PSG အသင်းလူငယ်တိုက်စစ်မှူး ဘာပေက ၎င်းအနေဖြင့် မိမိကိုယ်ကို စီရော်နယ်လ်ဒို၊ မက်ဆီနှင့် နှိုင်းယှဉ်ခြင်းမရှိကြောင်း ပြောကြားခဲ့သည်။
ဘာပေသည် အသက် (၂၀)အရွယ်မပြည့်သော်လည်း အသက်(၂၀)အရွယ်တွင် စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့ထက် ဂိုးပိုသွင်းနိုင်ခဲ့ကြောင်း အချက်အလက်များအရ သိရသည်။
လာမည့် ဒီဇင်ဘာလ (၂၀)ရက်တွင်မှ အသက် (၂၀)ပြည့်မြောက် ဘာပေသည် လက်ရှိတွင် နိုင်ငံနှင့် ကလပ်အသင်းအတွက် (၆၈)ဂိုးအထိ သွင်းယူထားပြီး အသက်(၂၀)အရွယ်တွင် မက်ဆီက (၃၇)ဂိုးနှင့် စီရော်နယ်လ်ဒိုက ဂိုး(၂၀)သာ သွင်းယူနိုင်ခဲ့ကြောင်း သိရသည်။
ဘာပေက “သူတို့နဲ့ ကျွန်တော်က ခေတ်မတူပါဘူး။ ဒါကြောင့် အသက်(၂၀)မှာ ဂိုးဘယ်လောက်သွင်းနိုင်တယ်ဆိုပြီး ကျွန်တော့်ကို စီရော်နယ်လ်ဒို၊ မက်ဆီတို့နဲ့ နှိုင်းယှဉ်လို့ မရပါဘူး။ အရင်တုန်းကထက် ဒီနေ့ခေတ်မှာ
အချက်အလက်တွေက ပိုအရေးကြီးပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ မိမိကိုယ်ကို စီရော်နယ်လ်ဒို၊ မက်ဆီတို့ နှိုင်းယှဉ်တာမျိုး မရှိပါဘူး”ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဘာပေက ၎င်းအနေဖြင့် Ballon d’Or ဆုအတွက် ဆန်ခါတင် (၃၀)ဦးစာရင်းတွင် ပါဝင်နေသော်လည်း ဆုရရှိရေး၊ မရရှိရေးနှင့် ပတ်သက်ပြီး တွေးတောမနေကြောင်းလည်း ပြောကြားခဲ့သည်။
ဘာပေက “Ballon d’Or ဆုအကြောင်းကို ကျွန်တော် တွေးမနေပါဘူး။ ဘာလို့လဲဆိုတော့ တစ်ဦးချင်းဆုအကြောင်းကိုပဲ တွေးရင်း ကျွန်တော် တကိုယ်ကောင်းဆန်သွားမှာ စိုးပါတယ်။ ကျွန်တော်ကတော့ အကောင်းဆုံးကြိုးစားသွားမှာပါ။ ဘာတွေဆက်ဖြစ်မလာဆိုတာ စောင့်ကြည့်ကြတာပေါ့”ဟု ပြောကြားခဲ့သည်။