ဘာစီလိုနာနှင့် အခြား စပိန်ကမ်းခြေ မြို့တစ်မြို့တွင် တိုက်ခိုက်မှုများကြောင့် ၁၃ ဦး သေဆုံး၊ ၁၀၀ ကျော် ဒဏ်ရာရရှိ

ဘာစီလိုနာနှင့် အခြား စပိန်ကမ်းခြေ မြို့တစ်မြို့တွင် တိုက်ခိုက်မှုများကြောင့် ၁၃ ဦး သေဆုံး၊ ၁၀၀ ကျော် ဒဏ်ရာရရှိ
Published 19 August 2017

လူအုပ်ထဲသို့ ဝင်တိုက်ခဲ့သည့် ဗင်ကားအား သြဂုတ် ၁၈ ရက်က ဘာစီလိုနာတွင် ဆွဲယူသွားသည်ကို တွေ့ရစဉ် (Photo: AFP)

စပိန်၏ ဘာစီလိုနာမြို့တွင် သြဂုတ် ၁၇ ရက် နှောင်းပိုင်း၌ ဗင်ကားတစ်စီးက လူအုပ်ထဲ ဝင်တိုးခဲ့ပြီးနောက် လူ ၁၃ ဦး သေဆုံးသွားခဲ့ပြီး လူအမြောက်အမြား ဒဏ်ရာရရှိခဲ့သည်။ ထိုဖြစ်ရပ်ပြီးနောက် ရှစ်နာရီအကြာတွင် ဘာစီလိုနာ တောင်ဘက် ၁၂၀ ကီလိုမီတာ အကွာမှ ကာဘရေးမြို့တွင် Audi A3 ကားတစ်စီးက လမ်းသွားလမ်းလာများကို ဝင်တိုက်ခဲ့ရာ ခြောက်ဦး ဒဏ်ရာ ရရှိသွားခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ကာဘရေးမြို့တွင် တိုက်ခိုက်သူ ငါးဦးအား ပစ်သတ်ခဲ့ပြီး တိုက်ခိုက်မှုကို ဟန့်တားခဲ့ဟု စပိန်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ကာဘရေး တိုက်ခိုက်မှုတွင် တိုက်ခိုက်သူများသည် ဖောက်ခွဲရေးဝတ်စုံများ ဝတ်ထားခဲ့ကြောင်း ရဲတပ်ဖွဲ့ဆိုသည်။

ဘာစီလိုနာ တိုက်ခိုက်မှုသည် ၎င်းတို့ လက်ချက်ဖြစ်ကြောင်း IS အဖွဲ့က ပြောကြားခဲ့ပြီး ယာဉ်မောင်းသည် ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဘာစီလိုနာ အလယ်ပိုင်းတွင် ကမ္ဘာလှည့် ခရီးသွားများ ပြည့်နှက်နေသော လမ်း၌ အဖြူရောင်ဗင်ကားက လူအုပ်ထဲ ဝင်တိုးခဲ့ခြင်းဖြစ်ပြီး အထိတ်တလန့်နှင့် ပရမ်းပတာ ဖြစ်သွားခဲ့ရသည်။ ယင်းတိုက်ခိုက်မှု၌ လူ ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ပြီး ၁၅ ဦးက ဒဏ်ရာပြင်းထန်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ထိုတိုက်ခိုက်မှုအတွက် လူနှစ်ဦးအား ဖမ်းဆီးခဲ့ပြီး ဗင်ကားယာဉ်မောင်းသည် ခြေလျင် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ နောက် ရှစ်နာရီအကြာတွင် ဖြစ်ပွားခဲ့သော ကာဘရေးမြို့ တိုက်ခိုက်မှုတွင် တိုက်ခိုက်သူ ငါးဦးကို ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့သည်။

ဘာစီလိုနာ၏ နာမည်ကျော် Las Ramblas လမ်းမကျယ်ကြီးတွင် ကားတိုးခံရမှုကြောင့် လူများ လွင့်ထွက်သွားခဲ့ပြီး အသက်လုပြေးခဲ့ကြရသည့် မြင်ကွင်းကို မျက်မြင် သက်သေများက ပြန်ပြောင်းပြောကြားခဲ့ကြသည်။ ယင်းတိုက်ခိုက်မှုအတွက် ကမ္ဘာ့ခေါင်းဆောင်များက တညီတညွတ်တည်း ရှုတ်ချခဲ့ကြပြီး IS တို့၏ ဝါဒဖြန့် သတင်းအေဂျင်စီ Amaq က ဘာစီလိုနာ တိုက်ခိုက်မှုကို ၎င်းတို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

စပိန်တစ်ဦးနှင့် မော်ရိုကိုတစ်ဦး အပါအဝင် မသင်္ကာသူ သုံးဦးကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။ ဘာစီလိုနာနှင့် ကာဘရေးမြို့တို့ တည်ရှိကာ ကာတာလိုနီးယားဒေသ၏ ဥက္ကဋ္ဌ ကားလက်ပွေ ဒီမောင့်က ထွက်ပြေးလွတ်မြောက်နေဆဲ တရားခံသည် အန္တရာယ်ပေးနိုင်ဆဲဖြစ်ကြောင်း သတိပေးခဲ့သည်။

ဘာစီလိုနာ တိုက်ခိုက်မှု၌ ဒဏ်ရာရခဲ့သူများတွင် နိုင်ငံ ၁၈ နိုင်ငံမှ နိုင်ငံသားများ ပါဝင်ခဲ့ကြောင်း စပိန် ပြည်သူ့ကာကွယ်ရေး အေဂျင်စီက ထုတ်ပြန်ခဲ့သည်။ Las Ramblas တိုက်ခိုက်မှုတွင် ၎င်းတို့နိုင်ငံသားတစ်ဦး သေဆုံးခဲ့ကြောင်း ဘယ်လ်ဂျီယံက ပြောကြားခဲ့သည်။ Las Ramblas သည် ဘာစီလိုနာ၏ အစည်ကားဆုံး လမ်းမကျယ်တစ်ခုဖြစ်ပြီး ဈေးဆိုင်များ၊ စားသောက်ဆိုင်များ စီတန်းတည်ရှိကာ ပုံမှန်အားဖြင့် ကမ္ဘာ့လှည့် ခရီးသွားများ စည်ကားသည်။

စပိန်သည် ကမ္ဘာလှည့် ခရီးသွားများအကြား တတိယ အကျော်ကြားဆုံး နေရာဖြစ်ပြီး အနီးနားရှိ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ဂျာမနီတို့တွင် ကြုံခဲ့ရသော အကြမ်းဖက် တိုက်ခိုက်မှုများနှင့် မကြာသေးမီ အချိန်အထိ ကင်းလွတ်နေခဲ့သည်။ သို့သော်လည်း စပိန်သည် ဂျီဟတ်တိုက်ခိုက်မှုများနှင့် စိမ်းသည့် နိုင်ငံမဟုတ်ဘဲ ၂၀၀၄ ခုနှစ် မတ်လတွင် ဥရောပ၌ အပြင်းထန်ဆုံးသော အကြမ်းဖက်တိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရသည်။ မက်ဒရစ်တွင် ခရီးသည် ရထားများ ဗုံးခွဲခံရမှုကြောင့် လူ ၁၉၁ ဦးသေဆုံးခဲ့ပြီး ဥရောပတွင် အဆိုးရွားဆုံး အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ခဲ့သည်။

Ref: AFP

Most Read

Most Recent