ထိုင်းအေဂျင်စီ၊ HR ဝန်ထမ်းတွေရဲ့ခေါင်းပုံဖြတ်တာခံနေရတဲ့ မြန်မာ MoU အလုပ်သမားတွေဘဝ ကယ်တင်ဖို့လိုပြီ

ထိုင်းအေဂျင်စီ၊ HR ဝန်ထမ်းတွေရဲ့ခေါင်းပုံဖြတ်တာခံနေရတဲ့ မြန်မာ MoU အလုပ်သမားတွေဘဝ ကယ်တင်ဖို့လိုပြီ
ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ်
ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ်
Published 14 October 2018
ဉာဏ်ဝင်းရှိန်

ထိုင်းနိုင်ငံနဲ့ မြန်မာ နှစ်နိုင်ငံကြားမှာ အလုပ်သမားတွေကို MoU စနစ်နဲ့ ပို့ဆောင်လာတာ နှစ်အတန်ငယ် ကြာမြင့်ပြီဖြစ်ပါတယ်။ အလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံကို တရားဝင်အေဂျင်စီတွေကနေ MoU စနစ်နဲ့ သွားဖို့အတွက်ဆိုရင် ကုန်ကျစရိတ်က ခန့်မှန်းခြေအနည်းဆုံး ကျပ်ခြောက်သိန်းကနေ ကျပ်ရှစ်သိန်းကြားမှာ ကုန်ကျနေရပါတယ်။ ဒါပေမဲ့ တကယ်တမ်း ကုန်ကျရမယ့် ငွေပမာဏဟာ မြန်မာဘက်ခြမ်း အေဂျင်စီတွေကိုပေးရမယ့် အကျိုးဆောင်ခ၊ ထိုင်းဘက်မှာ ကုန်ကျမယ့်စရိတ် အားလုံးပေါင်းရင်တောင် ကျပ်သုံးသိန်းကျော်သာ ကျသင့်မှာ ဖြစ်ပေမယ့် ထိုင်းနိုင်ငံဘက်ခြမ်းက အေဂျင်စီတွေ၊ ကုမ္ပဏီ HR တွေရဲ့အမြတ်ကြီးစားမှုတွေကြောင့် မြန်မာအလုပ်သမားတွေဟာ တကယ်တမ်းကုန်ကျမယ့် ပမာဏထက် ပိုမို ပေးဆောင်နေရပါတယ်။ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ခန့်မှန်းခြေ နှစ်သန်းခွဲကျော်ရှိပါတယ်။ ထိုင်းနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းအများအပြားအတွက် အောက်ခြေအဆင့် အလုပ်သမားတွေကို အိမ်နီးချင်းဆင်းရဲတဲ့ နိုင်ငံတွေကနေ ငှားရမ်းခေါ်ယူခိုင်းစေနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၅ ခုနှစ်အတွင်းက ထိုင်းနိုင်ငံရဲ့ လူကုန်ကူးမှုတွေ၊ အလုပ်သမားတွေအပေါ်ကို ကျွန်ပြုစေခိုင်းမှုတွေကြောင့် ထိုင်းရေထွက်ကုန်ပစ္စည်းတွေကို အဓိကဝယ်ယူနေတဲ့ ဥရောပနိုင်ငံတွေက ဝယ်ယူမှုရပ်ဆိုင်းပြီး သပိတ်မှောက်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့အတွက် ထိုင်းရေထွက်ကုန် စီးပွားရေးဟာ အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။ လူကုန်ကူးမှုတွေ၊ အဓမ္မလုပ်အားစေ ခိုင်းမှုတွေကို ထိန်းချုပ်ရပ်တန့်ဖို့အတွက် ထိုင်းအာဏာသိမ်း စစ်အစိုးရက ပြစ်ဒဏ်ကြီးလေးတဲ့ နိုင်ငံခြားသား အလုပ်သမားစီမံခန့်ခွဲမှု အက်ဥပဒေကို ရေးဆွဲအတည်ပြုခဲ့ပြီး နိုင်ငံအနှံ့အပြားမှာ တရားမဝင်အလုပ်သမားတွေကို စေခိုင်းမှုပပျောက်အောင်လုပ်ဆောင်ခဲ့ပြီး နာမည်ကောင်းရဖို့အတွက် ပြန်လည်တည်ဆောက်ခဲ့ပါတယ်။

