UEFA Nations League အကြောင်း သိကောင်းစရာ 

UEFA Nations League အကြောင်း သိကောင်းစရာ 
Published 11 October 2018

UEFA Nations League ကို ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ယခင်က နိုင်ငံတကာခြေစမ်းပွဲများကစားခဲ့သည့်ကာလတွင် Nations League ပွဲစဉ်များကို အစားထိုးကစားစေရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ပရိသတ်များအနေဖြင့် ခြေစမ်းပွဲများထက် ပိုမိုအကြိတ်အနယ်ရှိနိုင်မည့် ပြိုင်ပွဲအသွင်ပွဲစဉ်များကို ခံစားရတော့မည်ဖြစ်ပြီး နောက်ဆုံးအဆင့်ပြိုင်ပွဲကိုမူ လာမည့်နှစ် နွေရာသီတွင် ကျင်းပသွားမည်ဖြစ်သည်။

ပြိုင်ပွဲပုံစံ

* UEFA အဖွဲ့ဝင်(၅၅)နိုင်ငံစလုံး ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည်။

* ပြိုင်ပွဲဝင်အသင်းများကို UEFA မှထုတ်ပြန်သော အဆင့်သတ်မှတ်ချက်များအလိုက် အုပ်စု(၄)အုပ်စု ခွဲခြားထားသည်။ ( ၂၀၁၈ ကမ္ဘာ့ဖလား ဥရောပဇုန်ခြေစစ်ပွဲကစားအပြီး ထုတ်ပြန်သော အဆင့်များကို အခြေခံသည်။)

* League A တွင် အဆင့်အမြင့်ဆုံး (၁၂)သင်း၊ League B တွင် အဆင့်(၁၂)နောက်တွင် ရပ်တည်နေသော အသင်း(၁၂)သင်း၊ League C တွင် အဆင့် (၂၄)နောက်တွင် ရပ်တည်နေသော အသင်း(၁၅)သင်း၊ League D တွင် ရပ်တည်မှုအနိမ့်ဆုံး အသင်း(၁၆)သင်း ပါဝင်မည်ဖြစ်သည်။

* League A နှင့် B ကို (၃)သင်း (၄)အုပ်စုအဖြစ် ခွဲခြားထားသည်။

* League C တွင် (၄)သင်း (၃)အုပ်စု နှင့် (၃)သင်း (၁)အုပ်စု၊ စုစုပေါင်း (၄)အုပ်စုအဖြစ် ယှဉ်ပြိုင်စေမည်ဖြစ်ပြီး League D တွင် (၄)သင်း (၄)အုပ်စုအဖြစ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

* ပွဲစဉ်များကို အိမ်ကွင်း၊ အဝေးကွင်းစနစ်ဖြင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

* League A မှ အုပ်စု(၄)အုပ်စု၏ အုပ်စုဗိုလ်များသည် ၂၀၁၉ ဇွန်လတွင် UEFA Nations League Finals ကိုယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အိမ်ရှင်နိုင်ငံကို UEFA အမှုဆောင်ကော်မတီက အဆိုပါ (၄)နိုင်ငံထဲမှ ရွေးချယ်ဆုံးဖြတ်မည်ဖြစ်သည်။

* League B ၊ C နှင့် D များ၏ အုပ်စုများမှ အုပ်စုဗိုလ်အသီးသီးသည် မိမိလိဂ်အထက်မှ လိဂ်သို့ တန်းတက်ခွင့်ရရှိမည်ဖြစ်သည်။

* League B ၊ C နှင့် D များ၏ အုပ်စုများမှ  အုပ်စုနောက်ဆုံးနေရာရရှိသော အသင်းများသည် မိမိလိဂ်၏အောက်အဆင့်သို့ တန်းဆင်းရမည် ဖြစ်သည်။ 

