ပရီးမီးယားလိဂ် စက်တင်ဘာအကောင်းဆုံးဆုများကို နူနို၊ ဟာဇက်နှင့် စတာရစ်ချ်တို့ ဆွတ်ခူး

ပရီးမီးယားလိဂ် စက်တင်ဘာအကောင်းဆုံးဆုများကို နူနို၊ ဟာဇက်နှင့် စတာရစ်ချ်တို့ ဆွတ်ခူး
Published 12 October 2018

လစဉ်ပေးအပ်ချီးမြှင့်နေကျဖြစ်သည့် ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံးဆုရရှိသူများကို အောက်တိုဘာ (၁၂ )ရက်တွင် ထုတ်ပြန်ကြေညာရာ ဝုလ်ဗ်အသင်းနည်းပြ နူနို၊ ချယ်လ်ဆီးအသင်းတောင်ပံကစားသမား ဟာဇက်နှင့် လီဗာပူးလ်အသင်းတိုက်စစ်မှူး စတာရစ်ချ်တို့ရရှိခဲ့ကြောင်း သိရသည်။

ပေါ်တူဂီနိုင်ငံသားနည်းပြ နူနိုသည် တန်းတက်ဝုလ်ဗ်အသင်းအား စက်တင်ဘာလအတွင်း အမှတ်ပေးပွဲ(၄)ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ (၃)ပွဲနိုင်၊ (၁)ပွဲသရေဖြင့် ရှုံးပွဲမရှိစေရန် စွမ်းဆောင်ပေးခဲ့သည်။ ဝုလ်ဗ်အသင်းသည် ဝက်စ်ဟမ်း၊ ဘန်လေနှင့် ဆောက်သမ်တန် အသင်းတို့ကိုအနိုင်ရကာ မန်ယူအသင်းနှင့် သရေကျခဲ့သောကြောင့် နူနိုအနေဖြင့် အူနိုင်းအမ်မရီ (အာဆင်နယ်)၊ ယာဂန်ကလော့ပ် (လီဗာပူးလ်)၊ ဂွါဒီယိုလာ (မန်စီးတီး) တို့ကို ကျော်ဖြတ်ကာ အကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးရရှိခြင်းဖြစ်သည်။

ထို့ပြင် နူနိုသည် ရာသီအစ(၈)ပွဲစလုံး ပွဲထွက် (၁၁) ဦးစာရင်း အပြောင်းအလဲမလုပ်ဘဲ ယှဉ်ပြိုင်ကစားသည့် ပထမဆုံးနည်းပြအဖြစ်လည်း မှတ်တမ်းဝင်ထားသည်။ အကောင်းဆုံးကစားသမားဆုကို စက်တင်ဘာလအတွင်း (၄)ပွဲကစား (၅)ဂိုးသွင်းယူခဲ့သည့် ဟာဇက်က ဆွတ်ခူးရရှိခဲ့သည်။ ဟာဇက်သည် ဘုန်းမောက်၊ လီဗာပူးလ်အသင်းတို့နှင့်ပွဲတွင် တစ်ဂိုးစီ၊ ကာဒစ်ဖ်အသင်းနှင့်ပွဲတွင် ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီး ယင်းဆုကို ဒုတိယအကြိမ် ဆွတ်ခူးရရှိခြင်းဖြစ်သည်။

အကောင်းဆုံးသွင်းဂိုးဆုကို လီဗာပူးလ်အသင်းတိုက်စစ်မှူး စတာရစ်ချ်က ချယ်လ်ဆီးနှင့်ပွဲမှသွင်းဂိုးဖြင့် ဆွတ်ခူးရရှိခဲ့သည်။ စတာရစ်ချ်သည် စက်တင်ဘာ (၂၉) ရက်က ချယ်လ်ဆီးအသင်းနှင့်ကစားသည့်ပွဲ၌ ပွဲပြီးခါနီး (၈၉) မိနစ်တွင် ဘယ်ခြေအဝေးကန်ချက်ဖြင့် ဂိုးသမား၏ ဘယ်ဘက်ထောင့်သို့ လှလှပပကန်သွင်း၍ ချေပဂိုးသွင်းယူပေးခဲ့ခြင်းဖြစ်သည်။

 

Most Read

Most Recent