တရားမဝင်အလုပ်သမားတွေကို ဖမ်းဆီးမှုတွေကို ဆက်တိုက်ပြုလုပ်လာခဲ့တဲ့အတွက် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုစတဲ့ နိုင်ငံတွေက တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေဟာ နေရပ်ကိုပြန်ပြီး အထောက်အထား စုံလင်အောင်လုပ်ပြီးမှ တရားဝင်အလုပ်သမားအဖြစ်နဲ့ ပြန်လည်ဝင်ရောက်လာကြပါတယ်။ မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံနဲ့ အစိုးရချင်း နှစ်နိုင်ငံ MoU စနစ်နဲ့အလုပ်သမားတွေစေလွှတ်ဖို့အတွက် သဘောတူထားတဲ့အတွက် တရားဝင်စနစ်ဖြစ်တဲ့ MoU နဲ့ မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံကို လစဉ်ပျမ်းမျှတစ်သောင်းခွဲလောက် ထွက်ခွာအလုပ်လုပ်နေကြပါတယ်။ MoU စနစ်ဖြစ်တဲ့အတွက် အလုပ်သမားတွေကို အလုပ် အကိုင်ရှာဖွေရေး အေဂျင်စီတွေကနေတစ်ဆင့် ပို့ဆောင်ရတာဖြစ်ပြီး ထိုင်းနိုင်ငံကို သွားရောက်ဖို့အတွက် အလုပ်သမားတစ်ဦးက အဆင့်ဆင့် ဖြတ်သန်းရတာ ဖြစ်ပါတယ်။ အလုပ်သွားလုပ်ချင်တဲ့ အနယ်နယ်အရပ်ရပ်က အလုပ်သမားတွေကို အေဂျင်စီက လိုက်လံစုဆောင်းဖို့အတွက် မဖြစ်နိုင်တဲ့အတွက် အရပ်ပွဲစားတွေကနေတစ်ဆင့် စုစည်းရပါတယ်။ ဒေသအသီးသီးက အရပ်ပွဲစားတွေကနေ စုစည်းလာတဲ့ အလုပ်သမားတွေကို အေဂျင်စီက နှစ်နိုင်ငံအလုပ်သမားဌာနတွေရဲ့ ခွင့်ပြုချက်ရပြီဆိုရင် ထိုင်းနိုင်ငံဘက်က အလုပ်ရှင် ဒါမဟုတ် အလုပ်ရှင်ကိုယ်စားလှယ်နဲ့ စာချုပ်ချုပ်ဆိုပြီးမှ စေလွှတ်တာဖြစ်ပါတယ်။ အစိုးရက ညွှန်ကြားထားတဲ့အတိုင်းဆိုရင် အလုပ်သမားတစ်ဦးဟာ အေဂျင်စီကို အကျိုးဆောင်ခ ကျပ်တစ်သိန်းခွဲ၊ ထိုင်းနိုင်ငံဘက်ခြမ်းမှာ ဗီဇာကြေးနဲ့ အလုပ်လုပ်ခွင့်ပါမစ်၊ လူမှုဖူလုံကြေးစတဲ့အရာတွေအတွက် အများဆုံးဘတ်သုံးထောင်၊ စုစုပေါင်းကုန်ကျစရိတ်အတွက် ကျပ်ငွေ သုံးသိန်းကျော်လောက်သာ ကုန်ကျမှာဖြစ်ပေမယ့် တကယ်တမ်း ကုန်ကျစရိတ်က ကျပ်ငွေ ခြောက်သိန်းကနေ ရှစ်သိန်းကြားမှာ ကုန်ကျနေရပါတယ်။

 

