့ မသိဘူး။ ကွမ်းယာမစားဘဲနေကြည့်တိုင်း သွားတွေက နာနာလာတတ်တာပဲ။ အဲဒီအချက်ကလည်း ကျွန်တော် ကွမ်းမပြတ်ရခြင်းရဲ့ အဓိကအချက်တစ်ခု။ ပြီးတော့ အရက်သမားတွေ လက်တုန်သလို လေပျို့သလို၊ ဆေးသမားတွေ ဆေးဖြတ်ရင် ယင်းထသလို တစ်ခုခုစားပြီးတိုင်း ခံတွင်းချဉ်လာတာ တစ်ခုခုဟာတာတာကြီး ခံစားရတာ၊ စိတ်အလိုမကျတာ၊ ဒေါသထွက်လွယ်တာ ကွမ်းဖြတ်ရတာလည်း သိပ်မသက်သာလှပါဘူး။ ခံတွင်းချဉ်တိုင်း ရေထသောက် ရေထသောက်ပြီး ခံတွင်းချဉ် သံသရာရှည်ပေစွ။ ဒါပေမဲ့ အခုတော့ ကျွန်တော်ကွမ်းယာဖြတ်ဖို့ တွေးနေမိပါတယ်။ ကွမ်းနဲ့ပတ်သက်တဲ့ ရောဂါတွေမြင်ရင်လည်း ကြက်သီးထရ။ စာအုပ်ဖတ်တဲ့အခါ ကွမ်းထထထွေးရ၊ ထမင်းစားခါနီးတိုင်း ပလုတ်ကျင်းရ။ သက်သက် အလုပ်ပိုတစ်ခုပဲ မဟုတ်လား။ နေရာတကာ ကွမ်းတဗျစ်ဗျစ်နဲ့ကလည်း ရှက်စရာ။ ဒါပေမဲ့ စိတ်ပေါ့ဗျာ။ သွားမစနဲ့ စွဲတတ်တယ်ဆိုတာကို ဂရုမစိုက်ဘဲ စမိစွဲမိခဲ့ခြင်းရဲ့ ဒုက္ခကလည်း မသေးလှဘူး။ ငါနေ့တိုင်းစားနေတာ ဘယ်မှာစွဲလို့လည်းလို့ ဟာသလုပ် ပြောရအောင်ကလည်း ကိုယ့်အကြောင်းကိုယ် အသိဆုံးပဲလေ။ ညအိပ်ခါနီးတောင် ကွမ်းမစားရရင် အဆင်မပြေတဲ့အထိဖြစ်နေတော့ မခက်ဘူးလား။ အရိယာသူတော်စင်တွေကိုလည်း ဒီတစ်ချက်တည်းတင် ကြည်ညိုမဆုံး ဖြစ်ရတယ်။ ကိုယ့်မှာက ဒီကွမ်းယာလေးဖြတ်တဲ့ကိစ္စတောင် ခက်ခက်ခဲခဲ မဟုတ်လား။

Most Read

Most Recent