မော်ရင်ဟိုနှင့် ပြန်လည်လက်တွဲလိုကြောင်း ဟာဇက်ပြောကြား

မော်ရင်ဟိုနှင့် ပြန်လည်လက်တွဲလိုကြောင်း ဟာဇက်ပြောကြား
Published 13 October 2018

ချယ်လ်ဆီးတောင်ပံကစားသမား ဟာဇက်က မန်ယူနည်းပြမော်ရင်ဟိုနှင့် ပြန်လည်လက်တွဲလိုကြောင်း ပြောကြားခဲ့သည်။ 

မန်ယူနည်းပြမော်ရင်ဟိုသည် ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ချယ်လ်ဆီးနည်းပြအဖြစ် ဒုတိယအကြိမ်ဆောင်ရွက်ခဲ့ပြီး ထိုစဉ်က ဟာဇက်မှာ ၄င်း၏လက်အောက်တွင်ကစားခဲ့ဖူးသည်။ 

ထို့အပြင် ဟာဇက်သည် မော်ရင်ဟိုလက်အောက်တွင် ချယ်လ်ဆီးအသင်း ၂၀၁၄-၁၅ ရာသီက ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိခဲ့စဉ်က အသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့သည်။ ဟာဇက်သည် ယင်းရာသီက ပရီးမီးယားလိဂ်တွင် (၁၄) ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး  ဂိုးဖန်တီးမှု (၁၀) ကြိမ်အထိပြုလုပ်နိုင်ခဲ့သည်။ 

၂၀၁၅ - ၁၆ ဘောလုံးရာသီတွင် ချယ်လ်ဆီးအသင်းသည် ရလဒ်များဆိုးရွားခဲ့ပြီး ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ (၁၇) ရက်တွင် နည်းပြ မော်ရင်ဟိုမှာ ရာထူးမှထုတ်ပယ်ခြင်းခံခဲ့ရသည်။

ဟာဇက်က ''ချယ်လ်ဆီးမှာ မော်ရင်ဟိုရဲ့ နောက်ဆုံးရာသီက ပျော်စရာတစ်စက်မှ မရှိခဲ့ပါဘူး။ ကျွန်တော်တို့နိုင်ပွဲတွေ ပျောက်ဆုံးခဲ့သလို သူကအလှည့်ကျစနစ်ကို အသုံးပြုခဲ့ပါတယ်။ ပိုပြီးဆိုးတာက လေ့ကျင့်ရေးအစီအစဉ်တွေကလည်း ခြောက်ကပ်နေခဲ့ပြီး ပျော်ရွှင်မှုတွေမရှိခဲ့ပါဘူး။ အဲဒီအချိန်က လမ်းခွဲလိုက်တာဟာ အားလုံးအတွက် အကောင်းဆုံးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်နည်းပြနဲ့ပြန်ပြီး လက်တွဲချင်သလဲလို့မေးလာရင်တော့ ကျွန်တော်ကတော့ မော်ရင်ဟိုလို့ပဲ ဖြေမှာပါ''ဟု ပြောကြားခဲ့သည်။

ထို့အပြင် ဟာဇက်က မန်ယူနည်းပြ မော်ရင်ဟိုမှာ ရလဒ်များကောင်းနေလျှင် အလွန်အဆင်ပြေသော်လည်း ရလဒ်များဆိုးရွားပါက ကစားသမားများကိုဝေဖန်တက်သူဖြစ်ကြောင်း ပြောကြားခဲ့သည်။

'' ရလဒ်တွေဆိုးရွားလာပြီဆိုတာနဲ့ မော်ရင်ဟိုဟာ သူ့ရဲ့ကစားသမားတွေကိုစပြီး ဝေဖန်တော့တာပါပဲ။ ဒါတွေက ိုခင်ဗျားတို့လည်း သိမှာပါ။ နောက်တော့မှ ကျွန်တော်နားလည်သွားပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါက မော်ရင်ဟိုရဲ့စရိုက်ဖြစ်နေလို့ပါ။ တကယ်လို့ နိုင်ပွဲတွေရနေမယ်ဆိုရင်တော့ မော်ရင်ဟိုဟာ အကောင်းဆုံးနည်းပြဖြစ်ပါတယ်။ အဲဒီအချိန်မျိုးမှာ သူဟာ ကစားသမားတွေအတွက် အကောင်းဆုံးသူငယ်ချင်းဖြစ်နေတတ်သလို ကစားသမားတွေက ခွင့်တစ်ရက်လိုချင်တယ်ဆိုရင်တောင် သူက ခွင့်(၂)ရက်အထိပေးတတ်တဲ့ လူမျိုးပါ '' ဟု ဟာဇက်က ပြောကြားခဲ့သည်။

Most Read

Most Recent