ထိုင်ဝမ်ကို ဒုတိယမြောက် တိုင်ဖွန်း ဝင်ရောက်

ထိုင်ဝမ်ကို ဒုတိယမြောက် တိုင်ဖွန်း ဝင်ရောက်
Published 31 July 2017

ဇူလိုင် ၃၀ ရက်က ထိုင်ဝမ်သို့ နီဆက်တိုင်ဖွန်း ဝင်ရောက်ပြီးနောက် လဲပြိုခဲ့သော သစ်ပင်တစ်ပင်နံဘေးမှ ဖြတ်သန်းသွားသူတစ်ဦး (Photo: AFP)

ထိုင်ဝမ်တွင် ၂၄ နာရီအတွင်း ဒုတိယမြောက် တိုင်ဖွန်းတစ်လုံး ထပ်မံဝင်ရောက်ခဲ့ပြီး ဇူလိုင် ၃၁ ရက်က ကျွန်း၏တောင်ပိုင်းနှင့် အလယ်ပိုင်းများကို ဝင်မွှေသွားခဲ့သည်။ ယခုနှစ်အတွင်း ထိုင်ဝမ်အတွက် ပထမဆုံး မုန်တိုင်းဖြစ်သည့် နီဆက်တိုင်ဖွန်းကြောင့် လူ ၁၀၀ ကျော် ဒဏ်ရာရခဲ့ပြီး စီးပွားရေးလုပ်ငန်းများလည်း ရပ်ဆိုင်းခဲ့ရသည်။

တောင်ပိုင်း ကမ်းရိုးတန်းရှိ ဒုတိယအကြီးဆုံးမြို့ ကောင်းရွှင်တွင် ဟိုင်တန်တိုင်ဖွန်းကြောင့် မိုးကြီးမှုများနှင့် ရေကြီးမြေပြိုမှုများ ဖြစ်ပွားခဲ့သည်။ ဟိုင်တန်တိုင်ဖွန်းကြောင့် ဇူလိုင် ၃၀ နေ့လယ်ပိုင်းက တောင်ပိုင်းနှင့် အရှေ့တောင်ပိုင်းတွင် မြေပြိုမှုများ ဖြစ်ပွားခဲ့ကြောင်း ထိုင်ဝမ်အစိုးရက ပြောကြားခဲ့သည်။ ထိုင်ဝမ်တွင် နှစ် ၅၀ အတွင်း မုန်တိုင်းနှစ်လုံး ဆက်တိုက်ဝင်ရောက်မှုသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း မိုးလေဝသဗျူရိုက ပြောကြားခဲ့သည်။

ဇူလိုင် ၂၉ ရက်က ထိုင်ဝမ်ကို ဝင်ရောက်ခဲ့သည့် နီဆက်တိုင်ဖွန်းသည် တစ်နာရီ မိုင် ၇၀ နှုန်းရှိခဲ့ပြီး ထိုင်ဝမ်ကို ဝင်ရောက်ခဲ့ပြီးနောက် တရုတ်၏ ဖူကျန့်ပြည်နယ်သို့ ဦးတည်သွားခဲ့ကြောင်း ထိုင်ဝမ်မိုးလေဝသဗျူရိုနှင့် တရုတ်အစိုးရသတင်းအေဂျင်စီ ဆင်ဟွာက ဖော်ပြခဲ့သည်။

နီဆက်တိုင်ဖွန်းကြောင့် လူ ၁၂၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီး အိမ်ထောင်စု သန်းဝက်ခန့်သည် လျှပ်စစ်မီးပြတ်တောက်ခဲ့ကြောင်း သိရသည်။ နီဆက်တိုင်ဖွန်းသည် ထိုင်ဝမ်ကို ဝင်ရောက်ချိန်က တစ်နာရီ ကီလိုမီတာ ၁၈၀ နှုန်းအထိ လေတိုက်နှုန်း ရှိခဲ့သည်။

Ref: AFP

Most Read

Most Recent