လေယာဉ်တစ်စင်းအား ဖောက်ခွဲရေးပစ္စည်းဖြင့် ပျက်ကျစေရန် လုပ်ဆောင်မည့် အစီအစဉ်တစ်ခုကို သြစတြေးလျက ဟန့်တားနိုင်ခဲ့

လေယာဉ်တစ်စင်းအား ဖောက်ခွဲရေးပစ္စည်းဖြင့် ပျက်ကျစေရန် လုပ်ဆောင်မည့် အစီအစဉ်တစ်ခုကို သြစတြေးလျက ဟန့်တားနိုင်ခဲ့
Published 31 July 2017

လုံခြုံရေးတိုးမြှင့်ခဲ့သည့် ဆစ်ဒနီရှိ ပြည်တွင်းလေဆိပ် ခန်းမဆောင်တစ်ခု၌ ဇူလိုင် ၃၁ ရက်က တွေ့ရသော ခရီးသည်များ (Photo: AP)

ဖောက်ခွဲရေးပစ္စည်းတစ်ခုသုံး၍ လေယာဉ်တစ်စင်းအား ပျက်ကျစေရန် လုပ်ဆောင်မည့် အစ္စလာမ္မစ်အားကျသော အကြမ်းဖက်အစီအစဉ်တစ်ခုကို ဟန့်တားနိုင်ခဲ့ကြောင်း သြစတြေးလျက ဇူလိုင် ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းအစီအစဉ်အား လူတစ်ဦးတည်းက စီစဉ်ထားသည်ဆိုခြင်းထက် ပို၍အသေးစိတ် စီစဉ်ထားဖွယ်ရှိကြောင်း ဝန်ကြီးချုပ်မယ်ကွန်းတန်ဘူးက ပြောကြားခဲ့သည်။ နိုင်ငံတစ်ဝန်းရှိ အဓိကကျသော ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာ လေဆိပ်များတွင် လုံခြုံရေးကို တင်းကျပ်ထားစဉ် ဆစ်ဒနီတွင် စီးနင်းခဲ့မှု၌ အာဏာပိုင်များက လူလေးဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

လေယာဉ်အား ပျက်ကျစေရန် ကြံစည်လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခံရသော ယင်းအမျိုးသားလေးဦးသည် အသားကြိတ်စက်ပုံစံ ပြုလုပ်ထားသော အဆိပ်ဓာတ်ငွေ့ သို့မဟုတ် အကြမ်းထည်ဗုံးအား အသုံးပြုရန် စီစဉ်ထားခဲ့ကြောင်း၊ ယင်းစီစဉ်မှုများသည် အဆင့်မြင့်ကြောင်း သြစတြေးလျ တာဝန်ရှိသူများက ပြောကြားခဲ့သည်ဟု သတင်းဌာနများက ဇူလိုင် ၃၁ ရက်တွင် ဖော်ပြခဲ့သည်။

လက်ဘနွန်-သြစတြေးလျနွယ်ဖွား အမျိုးသားနှစ်ဦးနှင့် ၎င်းတို့၏သားများဖြစ်သော ယင်းစွပ်စွဲခံရသူများသည် ဇူလိုင် ၃၀ ရက်ညနေက ဆစ်ဒနီ၌ စီးနင်းခဲ့မှုတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ၎င်းတို့သည် ဆစ်ဒနီမှ အရှေ့အလယ်ပိုင်းရှိ မြို့တစ်မြို့သို့ ထွက်ခွာမည့် လေယာဉ်ပေါ်သို့ ယင်းဖောက်ခွဲရေးပစ္စည်းအား လက်ဆွဲတစ်ခုအဖြစ် သယ်ဆောင်သွားရန် စီစဉ်ခဲ့သည်ဟု ယူဆရကြောင်း Sydney Daily Telegraph ကဖော်ပြခဲ့သည်။

အသားကြိတ်စက်ကဲ့သို့ မီးဖိုချောင်သုံးပစ္စည်းတစ်ခုထဲတွင် သစ်တိုသစ်စများနှင့် ဖောက်ခွဲရေးပစ္စည်းကို အသုံးပြုရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းစာက ဖော်ပြခဲ့သည်။ သမားရိုးကျမဟုတ်သော ယင်းပစ္စည်းသည် အဆိပ်သင့်စေသော ဆာလဖာဓာတ်ငွေ့များကို ထုတ်လွှတ်နိုင်ကြောင်း သတင်းရင်းမြစ်များစွာကို ကိုးကား၍ The Australian သတင်းစာက ဖော်ပြခဲ့သည်။ ယင်းဓာတ်ငွေ့ကြောင့် လေယာဉ်ပေါ်လိုက်ပါလာသူများကို သေဆုံး သို့မဟုတ် မလှုပ်ရှားနိုင်တော့ခြင်း ဖြစ်စေနိုင်ကြောင်းလည်း ဖော်ပြခဲ့သည်။

တရားဝင်စွဲချက်များ စွဲဆိုခြင်းမခံရသေးသော ယင်းအမျိုးသားလေးဦးအား နောက်ထပ်ခုနစ်ရက် ထိန်းသိမ်းရန် အောက်တရားရုံးတစ်ရုံးက ဇူလိုင် ၃၀ ရက်နှောင်းပိုင်းတွင် ရဲတပ်ဖွဲ့ကို ခွင့်ပြုခဲ့သည်။ ယင်းအမျိုးသားများအား တစ်စုံတစ်ဦးက ညွှန်ကြားခဲ့ဖွယ်ရှိကြောင်း ပြည်ပထောက်လှမ်းရေး အေဂျင်စီတစ်ခုထံမှ သတင်းရခဲ့ပြီးနောက် သြစတြေးလျရဲတပ်ဖွဲ့က ယင်းကဲ့သို့လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

သြစတြေးလျ၌ IS အဖွဲ့ကဲ့သို့ အကြမ်းဖက်အဖွဲ့များအား အားကျသည့် တစ်ဦးချင်းစီ၏ တိုက်ခိုက်မှုများကို စိုးရိမ်နေစဉ် ၂၀၁၄ ခုနှစ်စက်တင်ဘာတွင် နိုင်ငံလုံးဆိုင်ရာ အကြမ်းဖက်တိုက်ခိုက်မှု တပ်လှန့်သည့် အဆင့်ကိုတိုးမြှင့်ခဲ့သည်။ သြစတြေးလျအစိုးရသည် အကြမ်းဖက်တိုက်ခိုက်မှုများအား နှိမ်နင်းရန် ပြည်တွင်းထောက်လှမ်းရေးအဖွဲ့၊ နယ်စပ်တပ်ဖွဲ့နှင့် အမျိုးသားရဲတပ်ဖွဲ့တို့အပါအဝင် လုံခြုံရေးအေဂျင်စီများအား ပေါင်းစပ်ထားသည့် စူပါဝန်ကြီးဌာနတစ်ခုကို ယခုလတွင် ဖွဲ့စည်းခဲ့သည်။ ယခုဟန့်တားနိုင်သည့် အစီအစဉ်မတိုင်မီ ပြီးခဲ့သောနှစ်အနည်းငယ်အတွင်း အကြမ်းဖက်တိုက်ခိုက်ရန် အစီအစဉ်စုစုပေါင်း ၁၂ ခုကိုဟန့်တားနိုင်ခဲ့ပြီး လူ ၇၀ အားစွဲချက်တင်ခဲ့ကြောင်း သြစတြေးလျက ထုတ်ပြန်ခဲ့သည်။
Writer- Ref: AFP

Most Read

Most Recent