အင်္ဂလန်အသင်းနိုင်ငံတော်သီချင်းသီဆိုချိန်တွင် ပရိသတ်များလှောင်ပြောင်မှုကြောင့် စပိန်အသင်း ဒဏ်ရိုက်ခံရဖွယ်ရှိနေ

အင်္ဂလန်အသင်းနိုင်ငံတော်သီချင်းသီဆိုချိန်တွင် ပရိသတ်များလှောင်ပြောင်မှုကြောင့် စပိန်အသင်း ဒဏ်ရိုက်ခံရဖွယ်ရှိနေ
Published 16 October 2018

 

UEFA Nations League အုပ်စုပွဲစဉ် စပိန် (၂-၃) အင်္ဂလန်ပွဲတွင် အင်္ဂလန်အသင်း နိုင်ငံတော်သီချင်းသီဆိုချိန်တွင် စပိန်ပရိသတ်အချို့ လှောင်ပြောင်ခဲ့ခြင်းအတွက် စပိန်အသင်းမှာ ဒဏ်ရိုက်ခံရဖွယ်ရှိနေကြောင်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၁၅) ရက်နေ့က ကစားခဲ့သော အဆိုပါပွဲစဉ် မတိုင်မီ အင်္ဂလန်အသင်းသည် နိုင်ငံတော်သီချင်းဖြစ်သည့် "God Save the Queen"ကို သီဆိုချိန်တွင် စပိန်ပရိသတ်အချို့က လှောင်ပြောင်ခဲ့ကြခြင်းဖြစ်သည်။ 

ယင်းဖြစ်ရပ်အတွက် လာလီဂါအဖွဲ့ချုပ်ဥက္ကဋ္ဌ တီဘက်စ်က အင်္ဂလန်အသင်းကို တောင်းပန်စကားဆိုခဲ့ပြီး၊ နောင်တွင် ယခုကဲ့သို့ ဖြစ်ရပ်မျိုး မဖြစ်ရအောင် ဂရုစိုက်သွားမည်ဟု ပြောကြားခဲ့သည်။

ဥရောပဘောလုံးအဖွဲ့ချုပ် UEFA သည် အဆိုပါဖြစ်ရပ်အတွက် စပိန်အသင်းကို သတိပေးမှုများပြုလုပ်ရန်နှင့် ဒဏ်ငွေတပ်ရိုက်ရန် သေချာသလောက်ရှိနေကြောင်း စပိန်သတင်းစာ MARCA က ဖော်ပြခဲ့သည်။ UEFA သည် လက်ရှိတွင် ပွဲအပြီးအစီအရင်ခံစာကို စောင့်ကြည့်လျက်ရှိကြောင်းလည်း သိရသည်။

စပိန်အသင်းသည် ၂၀၁၀ ခုနှစ်အတွင်းက ကစားခဲ့သော ယူရို-၂၀၁၂ ခြေစစ်ပွဲစဉ်တစ်ပွဲဖြစ်သည့် အိုင်ယာလန်နှင့် ပွဲစဉ်တွင်လည်း အိုင်ယာလန်အသင်း နိုင်ငံတော်သီချင်းဆိုနေစဉ် ပရိသတ်များ၏လှောင်ပြောင်မှုကြောင့် ဒဏ်ရိုက်ခံခဲ့ရဖူးကြောင်း သိရသည်။

စပိန်အသင်းပရိသတ်များအနေဖြင့် လာမည့်နိုင်ငံတကာပွဲစဉ်များတွင်လည်း ယခုကဲ့သို့ ဖြစ်ရပ်မျိုးထပ်မံကျူးလွန်ဦးမည်ဆိုပါက UEFA အနေဖြင့် စပိန်အသင်းကို အနာဂတ်တွင် ကွင်းပိတ်ပြစ်ဒဏ်အထိ ချမှတ်သွားဖွယ်ရှိနေကြောင်းလည်း သိရသည်။

Most Read

Most Recent