အကယ်ဒမီ ပြေတီဦးနှင့် တွေ့ဆုံခြင်း

အကယ်ဒမီ ပြေတီဦးနှင့် တွေ့ဆုံခြင်း
Published 16 October 2018
စုမှူးနိုင်

မြန်မာ့အနုပညာလောကမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေနဲ့အတူ အနုပညာအောင်မြင်မှုတွေလည်း အများကြီးရရှိထားသူ ထပ်ဆင့်အကယ်ဒမီ မင်းသားတစ်ဦးဖြစ်တဲ့ ပြေတီဦး ပါဝင်သရုပ်ဆောင်ထားတဲ့ ‘တစ္ဆေပါလာပြီ’ ဇာတ်ကားကို အောက်တိုဘာ ၁၉ ရက်ကစပြီး မြန်မာနိုင်ငံတစ်ဝန်းက ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မှာပါ။ နိုင်ငံခြားဒါရိုက်တာနဲ့ ရိုက်ထားတဲ့ ဇာတ်ကားဖြစ်သလို ပြေတီဦးအတွက်လည်း ဒီဇာတ်ကားက ပထမဆုံး သရဲရုပ်ရှင်ဇာတ်ကား ဖြစ်တာကြောင့် ဇာတ်ကားနဲ့ပတ်သတ်တဲ့ ကြိုးစားထားမှုတွေနဲ့ လက်တလော အနုပညာလှုပ်ရှားမှုတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။

■ မေး - တစ္ဆေပါလာပြီ ဇာတ်ကားမှာ ဘယ်လိုဇာတ်ကောင်မျိုးနဲ့ ပါဝင်ထားလဲ။

ဖြေ - ဒီဇာတ်ကားမှာက ကျွန်တော်က ဇာတ်လမ်း၊ ဇာတ်ညွှန်းရေးနေတဲ့ လူငယ်တစ်ယောက်အနေနဲ့ပါပဲ။

■ မေး - ဇာတ်ကားကို ပြန်ကြည့်တဲ့အခါ ဘယ်လိုခံစားရလဲ။

ဖြေ - ပြန်ကြည့်တဲ့အခါ၊ ကြက်သီးတွေထတယ်။ ကြောက်စရာကောင်းတာလည်း ပါတယ်။

■ မေး - ဒီဇာတ်ကား ရိုက်ကူးတုန်းက အတွေ့အကြုံတွေကိုလည်း ပြောပြပေးပါဦး။

ဖြေ - ဒီဇာတ်ကားရိုက်ခဲ့ရတာ တော်တော်ပင်ပန်းပါတယ်။ အရမ်းပူနေတဲ့အချိန်လည်းဖြစ်သလို အခန်းကလည်း ဆက်တင်ဆောက်ထားပြီး ရိုက်ရတာမျိုးဖြစ်သလို သူတို့ရဲ့ မီးစနစ်ကလည်း ကိုယ်တွေနဲ့မတူတာလေးတွေ ရှိတယ်။ နောက်ပြီး ဒီဇာတ်ကားက တစ်ကားလုံးမှာ အဝတ်အစားက တစ်ထည်တည်းပဲ ဝတ်ရတယ်။ ရိုက်ကူးတဲ့အခါမှာ ဇာတ်လမ်း အမျိုးအစားအရသူက အခန်းစဉ်အတိုင်း ဆက်တိုက်ရိုက်သွားရတာမျိုးလေ။ အဲဒီအတွက် ကျွန်တော်တို့တွေက အကျႌကိုမလျှော်ဘဲ တစ်ကားလုံး ပြန်ဝတ်ရတယ်။ ရိုက်ကူးတဲ့ကာလတစ်လျှောက်မှာလည်း လူက ထိခိုက်တာတွေနဲ့ဆိုတော့ ဒဏ်ကြေဆေးတွေ လိမ်းရ ဆေးထိုးရနဲ့ပဲ။ နောက်ပြီး သရဲဝင်ပူးတဲ့ အခန်းတွေဆိုရင် ကိုယ်တွေက စိတ်ကိုရော ခန္ဓာကိုယ်ကိုပါ အားစိုက်ပြီးလုပ်ရတာမျိုးတွေလေ။ နောက်ပြီး ဇာတ်ကားက အစဉ်အတိုင်းရိုက်တာဖြစ်လို့ မနေ့ကအခန်းမှာ ကိုယ်က အရမ်းပင်ပန်းထားပြီဆိုရင် ဒီနေ့ရိုက်ကူးရေး မစခင်မှာလည်း ကိုယ့်ကိုယ်ကိုယ် ညစ်ပတ်အောင်နေရတယ်။ စိတ်ကိုလည်း ညစ်နွမ်းလာအောင် ပြန်လုပ်ရတယ်။ အဲဒီလိုဖြစ်နေတဲ့အချိန် မနေ့က အဝတ်အဟောင်းကိုပြန်ဝတ်တော့မှ ကိုယ့်အတွက် မနေ့က ပြီးခဲ့တဲ့အခန်းကို ပြန်ဆက်ရိုက်ဖို့ ခံစားမှုက ပြန်ဝင်တာဆိုတော့ ဒီဇာတ်ကားရိုက်တဲ့အခါမှာလည်း ကိုယ်တွေက စိတ်လည်း ပင်ပန်းရတယ်။

