ကမ္ဘာ့ဖလားပြိုင်ပွဲမှ ရရှိသည့်ငွေကြေးများအား လှူဒါန်းခဲ့ခြင်းကို ပြင်သစ်တိုက်စစ်မှူး ဘာပေ ရှင်းလင်း

ကမ္ဘာ့ဖလားပြိုင်ပွဲမှ ရရှိသည့်ငွေကြေးများအား လှူဒါန်းခဲ့ခြင်းကို ပြင်သစ်တိုက်စစ်မှူး ဘာပေ ရှင်းလင်း
Photos: Daily Mail
Photos: Daily Mail
Published 14 October 2018

 

PSG အသင်း၏ ပြင်သစ်လူငယ်တိုက်စစ်မှူး ဘာပေက ပြီးခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှရရှိသည့်ဝင်ငွေများအား လှူဒန်းခဲ့ခြင်းကို TIME မဂ္ဂဇင်း နှင့် တွေ့ဆုံရာတွင် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

၂၀၁၈ ကမ္ဘာ့ဖလားတွင် ဘာပေသည် ပြင်သစ်အသင်းဗိုလ်စွဲအောင် ခြေစွမ်းပြကစားနိုင်သလို (၄)ဂိုးအထိ သွင်းယူခဲ့ပြီး ပြိုင်ပွဲ၏အကောင်းဆုံးလူငယ်ကစားသမားဆုကိုပါ ရရှိခဲ့သည်။ ဘာပေသည် ပြင်သစ်အသင်းအတွက် ပွဲကစားခနှင့် ချန်ပီယံဖြစ်သည့် ဆုကြေးအဖြစ် ပေါင် (၃၈၀၀၀၀)အထိ ရရှိခဲ့သည်။

ဘာပေသည် ယင်းငွေကြေးအားလုံးကို ပြင်သစ်ပရဟိတအဖွဲ့တစ်ခုသို့ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ ဘာပေက "နိုင်ငံအသင်းကို ကိုယ်စားပြုပြီး ကစားတာဖြစ်လို့ ကျွန်တော် ပိုက်ဆံမလိုချင်ပါဘူး။ ပြီးတော့ ကျွန်တော့်မှာ ငွေကြေးတွေ ရှိသင့်သလောက် ရှိနေပါပြီ။ ကိုယ်တတ်နိုင်ရင် တခြားလူတွေကို ကူညီတာက တန်ဖိုးရှိတဲ့လုပ်ရပ်လို့ ကျွန်တော်ထင်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲက ရတဲ့ငွေကြေးက ကျွန်တော့်ဘဝကို မပြောင်းလဲနိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်လှူဒါန်းလိုက်တဲ့ ငွေကြေးက တစ်စုံတစ်ယောက်အတွက် သက်သောင့်သက်သာဖြစ်ခဲ့မယ်၊ သူတို့အခြေအနေ ပြောင်းလဲသွားနိုင်မယ်ဆိုရင် ကျွန်တော် ဝမ်းသာပါတယ်"ဟု TIME သို့ ပြောကြားခဲ့သည်။ ဘာပေသည် Next Generation Leaders ခေါင်းစဉ်ဖြင့် ယခုလထုတ် TIMEမဂ္ဂဇင်းမျက်နှာဖုံးရှင်အဖြစ် ရွေးချယ်ခံခဲ့ရသည်။