ဘာကြောင့် အလုပ်သမားတွေက ကုန်ကျသင့်တာထက် ပိုပေးနေရတာလဲ

အထက်ကဖော်ပြခဲ့တဲ့အတိုင်း အလုပ်သမားတစ်ဦးဟာ ထိုင်းနိုင်ငံကိုသွားရောက် အလုပ်လုပ်ကိုင်ဖို့အတွက်ကို အရပ်ပွဲစားတွေကတစ်ဆင့် အေဂျင်စီ၊ အေဂျင်စီကနေတစ်ဆင့် ထိုင်းနိုင်ငံဘက်ခြမ်းကို ရောက်ရှိကြရတာပါ။ အလုပ်သွားလုပ်ဖို့အတွက် သက်ဆိုင်ရာအေဂျင်စီက ထိုင်းနိုင်ငံဘက်ခြမ်းကနေ အလုပ်ခေါ်စာရဖို့ လိုအပ်ပါတယ်။ အလုပ်ခေါ်စာရပြီးမှ အလုပ်သမားတွေကို စာချုပ်ချုပ်ပြီး စေလွှတ်ရတာဖြစ်ပါတယ်။ မြန်မာအေဂျင်စီတွေဟာ ထိုင်းအလုပ်ရှင်နဲ့ တိုက်ရိုက်ချိတ်ဆက်တာမျိုး မရှိတဲ့အတွက် ထိုင်းအေဂျင်စီတွေကနေတစ်ဆင့် အလုပ်ခေါ်စာကို ယူရတာပါ။ ဒီအတွက် ထိုင်းအေဂျင်စီကို ပေးဆောင်ရမယ့် အကျိုးဆောင်ခ၊ စက်ရုံ၊ အလုပ်ရုံတွေက HR မန်နေဂျာတွေကို ပေးဆောင်ရတဲ့ အခကြေးငွေ၊ အရပ်ပွဲစားကိုပေးရတဲ့ ဝန်ဆောင်ခစတဲ့ ကုန်ကျစရိတ်တွေ ရှိလာပါတယ်။ ဒီကုန်ကျ စရိတ်တွေအားလုံးကိုတော့ အလုပ်သွားလုပ်မယ့် အလုပ်သမားတွေကပဲ ပေးဆောင်နေရတာ ဖြစ်ပါတယ်။ ဒီအတွက် အလုပ်သမား တစ်ဦးဟာ ပုံမှန်ကုန်ကျမယ့် ငွေပမာဏထက် ပိုပြီး ကုန်ကျနေရတာဖြစ်ပါတယ်။ အလုပ်သမားတစ်ဦးဟာ ခန့်မှန်းခြေ ကျပ်ငါးသိန်းလောက် ပိုပေးနေရတဲ့ အခြေအနေဖြစ်နေပါတယ်။ မြန်မာအစိုးရက ပြဋ္ဌာန်းထားတဲ့ဥပဒေအရ အေဂျင်စီတစ်ခုဟာ အလုပ်သမားတစ် ဦးစီက အကျိုးဆောင်ခ ကျပ်တစ်သိန်းခွဲပဲ ယူရတယ်ဆိုပေမယ့် တကယ်တမ်း ထိုင်းနိုင်ငံဘက်ခြမ်းက အေဂျင်စီတွေ၊ စက်ရုံ၊ အလုပ်ရုံတွေက အလုပ်ခေါ်စာရဖို့အတွက် ဆောင်ရွက်ပေးတဲ့ HR မန်နေဂျာလိုမျိုး ကြားခံလူတွေကတောင်းတဲ့ ငွေကြေးအများ အပြားကို အလုပ်သမားကပဲပေးရတဲ့အတွက် ကုန်ကျစရိတ်ထက် ပိုမိုကုန်ကျနေရတာလည်း ဖြစ်ပါတယ်။

 

ထိုင်းနိုင်ငံဘက်က တစ်ဆင့်ခံပွဲစားတွေ၊ HR ဝန်ထမ်းတွေရဲ့ အကျင့်ပျက်ခြစားမှုတွေဟာ ဘယ်သူတွေမှာ တာဝန်ရှိသလဲ

ထိုင်းနိုင်ငံဘက်က တာဝန်ရှိသူတွေကတော့ ဒီကိစ္စဟာ သူတို့ထိုင်းနိုင်ငံဘက်ခြမ်းနဲ့မဆိုင်ဘဲ မြန်မာနိုင်ငံဘက်ခြမ်းက အေဂျင်စီတွေနဲ့သာ ဆိုင်တယ်ဆိုပြီး လက်ညှိုးထိုးပါတယ်။ သူတို့ ထိုင်းနိုင်ငံက ပြဋ္ဌာန်းထားတဲ့ ဥပဒေကိုမလိုက်နာဘဲ ချိုးဖောက်တဲ့ အေဂျင်စီတွေကို သတိပေးမှုတွေပြုလုပ်သလို ပြင်းထန်တဲ့ ဒဏ်ငွေပြစ်ဒဏ်တွေနဲ့ ထိန်းချုပ်သတိပေးမှုတွေလုပ်နေပြီး တကယ်လို့ပြဿနာ တစ်စုံတစ်ခုရှိတယ်ဆိုရင် ဒါဟာ မြန်မာနိုင်ငံဘက်ခြမ်းက ပြဿနာသာဖြစ်မယ်လို့  ထိုင်းအလုပ်သမားဝန်ကြီး Anurak Tossarat  က AFP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ထိုင်းဘက်ခြမ်းက မြန်မာဘက်ခြမ်းကို ဘော်လီဘော ပုတ်လိုက်ပေမယ့်  မြန်မာဘက်ခြမ်းက အေဂျင်စီတွေကလည်းသူတို့ အနေနဲ့ ထိုင်းနိုင်ငံက အလုပ်ရှင်တွေနဲ့ တိုက်ရိုက်ချိတ်ဆက်ဖို့အတွက် ဘာသာစကား အခက်အခဲ၊ အခြားအခက်အခဲတွေရှိတဲ့အတွက် ကြားခံပွဲစားတွေကနေသာ ချိတ်ဆက်နေရတာဖြစ်ပြီး ထိုင်းအလုပ်ရှင်နဲ့ အေဂျင်စီကြားမှာ ချိတ်ဆက်ပေးနေတဲ့ ထိုင်းပွဲစားအေဂျင်စီတွေရဲ့ တောင်းဆိုတဲ့အကျိုးဆောင်ခကိုပေးဖို့အတွက် စျေးဆစ်လို့မရတဲ့ အနေအထားမှာ ရောက်နေတယ်လို့ မြန်မာနိုင်ငံဘက်က အေဂျင်စီတွေပြောပါတယ်။ ထိုင်းနိုင်ငံကို အလုပ်သမားတွေစေလွှတ်ဖို့အတွက် အလုပ်ရှင်နဲ့ မြန်မာအေဂျင်စီကြား  ပေါင်းကူးပေးတဲ့ ကြားခံ ထိုင်းအေဂျင်စီတွေရဲ့ တောင်းဆိုတဲ့ငွေကို ပေးနိုင်မှသာလျှင် အလုပ်ခေါ်စာတွေရပြီး အလုပ်သမားတွေ မြန်မြန်စေလွှတ်နိုင်မှာဖြစ်တယ်လို့ မြန်မာအေဂျင်စီတွေဘက်က ဆိုပါတယ်။

