ချယ်လ်ဆီးနည်းပြ ဆာရီမှာ ငွေမက်သူတစ်ဦးဟု အသင်းဟောင်း နာပိုလီဥက္ကဋ္ဌ ပြစ်တင်ဝေဖန်

ချယ်လ်ဆီးနည်းပြ ဆာရီမှာ ငွေမက်သူတစ်ဦးဟု အသင်းဟောင်း နာပိုလီဥက္ကဋ္ဌ ပြစ်တင်ဝေဖန်
Published 11 October 2018

    နာပိုလီအသင်းဥက္ကဋ္ဌ ဒီလော်ရန်းတစ်က အသင်းနည်းပြဟောင်း မော်ရီဇီယိုဆာရီမှာ ငွေမက်သူတစ်ဦးဖြစ်သည်ဟု အောက်တိုဘာ (၁၀)ရက်က စွပ်စွဲပြောကြားခဲ့သည်။ သို့သော် ၎င်းက လက်ရှိအသင်း နည်းပြ အန်ဆယ်လော့တီမှာ ၁၉၉၀ နောက်ပိုင်း စီးရီးအေချန်ပီယံဆု ပြန်လည်ရရှိရန်နှင့် ချန်ပီယံလိဂ်အောင်မြင်မှုရရှိရန် အသင်းတွင် ကာလကြာရှည်ရှိနေနိုင်ကြောင်းလည်း သုံးသပ်မှုများလည်း ပြုလုပ်ခဲ့သည်။

    ''နာပိုလီအသင်းမှာ ကာလကြာရှည်နေသွားမယ်လို့ ယုံကြည်ရတဲ့ နည်းပြတစ်ဦးနဲ့ ကျွန်တော် တွေ့ဆုံခဲ့ပြီးပါပြီ။ သူက တိုးထားပြီးသားစာချုပ်ကို မကြာခင်မှာပဲ ပြန်လည်ချုပ်ဆိုဖို့ ညှိနှိုင်းစေလိုပါတယ်။ ဒါဆို ကျွန်တော်တို့လက်မှတ်ထိုးထားတဲ့စာချုပ်ကကော ဘာတန်ဖိုးရှိတော့မှာလဲ။ သူ့ကို တစ်နှစ်လစာ ယူရို(၇)သိန်းကနေ (၁.၅)သန်းအထိ တိုးမြှင့်ပေးခဲ့ဖူးပါတယ်။ နောက်ထပ်စာချုပ်ချုပ်ဆိုဖို့ သူ ပြောဆိုနေတာ ကျွန်တော် တစ်ခါကြားခဲ့ဖူးပါတယ်။ သူက အရမ်းချမ်းသာချင်နေခဲ့သူပါ''ဟု ဒီလော်ရန်းတစ်က Corriere dello Sport နှင့်အင်တာဗျူးတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ ဆာရီသည် ဘောလုံးလောကမှ အနားယူခဲ့ပြီးနောက် ဘဏ်ဝန်ထမ်းအဖြစ် လန်ဒန်၊ ဇူးရစ်၊ ဖရန့်ဖတ်၊ လူဇင်ဘတ်မြို့များတွင် တာဝန်ထမ်းဆောင်ပြီးမှ နည်းပြလောကသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ဆာရီသည် လက်ရှိ ချယ်လ်ဆီးအသင်းတွင် တစ်နှစ်လုပ်ခ ယူရို(၆)သန်းအထိ ရရှိနေပြီး (၃)နှစ်စာချုပ် ချုပ်ဆိုထားခြင်းဖြစ်သည်။ အထက်ပါ ပမာဏမှာ နာပိုလီအသင်းတွင်  

ဆာရီနောက်ဆုံးရခဲ့သည့် တစ်နှစ် ဝင်ငွေ၏ (၄)ဆရှိနေကြောင်း သိရသည်။

    ထို့ပြင် ဒီလော်ရန်းတစ်က နည်းပြဖြစ်သူ အန်ဆယ်လော့တီ နှင့် အသင်းတိုက်စစ်ကစားသမား အင်ဆစ်ဂ်နီတို့၏ လတ်တလော စွမ်းဆောင်ရည်များကို ချီးကျူးခဲ့ပြီး အန်ဆယ်လော့တီကို နည်းပြသစ် အဖြစ်ခန့်အပ်ရန်အတွက် (၅) မိနစ်သာအချိန်ယူဆွေးနွေးခဲ့ရသည် ဟု ပြောကြားခဲ့သည်။

Most Read

Most Recent