မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်နိုင်ငံအနေဖြင့် ဘက်မလိုက်ဘဲကြားနေ ဆောင်ရွက်ရန်လိုကြောင်း RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် ပြောကြား

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်နိုင်ငံအနေဖြင့် ဘက်မလိုက်ဘဲကြားနေ ဆောင်ရွက်ရန်လိုကြောင်း RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် ပြောကြား
Published 17 September 2017

RCSS ကိုယ်စားလှယ်အဖွဲ့၏ ပြည်တွင်းခရီးစဉ်နှင့် ပတ်သက်၍ စက်တင်ဘာ ၁၅ ရက်က ရန်ကုန်မြို့၌ မီဒီယာများနှင့် တွေ့ဆုံရှင်းလင်းစဉ် (ဓာတ်ပုံ-ချမ်းဝေစိုး)

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်နိုင်ငံအနေဖြင့် ဘက်မလိုက်ဘဲ ကြားနေဆောင်ရွက်ရန်လိုကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားသည်။

RCSS/SSA ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး ယွက်စစ်ဦးဆောင်သော RCSS ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၀ ရက်မှစတင်ကာ ပြည်တွင်းခရီးစဉ်အဖြစ် နေပြည်တော်နှင့် ရန်ကုန်မြို့များသို့ ရောက်ရှိနေပြီး ခရီးစဉ်နှင့်ပတ်သက်၍ စက်တင်ဘာ ၁၅ ရက်က ရန်ကုန်မြို့၌ မီဒီယာများနှင့် တွေ့ဆုံမှုပြုလုပ်ခဲ့ရာတွင် သတင်းထောက်တစ်ဦး၏ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်နိုင်ငံမှ ပါဝင်ဆောင်ရွက်နေမှုအပေါ် သဘောထားမေးမြန်းရာတွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံဆိုတာ နယ်နိမိတ်ချင်း ဆက်စပ်နေတဲ့ နိုင်ငံတွေ ဖြစ်ကြပါတယ်။ အကယ်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ဘက်မလိုက်ဘဲကြားနေပြီးတော့ ကျွန်တော်တို့ Peace Process (ငြိမ်းချမ်းရေးဖြစ်စဉ်) မှာကူညီမယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောကြားသည်။

ထို့ပြင် ယခုလာရောက်သည့် ခရီးစဉ်အတွင်း ရန်ကုန်မြို့၌ သံတမန်များနှင့် တွေ့ဆုံမှုတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း ၎င်းကပြောကြားသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကြားဝင်ညှိနှိုင်းမှုများ ဆောင်ရွက်ရန် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန်အား တာဝန်ပေးထားသည်။

မြန်မာ-တရုတ် နယ်စပ်တွင် အခြေစိုက်သော “ဝ” ဖွဲ့အပါအဝင် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တရုတ်နိုင်ငံအား ပါဝင်ဆောင်ရွက်ပေးရန် အစဉ်အမြဲ တောင်းဆိုမှုများ ရှိနေသည်။
မစ္စတာဆွန်ကော့ရှန်သည် မြန်မာ-တရုတ်နယ်စပ်ရှိ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးဆွေးနွေးမှုများနှင့် ပတ်သက်၍ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား အဓိကညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည်။

NCA လက်မှတ်ရေးထိုးခြင်းဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် တည်ငြိမ်အေးချမ်းမှုအတွက် အာမခံချက်ရရှိနိုင်မည့် အခြေအနေများအား တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ယခုလဆန်းပိုင်းကတွေ့ဆုံစဉ် မစ္စတာဆွန်ကော့ရှန်က ထည့်သွင်းဆွေးနွေးခဲ့သဖြင့် လက်ရှိ NCA စာချုပ်အားလက်မခံသည့် မြောက်ပိုင်းအဖွဲ့များအနေဖြင့် NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးရန် လိုအပ်ကြောင်း တရုတ်နိုင်ငံဘက်မှ ၎င်းတို့၏ သဘောထားအား ထုတ်ဖော်ပြောကြားလာသည့် အခြေအနေဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက်သည့် NCA လက်မှတ်ရေးထိုးထားသော ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့တာဝန်ရှိသူများကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင်းက တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ မစ္စတာ ဆွန်ကော့ရှန်ဦးဆောင်ကာ ဖိတ်ခေါ်တွေ့ဆုံမှုပြုလုပ်ခဲ့သည်။

ထို့အတူ မစ္စတာဆွန်ကော့ရှန်သည် ဖေဖော်ဝါရီလအတွင်း၌ပင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့သို့ သွားရောက်၍ NCA လက်မှတ်ရေးထိုးရခြင်း မရှိသေးသည့် အဖွဲ့များ ပါဝင်ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် တွေ့ဆုံထားသည်။

Most Read

Most Recent