“ထိုင်းဘက်က အလုပ်ရှင်တွေနဲ့ ကျွန်တော်တို့ မြန်မာအေဂျင်စီတွေနဲ့က တိုက်ရိုက်ချိတ်ဆက်ဖို့အတွက် အဆင်မပြေတာတွေရှိတယ်။ ဒီအတွက် အလုပ်ခေါ်စာတွေရဖို့ အတွက်က ထိုင်းဘက်ခြမ်းက အကျိုးဆောင်ကိုပဲ အားကိုးနေရတဲ့အခြေအနေမှာ ရှိပါတယ်။ အလုပ်သမားတွေ ပို့ဖို့အတွက် အလုပ်ခေါ်စာတွေရမှ ပို့လို့ရမယ်။ အလုပ်ခေါ်စာတွေရဖို့အတွက် ထိုင်းဘက်ခြမ်းက အေဂျင်စီတွေ တောင်းတဲ့ငွေကို ပေးရပါတယ်။ ကျွန်တော်တို့က ရွေးချယ်လို့မရပါဘူး။ သူတို့တောင်းတဲ့ငွေထက် ပိုပေးနိုင်ရင် အလုပ်ခေါ်စာတွေ များများရတယ်။ ဒီလိုသဘော တရားတွေတော့ ရှိပါတယ်။ ဥပမာ ကျွန်တော့်ကိုတောင်းတဲ့ ဘတ် ၁၀၀၀၀ ကို များတယ်ဆိုပြီး ကျွန်တော်မပေးဘဲ တင်းခံနေရင် တခြားအေဂျင်စီက တစ်သောင်းခွဲပေးရင် အဲဒီပိုပေးတဲ့အေဂျင်စီက အလုပ်ခေါ်စာတွေ ရသွားတာပဲ” လို့ ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု အေဂျင်စီပိုင်ရှင်တစ်ဦးက ဖွင့်ဟပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားရေးရာ အထူးကျွမ်းကျင်တဲ့သူတစ်ဦးဖြစ်တဲ့ ဗြိတိန်နိုင်ငံသား အင်ဒီဟောကတော့ မြန်မာအလုပ်သမားတွေဟာ ထိုင်းကိုလာရောက် အလုပ်လုပ်ဖို့အတွက် ကုန်ကျရတဲ့ ကုန်ကျစရိတ်အားလုံးထက်ကို ပိုပြီးပေး ဆောင်နေရသလို သူတို့ရဲ့ လစဉ်လုပ်ခလစာတွေထဲက ဖြတ်တောက်တဲ့အတွက် အကြွေးတွေနဲ့ ချည်နှောင်ခံထားရပြီး ဆုံးရှုံးနစ်နာမှုတွေဖြစ်နေပြီး အဓိကအကြောင်းရင်းကတော့ ထိုင်းနိုင်ငံဘက်က အေဂျင်စီပွဲစားတွေ၊ HR တွေရဲ့ အကျင့်ပျက်ခြစားမှုတွေ၊ မတရားခေါင်းပုံဖြတ်မှုတွေကြောင့်ဖြစ်ပြီး ဒီကိစ္စကို နှစ်နိုင်ငံအစိုးရအနေနဲ့ ကိုင်တွယ်ဖြေရှင်းသင့်ပြီလို့ ထောက်ပြပါတယ်။