ယူရို ၂၀၁၈ ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်

Nations League ပြိုင်ပွဲကို ယူရို-၂၀၂၀ ပြိုင်ပွဲ ခြေစစ်ပွဲနှင့်လည်း ချိတ်ဆက်ထားသေးသည်။ ခြေစစ်ပွဲအဆင့်ကို (၅)သင်း (၅)အုပ်စု၊ (၆)သင်း (၅)အုပ်စုခွဲမည်ဖြစ်ပြီး အုပ်စု(၁)ခုက ထိပ်ဆုံး(၂)သင်းစီ တိုက်ရိုက်ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်၍ အုပ်စု(၁၀)ခုက အသင်း(၂၀) အမည်စာရင်းထွက်ပေါ်မည်ဖြစ်သည်။ ကျန်ဝင်ခွင့် (၄)နေရာကို Nations League Play-offs မှတစ်ဆင့် ဝင်ခွင့်ပေးရန် စီစဉ်ထားပြီး Nations League မှ League A,B,C,D သက်ဆိုင်ရာလိဂ်အလိုက် Play-offs ကစားစေကာ League အလိုက် ဗိုလ်စွဲသည့်တစ်သင်းစီကို ယူရို-၂၀၂၀ ပြိုင်ပွဲ  ခြေစစ်ပွဲအောင်စေမည်ဖြစ်သည်။ Play-offs  အဆင့်တွင် သက်ဆိုင်ရာလိဂ်အလိုက် အုပ်စုပထမရသည့်အသင်းများ ယှဉ်ပြိုင်ရန် ယေဘုယျစည်းမျဉ်းချမှတ်ထားသော်လည်း League A တွင် အသင်းကြီးများစွာပါဝင်နေသဖြင့် ယူရို-၂၀၂၀ ခြေစစ်ပွဲအတွက် တိုက်ရိုက်ခြေစစ်ပွဲအောင်အသင်းများစွာရှိလာနိုင်ပါသည်။ အုပ်စုပထမရအသင်းများကို Play-offs ကစားခွင့်ပေးထားသော်လည်း အဆိုပါအသင်းအားလုံး (သို့မဟုတ်) အချို့က ယူရိုခြေစစ်ပွဲအောင်ပြီးသားဖြစ်နေပါက လိုအပ်သောနေရာများအတွက် သက်ဆိုင်ရာလိဂ်ပြိုင်ပွဲမှ အုပ်စုဒုတိယရအသင်းများ၊အုပ်စုတတိယရအသင်းများ၏ အုပ်စုတွင်းကစားခဲ့သည့် စွမ်းဆောင်ရည်ကိုကြည့်ပြီး Ranking သတ်မှတ်ကာ အစားထိုးသွားမည်ဖြစ်သည် ။ ဥပမာအားဖြင့် League A မှ (၁၂)သင်းစလုံး ယူရိုခြေစစ်ပွဲအောင်မြင်ပြီးသားဖြစ်လျှင် (သို့မဟုတ်) Play-offs ကစားရမည့် (၄)နေရာအတွက် အသင်းအရေအတွက် မပြည့်မီခဲ့လျှင် အောက်တန်းလိဂ်၏ Ranking အမြင့်ဆုံးအသင်းများကို League A Play-offs ကို တက်ရောက်ကစားစေမည်ဖြစ်ပါသည်။ ခြွင်းချက်အနေဖြင့် League B,C,D မှ အုပ်စုပထမနေရာရထားသော အသင်းများသည် ယူရိုခြေစစ်ပွဲ မအောင်မြင်ထားလျှင်ပင် Ranking စီသည့်အထဲတွင် မပါဝင်နိုင်ပေ။ အဆိုပါအသင်းများသည် ယူရိုဝင်ခွင့်အတွက် သက်ဆိုင်ရာအတန်းများတွင်သာ Play-offs ကစားရမည် ဖြစ်သည်။ UEFA က ကျင်းပသည့် ပြိုင်ပွဲဖြစ်၍ အုပ်စုတွင်းအမှတ်တူခဲ့လျှင် Head to Head ဖြင့်သာ ဆုံးဖြတ်မည်ဖြစ်ကြောင်း Nations League ပြိုင်ပွဲစည်းမျဉ်းများတွင် ဖော်ပြထားပါသည်။

ပြိုင်ပွဲဆုကြေးများ

League A : ယူရို (၁.၅) သန်း

League B : ယူရို (၁) သန်း

League C : ယူရို (၇.၅) သိန်း

League D : ယူရို (၅) သိန်း

(လိဂ်အဆင့်အလိုက် ပြိုင်ပွဲဝင်အသင်းတိုင်း

ရရှိမည့်ဆုကြေး ဖြစ်သည်။)

League A : ယူရို (၁.၅) သန်း

League B : ယူရို (၁) သန်း

League C : ယူရို (၇.၅) သိန်း

League D : ယူရို (၅) သိန်း

(လိဂ်အဆင့်အလိုက် အုပ်စုတွင်း ပထမရခဲ့လျှင် ရရှိမည့်ဆုကြေး ဖြစ်သည်။)

ချန်ပီယံ    - ယူရို (၄.၅) သန်း

ဒုတိယ    - ယူရို (၃.၅) သန်း

တတိယ    - ယူရို (၂.၅) သန်း

စတုတ္ထ    - ယူရို (၁.၅) သန်း

(League A ပြိုင်ပွဲ အုပ်စုပထမရ (၄)သင်းကို နောက်ဆုံး အဆင့်ပြိုင်ပွဲ ယှဉ်ပြိုင်ကစားစေပြီး ဆုကြေးချီးမြှင့်မှုဖြစ်သည်။)

 

 

 

 

Most Read

Most Recent