ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးနှင့် အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်တို့အား ဖယ်ရှားပေးရေး ANP ပါတီရုံးရှေ့တွင် လူ ၁၀၀ ကျော် ဆန္ဒထုတ်ဖော်

ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးနှင့် အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်တို့အား ဖယ်ရှားပေးရေး ANP ပါတီရုံးရှေ့တွင် လူ ၁၀၀ ကျော် ဆန္ဒထုတ်ဖော်
Published 18 October 2017

ANP ပါတီရုံးရှေ့တွင် လူ ၁၀၀ ကျော် ဆန္ဒထုတ်ဖော်မှုတစ်ရပ်ကို အောက်တိုဘာ ၁၇ ရက်က ပြုလုပ်စဉ်

ရခိုင်အမျိုးသားပါတီ (ANP) ပါတီ၏ စစ်တွေမြို့နယ်အတွင်းရေးမှူး ဦးအောင်သန်းဝေအား ပါတီတွင်းမှ ထုတ်ပယ်ခြင်းနှင့် ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီမှ ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးနှင့် အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်တို့အား ဖယ်ရှားပေးရေး ANP ပါတီရုံးရှေ့တွင် လူ ၁၀၀ ကျော်တို့မှ ဆန္ဒထုတ်ဖော်မှုတစ်ရပ်ကို အောက်တိုဘာ ၁၇ ရက် နေ့လည်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်ပါဝင်သူ ဦးအောင်ကိုမိုးက “ဟုတ်ကဲ့ ကျွန်တော်တို့ဆန္ဒပြရတဲ့အထဲမှာ ကြွေးကြော်သံလေးချက်ကို အခြေခံပြီးပြတာဖြစ်ပါတယ်။ ပါတီရဲ့မြို့နယ် အတွင်းရေးမှူး ဦးအောင်သန်းဝေကို ဘာကြောင့် ထုတ်ပယ်လိုက်တယ်ဆိုတာတော့ ကျွန်တော်မသိဘူး။ သူတို့နှစ်ဦးနှစ်ဖက်သာ ပိုသိမှာဖြစ်ပါတယ်။ ဦးအောင်သန်းဝေက တိုက်တွန်းလို့လုပ်တာလည်း မဟုတ်ပါဘူး။ ဆန္ဒပြတဲ့ အဓိကအကြောင်းကတော့ ANP ပါတီပြိုကွဲလာမယ့် အခြေအနေကိုတွေးပူပြီး ခံစားလာမိတဲ့အတွက် ဆန္ဒပြရခြင်းဖြစ်ပါတယ်။ ANP ဟာ မြန်မာနိုင်ငံမှာ တတိယမဲအများဆုံး ပါတီဖြစ်တယ်။ ကမ္ဘာကလည်း စိတ်ဝင်စားတဲ့ပါတီဖြစ်တယ်။ နောင်တစ်ချိန်မှာ ပါတီတွင်းဖြစ်နေတဲ့ကဏ္ဍကြောင့် ပြိုကွဲသွားရင် ကျွန်တော်တို့တစ်မျိုးသားလုံး နှလုံးသားတွေ ပဲ့ထွက်သွားမှာကို စိုးရိမ်လို့ဆန္ဒပြရခြင်း ဖြစ်ပါတယ်” ဟုပြောကြားသည်။

ဆန္ဒထုတ်ဖော်ရာတွင် ANP ဖြိုခွဲမည့်အကြံ ငါဒို့လက်မခံ၊ ANP ဖြိုခွဲသူ ဒို့ရန်သူ၊ ANP ဖြိုခွဲသူ ဒုဥက္ကဋ္ဌ ခိုင်ပြည်စိုးနှင့် အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်တို့အား ဖယ်ရှားပေးရေး ဒို့အရေး၊ မြို့နယ်အတွင်းရေးမှူး ဦးအောင်သန်းဝေအား လုပ်ကြံထုတ်သူများ ANP ပါတီကထွက်ထွက် အစရှိသော ကြွေးကြော်သံများကိုလည်း ကြွေးကြော်ခဲ့ကြကြောင်း သိရှိရပြီးမိနစ် ၃၀ ခန့် ANP ပါတီဗဟိုဌာနချုပ်ရုံးရှေ့တွင် စီတန်းကြွေးကြော် ဆန္ဒထုတ်ဖော်ခဲ့ကြောင်းလည်း သိရသည်။

