ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ဖမ်းဆီးခံထားရသည့် NLD မြို့နယ်အလုပ်အမှုဆောင်နှစ်ဦး အာမခံရရှိ

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ဖမ်းဆီးခံထားရသည့် NLD မြို့နယ်အလုပ်အမှုဆောင်နှစ်ဦး အာမခံရရှိ
Published 31 July 2017

ဆက်သွယ်ရေးဥပဒေပဒေပုဒ်မ ၆၆ (ဃ) ဖြင့် ဖမ်းဆီးခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲချုပ်၏ မြို့နယ်အလုပ်မှုဆောင် နှစ်ဦး အာမခံရရှိခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ လယ်ဝေးမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ မြို့နယ်အလုပ်အမှုဆောင်နှစ်ဦးအား ဇူလိုင် ၃၁ ရက်က ရုံးထုတ်ရာတွင် မြို့နယ်တရားသူကြီးက အာမခံပေးခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ အာမခံပေးခြင်းမှာ တရားခံနှင့် တရားလိုမှာ သဟဇာတဖြစ်သည့် ပုဂ္ဂိုလ်များမဟုတ်သည့်အတွက် သက်သေများအား ဖျက်ဆီးရန် အကြောင်းမရှိခြင်း၊ အဆိုပါအမှုအတွက် ခိုင်လုံစွာ အာမခံမည့်သူများအား ရုံးတော်သို့ တင်ပြနိုင်ခဲ့သည့်အတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၇ ခြွင်းချက် ၁ အရ အာမခံပေးခဲ့ခြင်းဖြစ်ကြောင်း လယ်ဝေးမြို့နယ် တရားသူကြီး ဦးဝင်းဦးက ပြောကြားသည်။

၎င်းက “အာမခံပေးတယ် မပေးဘူးဆိုတာက တရားရုံးရဲ့ဆင်ခြင်တုံတရားရယ်၊ ရာဇဝတ်ကျင့်ထုံးဥပဒေမှာ ပြဋ္ဌာန်းထားချက်ရယ်၊ ဒီပေါ်မှာမူတည်ပါတယ်။ ရာဇဝတ်ကျင့်ထုံးဥပဒေမှာက အာမခံမပေးနိုင်တဲ့အမှု အမျိုးအစားထဲမှာ ပါသော်လည်းပဲ သေဒဏ်၊ တစ်ကျွန်း ဒဏ်ထိုက်သင့်တဲ့အမှုမျိုး မဟုတ်ဘူးဆိုရင် အမခံပေးနိုင်တယ်လို့ ပြထားပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီးတော့ ၆၆ (ဃ)က ပြစ်မှုအားဖြင့် သုံးနှစ်ထက်မပိုသော ပြစ်ဒဏ်သာ ပေးထိုက်တဲ့အတွက်ကြောင့် သူဟာ သေဒဏ်၊ တစ်ကျွန်းဒဏ်ထိုက်သင့်တဲ့အမှု အမျိုးအစားထဲမှာ မပါပါဘူး” ဟု ဆက်လက် ပြောကြားသည်။

အဆိုပါ ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်ခံရခြင်းမှာ လယ်ဝေးမြို့နယ် ဒလန့်ချွန်အုပ်စု ဘူတာစုရပ်ကွက်နေသူ ယခင်ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်း ဦးတင်ဌေးသည် ၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စု လွှတ်တော်ရန်ပုံငွေမှ ကျေးရွာဖွံ့ဖြိုးရေးအတွက် ကျပ်သိန်း ၆၀ ချထားပေးသည်ကို ဦးတင်ဌေးက ကျပ်သိန်း ၄၀ သာ အသုံးပြုပြီး ကျပ်သိန်း ၂၀ အား ကိုယ်ကျိုးအတွက် သုံးစွဲခဲ့သဖြင့် (ပ) ၁၀၁/၂၀၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့်ခံထားရပြီး လယ်ဝေးမြို့နယ်တရားရုံးသို့ တရားစွဲတင်ခဲ့ရာ ဦးတင်ဌေးအား ရုံးထုတ်စစ်ဆေးနေစဉ် ကာလအတွင်း ဒလန့်ချွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အလုပ်အမှုဆောင်ဦးကျော်မျိုးလွင်က ၎င်း၏လက်ကိုင်ဖုန်းဖြင့် တရားခံတင်ဌေးအား ဓာတ်ပုံရိုက်ယူခဲ့ကြောင်း သိရသည်။

ယင်းဓာတ်ပုံများအား လယ်ဝေးမြို့နယ် အေလာကျေးရွာမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အလုပ်အမှုဆောင် ဒေါ်သက်သက်မော်က လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တင်ခဲ့ပြီး ဦးကျော်မျိုးလွင်က ပြန်လည် Share ခဲ့သဖြင့် ဦးတင်ဌေး၏ ဦးလေးတော်စပ်သူ ဦးမောင်ဝင်းက သိက္ခာကျဆင်းစေရန် ပြုလုပ်သဖြင့် တရားလိုပြုလုပ်ကာ လယ်ဝေးမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

Writter: နေရိုင်း၊ ဇေယျာထွန်း

Most Read

Most Recent