■ မေး - တစ္ဆေပါလာပြီ ဇာတ်ကားမှာ နိုင်ငံခြားသား ဒါရိုက်တာရိုက်တာဖြစ်လို့ ဘယ်လိုအခက်အခဲတွေ ကြုံရသေးလဲ။

ဖြေ - အဓိက အခက်အခဲကတော့ ဘာသာစကားပါပဲ။ ဘာသာစကား အခက်အခဲ နည်းနည်းရှိခဲ့တယ်။ နောက်ပြီး ဇာတ်လမ်းအပေါ်မှာ သူတို့ဘက်က ထည့်ချင်တဲ့ အကြောင်းအရာတချို့က ကိုယ့်နိုင်ငံ ကိုယ့်ဘာသာ၊ ကိုယ့်ယဉ်ကျေးမှုအရ အဆင်မပြေတာလေးတွေရှိတဲ့ အပေါ်မှာလည်း သေချာပြန်ပြီး ပြင်ဆင်ညှိနှိုင်းရတယ်။ ကျန်တာကတော့ မရိုက်ကူးခင်မှာလည်း ပြင်ဆင်မှုတွေလုပ်တယ်။ ဇာတ်ဝင်ခန်းတစ်ခု မစခင်မှာလည်း အစမ်းရိုက်ကူး ပြင်ဆင်တာတွေလည်းရှိတော့ အဆင်ပြေပါတယ်။ 

■ မေး - သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီးတော့ရော ဒါရိုက်တာနဲ့ ညှိနှိုင်းရတာမျိုးတွေရှိလား။

ဖြေ - အဲဒီလိုတော့ မရှိဘူး။ ကျွန်တော်တို့ အစမ်းလုပ်တယ်။ အဲဒီအပေါ်မှာ သူ့ဘက်က လိုချင်တဲ့ပုံစံမျိုးရှိရင် သူကပြောတယ်။ ဒါရိုက်တာလိုချင်တဲ့ ပုံစံမျိုးရအောင် ကျွန်တော်တို့တွေက ကြိုးစားသရုပ်ဆောင်ကြတယ်။ အဲဒီလိုမျိုးပါပဲ။ အထူးအထွေမရှိပါဘူး။ 

■ မေး - ကိုယ်တိုင်ကရော သရဲခြောက်တာမျိုး ခံရဘူးလား။

ဖြေ - အဲဒီလိုတော့ သရဲခြောက်တာမျိုး မခံရဖူးဘူး။ နယ်တွေသွားရင်လည်း ကျွန်တော် တစ်ယောက်တည်းအိပ်တာပဲ။ ဒါပေမဲ့ အိပ်လိုက်ရင် ကိုယ်ကပဲ မနိုးလို့ ခြောက်တဲ့သရဲကပဲ စိတ်ညစ်သွားသလားတော့မသိဘူး။ နောက်ပြီး ကိုယ်တိုင်က ကြောက်လန့်နေတာမျိုးတွေလည်း မရှိဘူး။ 

■ မေး - အစ်ကို့အနေနဲ့ သရဲဇာတ်ကား သိပ်ရိုက်လေ့မရှိတော့ ပရိသတ်တွေအတွက် အသစ်တစ်ခု ဖြစ်နေမလား။

ဖြေ - ပရိသတ်တွေအတွက်ကတော့ အသစ်အဆန်းတစ်ခုတော့ ဖြစ်နေမှာပါ။ ကြည့်ရတာလည်း ကြောက်ဖို့လည်းကောင်းပါတယ်။ ရုပ်ရှင်အနေနဲ့ဆိုရင်လည်း ကျွန်တော့်အတွက် ပထမဆုံး သရဲဇာတ်ကားပေါ့။ 