“ထိုင်း-မြန်မာ MoU စာချုပ်မှာ အနိမ့်ဆုံး ကုန်ကျစရိတ်ကို ပြဋ္ဌာန်းမထားပါဘူး။ မြန်မာအစိုးရက သတ်မှတ်ထားတာက မြန်မာအေဂျင်စီတွေက အကျိုးဆောင်ခ ကျပ်တစ်သိန်းခွဲပဲယူရမယ်။ ထိုင်းအစိုးရက သတ်မှတ်ထားတာက ထိုင်းအလုပ်ရှင်တွေက သတ်မှတ်စည်းမျဉ်းစည်းကမ်းအရ ပေးရမယ် ဆိုတာမျိုးပါ။ အဲဒီအစား လက်ရှိဖြစ်ပေါ်နေတာက ထိုင်းကုမ္ပဏီ HR တွေ၊ ကြားခံပွဲစားတွေနဲ့ မြန်မာအေဂျင်စီတွေကြားမှာ ကျကျနန ဖြစ်ပျက်နေတဲ့ အကျင့်ပျက်ခြစားမှုတွေပဲ ဖြစ်ပါတယ်။ အဲဒီ အကျင့်ပျက်ခြစားမှုတွေရဲ့ ရလဒ်ကတော့ မြန်မာအလုပ်သမားတွေဟာ ထိုင်းအစိုးရနဲ့ မြန်မာအစိုးရဥပဒေအရ သတ်မှတ်ထားတဲ့ ကုန်ကျစရိတ်ထက် အဆမတန် ပိုပေးနေရတာပါ” လို့ ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းလုပ်သားရေးရာ ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ အင်ဒီဟောက ဆိုပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းမြန်မာလုပ်သားတွေအရေး ဆောင်ရွက်နေတဲ့ NGO တစ်ခုဖြစ်တဲ့ MWRN အဖွဲ့မှ ကိုစိန်ဌေးကလည်း ထိုင်းနိုင်ငံဘက်ခြမ်းက အေဂျင်စီတွေရဲ့ မတရားအမြတ်ကြီးစား တောင်းခံတဲ့ငွေတွေကို မြန်မာအလုပ်သမားတွေကပဲ ပေးဆောင်နေရတဲ့အတွက် အလုပ်သမားတွေအနေနဲ့ ကြီးမားတဲ့ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်ပေါ်နေပြီး ဒီကိစ္စကို မြန်မာနိုင်ငံအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ကြပ်မတ်ဆောင်ရွက်ပေးသင့်တယ်လို့ ထောက်ပြပါတယ်။

“အခုက အလုပ်သမားတွေက သတ်မှတ်ကုန်ကျတာတွေထက် ပိုပေးနေရတာပါ။ တကယ်တမ်း သူတို့ရဲ့ကုန်ကျစရိတ်က မြန်မာဘက်က အေဂျင်စီအကျိုးဆောင်ခ၊ ဗီဇာကြေး၊ အလုပ်လုပ်ခွင့် ပါမစ်ကြေးစတာတွေ အားလုံးပေါင်းရင် သုံးသိန်းမကျော်ပါဘူး။ ဒါပေမဲ့ တကယ်တမ်း ထိုင်းဘက်ခြမ်းက အေဂျင်စီတွေ၊ အလုပ်ခေါ်စာရဖို့အတွက် ထိုင်းစက်ရုံ၊ အလုပ်ရုံက HR မန်နေဂျာ စတဲ့သူတွေက ငွေညှစ်တဲ့သဘောနဲ့ မတန်တဆ တောင်းနေတာတွေကို မြန်မာအေဂျင်စီတွေဘက်ကနေ ပေးနေရတဲ့အတွက် ဒီကုန်ကျစရိတ်တွေကို ဒီမြန်မာအလုပ်သမားတွေကပဲ ကုန်ကျနေရတာပါ။ မြန်မာအေဂျင်စီတွေ အနေနဲ့ ထိုင်းအလုပ်ရှင်တွေနဲ့ တိုက်ရိုက်ချိတ်ဆက်ခေါ်ယူဖို့အတွက် အစိုးရက စီစဉ်ကြပ်မတ် ဆောင်ရွက်ပေးမယ်ဆိုရင်တော့ အလုပ်သမားတွေ သက်သာရာ ရောက်သွားမှာပါ။ အလုပ်သမားတစ်ဦးက ပျမ်းမျှတစ်ဦးကို ကျပ်ငါးသိန်းပဲ ပိုကုန်ကျနေတယ်ထားဦး။ MoU နဲ့ တရားဝင်သွားတဲ့စာရင်းက တစ်လကို ပျမ်းမျှတစ်သောင်းခွဲရှိတယ်ဆိုရင် သိန်းခုနစ်သောင်းကျော် အလုပ်သမားတွေက လတိုင်းပေးဆောင်နေရတာပါ။ ဒီငွေတွေက မကုန်သင့်ဘဲ အလုပ်သမားတွေ ကုန်နေရတာ ဖြစ်ပါတယ်” လို့  MWRN မှ ကိုစိန်ဌေးက ပြောပါတယ်။

