ဟမ်းဘတ်ရှိ စူပါမားကတ်တွင် ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရ

ဟမ်းဘတ်ရှိ စူပါမားကတ်တွင် ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရ
Published 29 July 2017


ဇူလိုင် ၂၈ ရက်က ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် ဟမ်းဘတ်မြို့ရှိ စူပါမားကတ်တစ်ဝိုက်တွင် စစ်ဆေးနေသည့် ရဲတပ်ဖွဲ့ဝင်များ (Photo: AFP)

ဂျာမနီတွင် နိုင်ငံခိုလှုံခွင့် မရရှိခဲ့သည့် အမျိုးသား တစ်ဦးက ဇူလိုင် ၂၉ ရက်တွင် နိုင်ငံ မြောက်ပိုင်း၊ ဟမ်းဘတ်မြို့ရှိ စူပါမားကတ် တစ်ခုတွင် “ဘုရားသခင်သည် အကြီးမြတ်ဆုံး” ဟု ဟစ်အော်ကာ ဈေးဝယ်သူများကို ဓားတစ်ချောင်းဖြင့် တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့သည်။ နောက်ပိုင်းတွင် ထိုအမျိုးသားကို ဖြတ်သွားဖြတ်လာများက ဝိုင်းဝန် ထိန်းချုပ်နိုင်ခဲ့ကြသည်။ ယင်းတိုက်ခိုက်မှုအတွင်း လူတစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဂျာမနီတွင် ပါလီမန်ရွေးကောက်ပွဲများ ကျင်းပရန် သီတင်းပတ် အနည်းငယ်သာ လိုတော့စဉ် ယခု တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့်အတွက် ရွှေ့ပြောင်းခိုလှုံသူများနှင့် ပတ်သက်သည့် စကားစစ်ထိုးမှုများသည် တစ်ဖန် ပြန်လည် စတင်လာတော့မည့်ပုံ ရှိနေသည်။

တိုက်ခိုက်သူ အမျိုးသားသည် အသက် ၂၆ နှစ်အရွယ်ရှိပြီး ယူအေအီးနိုင်ငံမှဖြစ်သည်။ ယခုတိုက်ခိုက်မှုသည် အမုန်းတရား၏ လှုံ့ဆော်မှုကြောင့်ဖြစ်ကြောင်း မြို့တော်ဝန် အိုလပ်ရှောက ပြောကြားခဲ့သော်လည်း အကြမ်းဖက် ဖြစ်စဉ်တစ်ခုဟု ကြေညာခဲ့ခြင်း မရှိပေ။ “ဒီရာဇဝတ်သားဟာ ကျွန်တော်တို့ရဲ့ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းကို အကြောက်တရားနဲ့ အဆိပ်ခတ်ချင်ခဲ့ပါတယ်။ ဒါပေမဲ့ သူမအောင်မြင်ခဲ့ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။

ယခု တိုက်ခိုက်မှုသည့် အစ္စလာမ္မစ် တိုက်ခိုက်မှု ဖြစ်လာပါက ဂျာမနီတွင် ဒီဇင်ဘာ ၁၉ ရက်က ဘာလင်ခရစ်စမတ်ဈေးတန်းသို့ တူနီးရှား အမျိုးသားတစ်ဦးက ထရပ်ကားဖြင့် ဝင်တိုက်ခဲ့ပြီးနောက်ပိုင်း ပထမဆုံး အစ္စလာမ္မစ် တိုက်ခိုက်မှု ဖြစ်လာမည် ဖြစ်သည်။ ယင်းဖြစ်စဉ်အတွင်း လူ ၁၂ ဦး သေဆုံးပြီး ၄၈ ဦး ဒဏ်ရာရခဲ့သည်။

Spiegel အွန်လိုင်း မဂ္ဂဇင်းဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ အာမတ်အေဟု အမည်ရသည့် ထိုအမျိုးသားသည် နိုင်ငံရေး ခိုလှုံရန် ဂျာမနီသို့ ရောက်ရှိလာခြင်း ဖြစ်ပြီး ၎င်းတွင် စိတ်ပိုင်းဆိုင်ရာ ပြဿနာများနှင့် မူးယစ်ဆေးဝါး အသုံးပြုမှုများ ရှိနေကြောင်း သိရသည်။ ထိုအမျိုးသားကို နေရပ်သို့ ပြန်ပို့ရန် စီစဉ်ထားသော်လည်း လိုအပ်သည့် စာရွက်စာတမ်းများ မပြည့်စုံသဖြင့် နှောင့်နှေးနေခဲ့ခြင်း ဖြစ်သည်ဟု မြို့တော်ဝန်ရှောက ဆိုသည်။

“ပြစ်မှုကျူးလွန်သူဟာ ဂျာမနီနိုင်ငံရဲ့ ကာကွယ်မှုကို လိုအပ်တယ်လို့ ဆိုလာခဲ့ပေမယ့် သူရဲ့ဒေါသတွေကို ကျွန်တော်တို့ဘက် ပုံချခဲ့ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

သတင်းဓာတ်ပုံများထဲ၌ ထိုအမျိုးသား နေထိုင်သည့် ