လသာမြို့နယ် ၁၉ လမ်း အလယ်ဘလောက်ရှိ တိုက်ခန်းတစ်ခန်းတွင် မီးလောင်မှုဖြစ်ပွားပြီး ခုနစ်နှစ်အရွယ် ကလေးတစ်ဦး သေဆုံး

လသာမြို့နယ် ၁၉ လမ်း အလယ်ဘလောက်ရှိ တိုက်ခန်းတစ်ခန်းတွင် မီးလောင်မှုဖြစ်ပွားပြီး ခုနစ်နှစ်အရွယ် ကလေးတစ်ဦး သေဆုံး
မီးလောင်မှု ဖြစ်ပွားခဲ့သော နေအိမ်တိုက်ခန်းအား တွေ့ရစဉ်
မီးလောင်မှု ဖြစ်ပွားခဲ့သော နေအိမ်တိုက်ခန်းအား တွေ့ရစဉ်
Published 14 October 2018

လသာမြို့နယ် ၁၉ လမ်း အလယ်ဘလောက်ရှိ တိုက်ခန်းတစ်ခန်းတွင် အောက်တိုဘာ ၁၃ ရက် မွန်းလွဲ ၂ နာရီ ၂၄ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး ခုနစ်နှစ်အရွယ် ကလေးတစ်ဦး မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁၃ ရက် မွန်းလွဲ ၂ နာရီ ၂၄ မိနစ်တွင် မဟာဗန္ဓုလလမ်းနှင့် အနော်ရထားလမ်းကြား၊ ၁၉ လမ်း အလယ်ဘလောက် တိုက်အမှတ် ၁၆၂ ခြောက်လွှာရှိ တိုက်ခန်းတွင် မီးပလပ်ခုံ၌ ဖုန်းနှင့်တီဗွီကြိုးများ အားသွင်းထားရာမှ အပူလွန်ကဲပြီး ဝိုင်ယာရှော့ဖြစ်ကာ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မီးလောင်မှု ဖြစ်ပွားချိန်တွင် အဆိုပါ တိုက်ခန်းအတွင်း ခုနစ်နှစ်အရွယ် ယောကျ်ားလေး တစ်ဦးနှင့် နှစ်နှစ်အရွယ် ယောကျ်ားလေးတစ်ဦးတို့ ရှိနေပြီး ၎င်းတို့၏ အဘိုးဖြစ်သူမှာ တိုက်ခန်းအောက်သို့ဆင်း၍ ဆီချက်ခေါက်ဆွဲ စားနေချိန်ဖြစ်ကြောင်း၊ မီးလောင်ကျွမ်းရာ နေရာသို့ အနီးနားပတ်ဝန်းကျင်ရှိလူများ လာရောက်မီးငြိမ်းသတ်ကာ နှစ်နှစ်အရွယ်ကလေး တစ်ဦးကိုသာ ကယ်ဆယ်နိုင်ခဲ့သည်။

သေဆုံးသူ ခုနစ်နှစ်အရွယ် ကလေးမှာ အိပ်ပျော်နေသည့်အတွက် အနီးပတ်ဝန်းကျင်ရှိလူများ လာရောက် ကယ်ဆယ်ချိန်တွင် မသိရှိလိုက်သဖြင့် မီးလောင်ဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်ကျွမ်းသည့် တိုက်ခန်းတွင် ကလေးနှစ်ဦးနှင့် ၎င်းတို့၏ အဘိုးဖြစ်သူတို့ သုံးဦးသာရှိနေပြီး မီးလောင်ချိန်တွင် ကလေး၏မိခင်မှာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရပြီး ၎င်းတို့၏ဖခင်မှာ မိခင်ဖြစ်သူအား ဆေးရုံတွင် လူနာစောင့်နေချိန် ယခုလို မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မီးလောင်တဲ့အချိန်မှာ အသက် ခုနစ်နှစ်အရွယ် အောင်ပိုင်ဟိန်းဆိုတဲ့ ကလေးလေး ရှိနေတယ်။ သူက အိပ်ပျော်နေတဲ့အတွက် မီးလောင်မှုနဲ့ သေဆုံးသွားပါတယ်။ မီးခိုးမွန်ပြီးတော့ မီးလောင်ဒဏ်ရာတွေနဲ့ အပေါ်အရေပြားတွေလောင်ပြီး ဆုံးသွားတာပါ။ သူတို့ အဘိုးက အောက်ဆင်းပြီး ဆီချက်ခေါက်ဆွဲ စားနေချိန် မီးလောင်တာပါ။ မီးလောင်တဲ့အချိန် ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေက မီးသတ်ဆေးဘူးတွေနဲ့ တက်ငြှိမ်းပြီးတော့ နှစ်နှစ်အရွယ်ကလေးကို ကယ်ဆယ်လာတယ်။ ခုနစ်နှစ်ကလေးက မီးတောက်ကကြီးတော့ ကယ်လို့မရဘူး။ မီးသတ်ကား ရောက်လာတဲ့အချိန် ကယ်တော့လည်း မီးက လောင်စာအရမ်းများ နေတဲ့အတွက် ဘယ်သူမှ ဝင်လို့မရဘူး။ ဝင်လို့မရတော့ အပေါ်မှာ ကလေးက အိပ်နေရင်းနဲ့ သေဆုံးသွားတာပါ” ဟု လသာမြို့နယ် အရန်မီးသတ်တပ်ရင်း ဒုတပ်ရင်းမှူး ရဲကျော်စွာအောင်လက ပြောကြားသည်။

မီးလောင်ကျွမ်းမှုကို Level 1 အဆင့် သတ်မှတ်ငြှိမ်းသတ်ခဲ့ပြီး ညနေ ၃ နာရီတွင် မီးငြှိမ်းသတ်နိုင်ကာ မီးလောင်မှုကြာမြင့်ချိန် ခုနစ်မိနစ်သာရှိသည်။

Most Read

Most Recent