 

ထိုင်းနိုင်ငံဘက်က တစ်ဆင့်ခံအေဂျင်စီတွေ၊ HR တွေရဲ့ အကျင့်ပျက် ငွေညှစ်မှုတွေကို ဘယ်လိုဖြေရှင်းမလဲ

ထိုင်းအလုပ်ရှင်တွေနဲ့ မြန်မာအေဂျင်စီတွေကြားထဲမှာ အမြတ်ထုတ်ပြီး မတန်တဆ ခေါင်းပုံဖြတ်နေတဲ့ အကျိုးဆောင်ပွဲစားတွေ၊ အေဂျင်စီတွေကို ငွေပေးနေရမှု ရပ်တန့်ဖို့ဆိုရင်တော့ မြန်မာအေဂျင်စီတွေနဲ့ ထိုင်းအလုပ်ရှင်တွေ တိုက်ရိုက်ချိတ်ဆက် အလုပ်လုပ်ဖို့ နည်းလမ်းတစ်ခုပဲ ရှိပါတယ်။ နှစ်နိုင်ငံအစိုးရအနေနဲ့ ဒီကိစ္စကိုသေသေချာချာ ထိန်းကျောင်း ကြပ်မတ်မယ်ဆိုရင်တော့ ဖြစ်နိုင်ဖွယ်ရှိသလို တကယ်လို့ တိုက်ရိုက်သာ ချိတ်ဆက်ခေါ်ယူမယ်ဆိုရင် အလုပ်သမားတွေ ပေးဆောင်နေရတဲ့ ဝန်ဆောင်ခကြီးမြင့်မှုတွေကို ရပ်တန့်နိုင်မှာဖြစ်ပြီး အလုပ်သမားတွေအနေနဲ့ ကုန်ကျစရိတ် သက်သာသွားမှာ ဖြစ်တယ်လို့ ထိုင်း-မြန်မာ အလုပ်သမားရေး ကျွမ်းကျင်သူတွေနဲ့ ရွှေ့ပြောင်းလုပ်သားရေးရာ ကျွမ်းကျင်သူတွေက ထောက်ပြပြောဆို ပါတယ်။

ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေ ဂျင်စီပိုင်ရှင်တစ်ဦးဖြစ်သလို MOEAF မှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးကျော်ထင်ကျော်က လက်ရှိဖြစ်နေတဲ့ပြဿနာရဲ့ အရင်းအမြစ်က ထိုင်းဘက်ခြမ်းက လုပ်ငန်းရှင်တွေဟာ မြန်မာနိုင်ငံက အလုပ်သမားတွေ ခေါ်ယူဖို့အတွက်ကို အေဂျင်စီနဲ့ တိုက်ရိုက်ဆက်သွယ်တာမျိုးမဟုတ်ဘဲ ကြားခံထိုင်းအေဂျင်စီ၊ အကျိုးဆောင်တွေကနေ ဆက်သွယ်တဲ့ အလုပ်သမားတွေအနေနဲ့ ပိုကုန်ကျနေတာဖြစ်ပြီး ထိုင်းနိုင်ငံဘက်ခြမ်းက လုပ်ငန်းရှင်တွေအနေနဲ့ အလုပ်သမားခေါ်ဖို့အတွက် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို မလုပ်ချင်တဲ့အတွက် ကြားပွဲစားကနေဆောင်ရွက်နေတာဖြစ်ပြီး ဒီဖြစ်စဉ်ကို ရပ်တန့်နိုင်ရင်တော့ အလုပ်သမားတွေအနေနဲ့ အများကြီးအကုန်အကျ သက်သာသွားမယ်လို့ ဆိုပါတယ်။

“အလုပ်သမားတွေက ကုန်ကျစရိတ်များပြားနေရတဲ့ အကြောင်းရင်းကတော့ ထိုင်းဘက်က အလုပ်ရှင်သူဌေးတွေနဲ့တို့ ဒီဘက်က အေဂျင်စီတွေက တိုက်ရိုက်အလုပ်လုပ်ရတာမဟုတ်ဘဲ ကြားထဲမှာ အကျိုးဆောင်ပွဲစား ခံထားတယ်။ ပွဲစားကလည်း သူ့အတွက်ကိုက်မယ့် အလုပ်ပဲ သူလုပ်တယ်။ အလုပ်သမားတွေအနေနဲ့ တကယ်တမ်း ထိုင်းဘက်မှာ ကုန်ကျမယ့်ဟာက ဗီဇာကြေး၊ အလုပ်လုပ်ခွင့်ပါမစ်နဲ့ ဆေးကုသစရိတ် အာမခံ စုစုပေါင်း ဘတ် ၂၀၀၀ ကျော်၊ ၃၀၀၀ ကျော်ပဲရှိမှာ။ သို့သော်လည်း အလုပ်သမားတွေ တကယ်တမ်းပေးနေရတဲ့  မတရား ဘတ် ၇၀၀၀၊ ၈၀၀၀၊ ၁၀၀၀၀ တို့ဆိုတာက  ဒီပွဲစားတွေက အလုပ်သမားတွေဆီကနေ ရိတ်နေတာ။ ခက်တာကလည်း ထိုင်းအလုပ်ရှင်ကလည်း ကျွန်တော်တို့ အေဂျင်စီတွေနဲ့ တိုက်ရိုက်မလုပ်ဘူး။ ရှင်းရှင်းပြောရရင် အပျင်းကြီးတာပေါ့။ မြန်မာအေဂျင်စီတွေနဲ့ တိုက်ရိုက်ဆက်သွယ် အလုပ်လုပ်မယ်ဆိုရင် အလုပ်သမားတွေ အများကြီးသက်သာတယ်။ ဥပမာ ထိုင်းစက်ရုံတစ်ရုံက အလုပ်သမားလိုချင်တယ်ဆိုရင် မြန်မာအေဂျင် စီဘက်ကို သူဌေးဖြစ်စေ ဒါမှမဟုတ် သူမအားရင်တောင် ကိုယ်စားလှယ်ကနေက စာရွက်စာတမ်းတွေ လှမ်းပေးရမယ်။ ပြီးရင် ထိုင်းဘက်ခြမ်းက DOE တို့ တခြားလိုအပ်တဲ့ဌာနတွေကို တင်တာတို့ လိုက်လုပ်ပေးရတယ်။ ပြီးရင် ထိုင်းမှာရှိတဲ့ မြန်မာသံရုံးမှာ သွားတင်ရတယ်။ အလုပ်ခေါ်စာရမှ မြန်မာဘက်က ဝန်ကြီးဌာနကို လှမ်းတင်ပြပြီး ဒီဘက်ကအေဂျင်စီတွေက လှုပ်ရှားရတယ်။ ဒီလိုမျိုး စာရွက်စာတမ်းတွေ တင်တာတွေကို ထိုင်းဘက်က မလုပ်ချင်တဲ့အတွက် ကြားပွဲစားတွေငှားတယ်။ ပွဲစားတွေက မြန်မာအလုပ်သမားတွေဆီကနေ မတရား ငွေတွေယူတော့တာပဲ။ ဒါကြောင့် အလုပ်သမားတွေက ပိုပေးနေရတာ။ ဒီဘက်ကနေပြီး ထိုင်းဥပဒေအရ တကယ်တမ်းကုန်ကျရမယ့်ပမာဏကို ဒီဘက်က တောင်းထားတာ  ရှိတယ်။ ဒီဟာ ထွက်လာရင်တော့ ကြားထဲက နေ ပိုယူထားတဲ့ ထိုင်းဘက်ခြမ်းကပွဲစားတွေ ပြဿနာတက်လိမ့်မယ်” လို့ ဦးကျော်ထင်ကျော်က ပြောပါတယ်။

ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံဟာ အလုပ်သမားစေလွှတ်ရေးကို MoU စနစ်နဲ့လုပ်ဆောင်နေတာဖြစ်ပြီး မြန်မာနိုင်ငံက အကျိုးဆောင် အေဂျင်စီတွေကို ကျပ်တစ်သိန်းခွဲပဲယူဖို့အတွက် ညွှန်ကြားထားပြီး စည်းမျဉ်းစည်းကမ်းချိုးဖောက်တဲ့ အေဂျင်စီတွေဆိုရင် အရေးယူဆောင်ရွက်မှုတွေ လုပ်နေပြီးတော့ ထိုင်းနိုင်ငံဘက်ခြမ်းက အေဂျင်စီတွေဟာ သတ်မှတ်နှုန်းထားထက် ပိုတောင်းခံပြီး အမြတ်ထုတ်မှုတွေ လုပ်နေတယ်ဆိုရင် ထိုင်းနိုင်ငံဘက်ကို တရားဝင်ဆက်သွယ်ပြီး အရေးယူပေးဖို့ ဆောင်ရွက်ပေးမယ်လို့ မြန်မာနိုင်ငံ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောပါတယ်။

“MoU စနစ် ကျင့်သုံးနေတာဖြစ်တဲ့ အတွက် ထိုင်း DOE ရဲ့ အလုပ်ခေါ်စာကို အတည်ပြုရတယ်။ အလုပ်ခေါ်စာကို ဒီက ဝန်ကြီးဌာနကို တင်ပြရတယ်။ မှန်မမှန် ပြန်စိစစ်ရတယ်။ မြန်မာအေဂျင်စီတွေကို တရားဝင်သတ်မှတ်ထားတဲ့ ဝန်ဆောင်ခက ကျပ်တစ်သိန်းခွဲပဲ။ ပိုယူလို့မရဘူး။ ထိုင်းဘက်ခြမ်းက အေဂျင်စီတွေက ထိုင်းအစိုးရသတ်မှတ်ထားတာထက် ပိုတောင်းပြီး အမြတ်ထုတ်မှုတွေ လုပ်နေတယ်ဆိုရင် ထိုင်းဘက်ကို တရားဝင်ဆက်သွယ်ပြီး အရေးယူပေးဖို့ ဆောင်ရွက်ပေးပါမယ်” လို့ မြန်မာနိုင်ငံ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောပါတယ်။

ထိုင်းနိုင်ငံကို မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ လစဉ်ပျမ်းမျှ တစ်သောင်းခွဲလောက် MoU စနစ်နဲ့ ထွက်ခွာအလုပ်လုပ်နေကြတာဖြစ်ပြီး အများအားဖြင့် ဆင်းရဲတဲ့ ကျေးလက်ဒေသက လူတွေဟာ အလုပ်အကိုင်ရှားပါးမှု၊ စားဝတ်နေရေး ကျပ်တည်းမှုတွေကြောင့် မူရင်းလက်ငုတ်အလုပ်တွေကို စွန့်ခွာပြီး တစ်ရက်ပျမ်းမျှ ကျပ်တစ်သောင်းခွဲလောက်ရရှိတဲ့ ထိုင်းနိုင်ငံ စက်မှုလက်မှုလုပ်ငန်း၊ ရေလုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ ကုန်ထုတ်လုပ်ငန်းတွေမှာ အောက်ခြေအလုပ်သမားတွေအဖြစ် လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ တရားဝင်စနစ်ဖြစ်တဲ့ MoU စနစ်နဲ့ သွားရောက်လုပ်ကိုင်ပေမဲ့ မြန်မာနဲ့ ထိုင်းဘက်က အေဂျင်စီအချို့ရဲ့ မျက်နှာလွှဲခဲပစ်မှုတွေကြောင့် အလုပ်သမားအချို့ဟာ စာချုပ်ပါ အချက်တွေကို မခံစားရဘဲ လုပ်အားခ၊ အလုပ်နေရာ မတူညီမှုတွေ စတဲ့အချက်တွေ ချိုးဖောက်ခံနေမှုတွေလည်း ရှိနေတယ်လို့ ထိုင်းအခြေစိုက် အလုပ်သမားရေး ကူညီပေးနေတဲ့ AAC  အဖွဲ့မှ ကိုရဲမင်းက ပြောပါတယ်။ 

“ထိုင်းဘက်က အေဂျင်စီတွေရဲ့မတရား ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတွေကို ပြောရရင်တော့ မြန်မာအေဂျင်စီတွေက ထိုင်းဘက်က အလုပ်ခေါ်စာရှာပေးတဲ့ ပွဲစားတွေကို ကပ်ရပါတယ်။ ဒီထိုင်းပွဲစားတွေဘက်က အလုပ်ခေါ်စာပို့ပေးမှ မြန်မာအေဂျင်စီတွေက လူခေါ်လို့ရတာ။ ဒီအတွက် ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ နှုန်းထားထက် ပိုတောင်းတယ်ဆိုရင်လည်း မြန်မာအေဂျင်စီတွေက ပေးလိုက်ရတော့တာပဲ။ အဲဒီကုန်ကျစရိတ်ကို အလုပ်သမားတွေဆီကပဲ ကောက်လိုက်တယ်။ ဒီတော့ အလုပ်သမားတွေက အစိုးရ သတ်မှတ်ထားတာ ကျပ်တစ်သိန်းခွဲ၊ ထိုင်းဘက်ခြမ်းမှာ အလွန်ဆုံးပေးရ ဘတ် ၃၀၀၀ မကျော်ဘူး။ စုစုပေါင်း ကျပ်သုံးသိန်းလောက်ကုန်ကျမှာဖြစ်ပေမဲ့ တကယ်တမ်းပေးရတာတွေက ကျပ်ရှစ်သိန်းကနေ ၁၀ သိန်းကြား ပေးနေရတာပါ” လို့ ရွှေ့ပြောင်းမြန်မာ လုပ်သားအရေး ဆောင်ရွက်နေသူတစ်ဦးဖြစ်တဲ့ ကိုရဲမင်းက ဆိုသည်။               

Most Read

Most Recent