စီရော်နယ်လ်ဒိုသည် ကမ္ဘာတစ်ဝှမ်းမှ ကလေးငယ်များ၏ စူပါဟီးရိုးဖြစ်ကြောင်း ဂျူဗင်တပ်စ်အသင်းဥက္ကဋ္ဌ ချီးကျူး

စီရော်နယ်လ်ဒိုသည် ကမ္ဘာတစ်ဝှမ်းမှ ကလေးငယ်များ၏ စူပါဟီးရိုးဖြစ်ကြောင်း ဂျူဗင်တပ်စ်အသင်းဥက္ကဋ္ဌ ချီးကျူး
Published 14 October 2018

 

ဂျူဗင်တပ်စ်အသင်းဥက္ကဋ္ဌ အဂ္ဂါနယ်လီက စီရော်နယ်လ်ဒိုသည် ကမ္ဘာတစ်ဝှမ်းမှကလေးငယ်များ၏ စူပါဟီးရိုးဖြစ်ကြောင်း ချီးကျူးခဲ့သည်။ လက်ရှိအချိန်တွင် မုဒိမ်းမှုစွဲချက်ဖြင့် ရင်ဆိုင်နေရသဖြင့် စီရော်နယ်လ်ဒို၏ ပုံရိပ်ထိခိုက်နေချိန်တွင် ဂျူဗင်တပ်စ်အသင်းဥက္ကဋ္ဌ အဂ္ဂါနယ်လီက ယခုကဲ့သို့ ကာကွယ်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အဂ္ဂါနယ်လီက စီရော်နယ်လ်ဒိုသည် ဂျူဗင်တပ်စ်အသင်းသမိုင်းတစ်လျှောက် ကစားသမားတစ်ဦးကို ကွင်းတွင်းကွင်းပြင် ရင်းနှီးမြှုပ်နှံမှုရည်ရွယ်ချက်နှစ်မျိုးဖြင့် ခေါ်ယူခဲ့သောပထမဆုံးကစားသမားဖြစ် ကြောင်း ပြောကြားခဲ့သည်။

အဂ္ဂါနယ်လီက " ကျွန်တော်တို့အသင်းကို စီရော်နယ်လ်ဒို ရောက်ရှိလာလို့ အားကစားဆိုင်ရာတန်ဖိုးတွေ မြင့်တက်လာပါတယ်။ စီးပွားရေးအရလည်း စီရော်နယ်လ်ဒိုရောက်လာလို့ များစွာတိုးတက်လာပါတယ်။  စီရော်နယ်လ်ဒိုရဲ့ အရည်အသွေးဟာ ကမ္ဘာလုံးဆိုင်ရာလွှမ်းခြုံထားနိုင်တယ်။ ကမ္ဘာတစ်ဝှမ်းက ကလေးတွေက သူတို့အားကျတဲ့ စူပါဟီးရိုးတွေကို မြင်ဖူးချင်ကြပါတယ်။ စီရော်နယ်လ်ဒိုကလည်း စူပါဟီးရိုးတစ်ဦးပါပဲ။ သူက အီတလီဘောလုံးလောကရဲ့ ကွက်လပ်ကိုလည်း ဖြည့်ဆည်းပေးမယ့်သူပါ။ စီးရီးအေဘောလုံးပွဲတွေကို ပုံရိပ်ပြန်မြင့်လာအောင် စွမ်းဆောင်ပေးနေပါတယ်" ဟု ပြောကြားခဲ့သည်။

စီရော်နယ်လ်ဒိုသည်လက်ရှိအချိန်တွင် မုဒိမ်းမှုစွဲချက်ကို ဖြေရှင်းရန်အတွက် နာမည်ကျော်ရှေ့နေများ၊ မှုခင်းပညာရှင်များ၊ ဆရာဝန်များ နှင့် လူမှုဆက်ဆံရေးပညာရှင်များကို ငှားရမ်းသွားရန် စီစဉ်နေကြောင်း သိရသည်။ စီရော်နယ်လ်ဒိုသည် ယင်းအထူးကျွမ်းကျင်သူများကို ငှားရမ်းရန်အတွက် အမေရိကန် ဒေါ်လာ (၁)သန်းအသုံးပြုသွားမည်ဖြစ်သည်။

 

Most Read

Most Recent