■ မေး - ဒီဇာတ်ကားနဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပြောချင်တာရှိရင်။

ဖြေ - သရဲကားကြိုက်တဲ့ ပရိသတ်တွေအတွက်ရော ရုပ်ရှင်ကြည့်ပြီး ကြောက်ချင်တဲ့ ပရိသတ်တွေအတွက်ရော ကြည့်လို့ကောင်းမယ့် ဇာတ်ကားဖြစ်မှာပါ။ လာပြီးကြည့်ရှုအားပေးဖို့လည်း ဖိတ်ခေါ်ပါတယ်။

■ မေး - အခုလက်ရှိ အနုပညာလှုပ်ရှားမှုလေးတွေကိုလည်း သိပါရစေ။

ဖြေ - ရုပ်ရှင်အများပိုင်ကုမ္ပဏီက ရိုက်ကူးနေတဲ့ ‘လူကြီးလူကောင်းများ’ ဇာတ်ကားရဲ့ လက်ကျန်အခန်းတွေ ဆက်ပြီးရိုက်ကူးဖို့ရှိပါတယ်။ အဲဒါပြီးရင်တော့ အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဇာတ်ကားတစ်ကားရိုက်ဖို့ ပြောထားတာရှိပါတယ်။ ဒါရိုက်တာကိုဇော် (အရုဏ်ဦး)နဲ့ပါ။ 

■ မေး - အစ်ကို့အနေနဲ့ အခုနောက်ပိုင်းမှာ ဘယ်လိုဇာတ်လမ်းမျိုးတွေကို ပိုပြီးရိုက်ကူးချင်လဲ။

ဖြေ - အဓိကကတော့ အတွေးအခေါ်ပါပြီး လူတွေကို စဉ်းစားစရာတစ်ခုပေးနိုင်မယ့် ဇာတ်လမ်းမျိုးကို ပိုပြီးရိုက်ကူးချင်တယ်။ ဒါပေမဲ့ ဒီမှာကတော့အဲဒီလို ဇာတ်လမ်းမျိုးကို အချိန်ယူ တည်ဆောက်ဖို့အတွက် ဆိုတာကတော့ အရမ်းကြီးမလွယ်ဘူး။ ကျွန်တော် တကယ်ရိုက်ချင်တာကတော့ ဥပမာ ကိုယ်ချင်းစာ တရားနဲ့ပတ်သက်ပြီး လူတွေကို ရုပ်ရှင်ကနေ ဘယ်လိုတင်ပြနိုင်မလဲ၊ ဘယ်လို အတွေးထပ်ပေးနိုင်မလဲဆိုတဲ့ဇာတ်လမ်းမျိုးကို ကျွန်တော်ရိုက်ချင်တယ်။ ရိုက်ကူးနိုင်ဖို့လည်း ကျွန်တော်ကြိုးစားနေပါတယ်။

■ မေး - ကိုယ်ပါဝင်သရုပ်ဆောင်ရမယ့် ဇာတ်ကောင်စရိုက်နဲ့ ပတ်သက်ရင်ကော ဘယ်လိုဇာတ်ရုပ်မျိုးကို အစ်ကိုပိုပြီးရိုက်ချင်လာလဲ။

ဖြေ - ကျွန်တော်ကတော့ ဇာတ်ကောင်စရိုက်တစ်ခုက အရမ်းကြီးကိုထူးခြားပြီး ပြောင်းလဲပြီး ပုံစံမတူဘူးဆိုတာထက်ကို ကိုယ့်ရဲ့ဇာတ်ကောင်စရိုက်က ရိုးချင်ရိုးမယ်။ ဒါပေမဲ့ ဇာတ်ကားကနေပေးချင်တဲ့ အတွေးတစ်ခု၊ အသိတစ်ခုက လူတန်းစားမရွေးလက်ခံပြီး ကျေနပ်စေမယ့် ဇာတ်ကားမျိုးကိုပဲ ရိုက်ချင်တာ။ 

■ မေး - အားပေးနေတဲ့ ပရိသတ်တွေအတွက် စကားလက်ဆောင်လေး ပြောပေးပါဦး။

ဖြေ - ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောချင်ပါတယ်။                  

Most Read

Most Recent