“ကျွန်တော်တို့ကတော့ အခုဆန္ဒပြတာကို ကြိုဆိုပါတယ်။ ဒီမိုကရေစီရဲ့လွပ်လပ်မှုကို ထင်ရှားအောင်ပြတာဖြစ်တယ်။ ကျွန်တော်တို့နှစ်ယောက်ကို နုတ်ထွက်ပေးရေးဆိုတာပါတယ်။ ဒါပေမဲ့ တကယ်တော့ ကျွန်တော်တို့လုပ်တဲ့အလုပ်တိုင်းမှာ တစ်ဦးကောင်းတစ်ယောက် ကောင်းလုပ်တာမပါဘူး။ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ တက်ရောက် ၂၁ ဦးက မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်တယ်။ ဦးအောင်သန်းဝေကို ပါတီရဲ့ပြစ်မှုပေါ်ပေါက်တဲ့အတွက် အရေးယူပေးဖို့ မဲခွဲခဲ့တာဖြစ်တယ်။ ဗဟိုအလုပ်အမှုဆောင်ကသာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်” ဟုလည်း ပါတီ၏အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောကြားသည်။

ထို့ပြင် ဥက္ကဋ္ဌဖြစ်သူ ဦးခိုင်ပြည်စိုးကလည်း အဆိုပါကိစ္စမှာ ပါတီကိစ္စသာဖြစ်ကြောင်း၊ အကယ်၍ မှားသည် မှန်သည်ဟု ပြောဆိုရာတွင် မကျေနပ်မှုများရှိပါက ပါတီသို့တရားဝင်စာတင်ကာ အရေးယူပေးရေး တောင်းဆိုရမည်ဖြစ်ကြောင်း၊ သို့မှသာ ပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီက ဆုံးဖြတ်ရမည့်ကိစ္စသာဖြစ်ကြောင်း၊ အခုဆန္ဒပြတဲ့အထဲမှာ ကျောင်းသားလူငယ်တွေပါတယ်။ ဘယ်ကလူတွေမှန်းလည်း မသိဘူး။ ဆန္ဒပြတဲ့ကိစ္စအပေါ်မှာတော့ ဘာမှပြောစရာမရှိကြောင်း ဆန္ဒပြသည်ကို ကြိုဆိုကြောင်းလည်း ပြောကြားသည်။

“ဦးအောင်သန်းဝေကို ပါတီကထုတ်ပယ်တဲ့ ဆုံးဖြတ်ချက်ဟာ ကျွန်တော်နဲ့ ဦးထွန်းအောင်ကျော် နှစ်ယောက်တည်းမှာ တာဝန်ရှိတာမဟုတ်ဘူး။ CEC တစ်ခုလုံးကနေ ဒီဟာကို လုပ်သင့် မလုပ်သင့် အကြိမ်ကြိမ် ဆွေးနွေးတိုင်ပင်ပြီးတော့ လျှို့ဝှက်မဲပေးပြီး မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အခုတော့ ကျွန်တော်တို့နှစ်ယောက်ကို စွဲချက်တင်တယ်ဆိုတာကတော့ တစ်ဖက်က ဖိအားပေးမှုတွေ၊ ကလိမ်ကကျစ်ကျမှုတွေ မလိုလားမှုတွေ ပါကြောင်းပါနိုင်တယ်လို့ သုံးသပ်မိပါတယ်” ဟုလည်း ဦးခိုင်ပြည်စိုးက ပြောကြားခဲ့သည်။

ANP ပါတီရုံးရှေ့တွင် ထိုသို့ဆန္ဒထုတ်ဖော်မှုသည် ရခိုင်ပြည်နယ်အတွင်း ပထမဆုံးအကြိမ် ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်းနှင့် ဦးအောင်သန်းဝေအား အောက်တိုဘာ ၁၃ ရက်က ပါတီမှ မဲခွဲထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent