မြောက်ကိုရီးယားနှင့် ငြိမ်းချမ်းရေး ဖြစ်နိုင်ခြေရှိဟု အမေရိကန် ထိပ်တန်းဗိုလ်ချုပ် ပြောကြား

မြောက်ကိုရီးယားနှင့် ငြိမ်းချမ်းရေး ဖြစ်နိုင်ခြေရှိဟု အမေရိကန် ထိပ်တန်းဗိုလ်ချုပ် ပြောကြား
Published 18 August 2017

သြဂုတ် ၁၇ ရက်က ပေကျင်းတွင် တွေ့ဆုံနေသော အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့များ အကြီးအကဲ ဒန်ဖို့ (ဝဲ) နှင့် တရုတ် ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဖန်ချန်းလုံ (ယာ)

မြောက်ကိုရီးယားနှင့် ငြိမ်းချမ်းရေးသည် ဖြစ်နိုင်ခြေရှိကြောင်း အမေရိကန်၏ ရာထူးအမြင့်ဆုံး ဗိုလ်ချုပ်ကြီး ဂျိုးဒန်ဖို့က သြဂုတ် ၁၇ ရက်တွင် ပြောကြားခဲ့သည်။ ပေကျင်းသို့ သွားရောက်ခဲ့သော အမေရိကန် လက်နက်ကိုင်တပ်ဖွဲ့များ အကြီးအကဲ ဒန်ဖို့က တောင်ကိုရီးယားနှင့် စစ်ရေးလေ့ကျင့်မှုများကို နောက်ကြောင်းပြန်လှည့်ရန် အမေရိကန်၌ အစီအစဉ် မရှိဟုလည်း ပြောကြားခဲ့သည်။

တောင်ကိုရီးယားနှင့် အမေရိကန်၏ စစ်ရေးလေ့ကျင့်မှုများကို တရုတ်နှင့် မြောက်ကိုရီးယားတို့က ဒေါသထွက်နေကြသည်။

“ကျွန်တော် စိတ်ကူးလို့ မရတာက စစ်ရေးအရ ရွေးချယ်မှုတစ်ခုအတွက် မဟုတ်ပါဘူး။ မြောက်ကိုရီးယားကို ထိပ်ဖူးတပ်ဒုံးကျည် ထုတ်လုပ်ခွင့်ပေးလိုက်ရင် အမေရိကန်ကို ခြိမ်းခြောက်နိုင်ပြီး ဒေသတွင်းကို ဆက်လက်ခြိမ်းခြောက်နေမလားဆိုတာက စိတ်ကူးလို့ ရပါတယ်” ဟု ဒန်ဖို့က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် နျူကလီးယား လက်နက်များ ထုတ်လုပ်ရာတွင် အလျင်အမြန်တိုးတက်နေပြီး အမေရိကန်ထိ ရောက်နိုင်သော ဒုံးများ ထုတ်လုပ်နိုင်မှုကြောင့် မကြာသေးခင်လများအတွင်း တင်းမာမှုများ မြင့်တက်နေခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြုံယမ်းသည် အမေရိကန်ကို ခြိမ်းခြောက်ခဲ့လျှင် ဒေါသနှင့် တုံ့ပြန်မှုကို ရင်ဆိုင်ရမည်ဟု သတိပေးခဲ့ပြီးနောက် မကြာမီ ပြုံယမ်းကလည်း အမေရိကန် ပိုင်နက် ပစိဖိတ်ကျွန်း ဂူအမ်ကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

ယခုသီတင်းပတ်အစောပိုင်းက တောင်ကိုရီးယားသို့ သွားရောက်ခဲ့ပြီး သြဂုတ် ၁၇ ရက် ညနေတွင် ဂျပန်သို့ သွားရောက်ခဲ့သည့် ဒန်ဖို့က မြောက်ကိုရီးယား၏ လက်နက်စီမံကိန်းများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။ ဒန်ဖို့က စစ်ရေးအရ ဖြေရှင်းမှုသည် ဆိုးရွားမှုဖြစ်လာမည်ဟု လက်ခံအသိအမှတ်ပြုထားသည်။ သို့သော်လည်း နိုင်ငံရေးဆွေးနွေးပွဲအတွက် အခြေအနေ ဖန်တီးရန် သံတမန်ရေးနှင့် စီးပွားရေး ဖိအားပေးဆောင်ရွက်မှုများက မအောင်မြင်ခဲ့လျှင် စစ်ရေးအရ ဖြေရှင်းမှုကို စဉ်းစားမည်ဟု ဒန်ဖို့က ပြောကြားခဲ့သည်။

သြဂုတ် ၁၅ ရက်တွင် တရုတ်က မြောက်ကိုရီးယားအား ပိတ်ဆို့အရေးယူမှုများကို စတင်အကောင်အထည်ဖော်ခဲ့ပြီ ဖြစ်သည်။ ပြုံယမ်းအတွက် တစ်နှစ်လျှင် ဒေါ်လာတစ် ဘီလျံအထိ ဆုံးရှုံးနိုင်သည့် စီးပွားရေးပိတ်ဆို့ အရေးယူမှုများကို လုံခြုံရေးကောင်စီက ယခုလအစောပိုင်းတွင် ပြဋ္ဌာန်းခဲ့သည်။

တရုတ်သည် မြောက်ကိုရီးယားကုန်သွယ်မှု၏ ၉၀ ရာခိုင်နှုန်းကို ဆောင်ရွက်နေသော အကြီးဆုံးမဟာမိတ် ဖြစ်သည်။ တရုတ်၏ သြဇာကြီးသော ဗဟိုစစ်ကော်မရှင်၏ ဒုဥက္ကဋ္ဌ ဖန်ချန်းလုံက မြောက်ကိုရီးယားအကျပ်အတည်းကို ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် ထိရောက်စွာ ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း ဒန်ဖို့ကို ပြောကြားခဲ့သည်။

Most Read

Most Recent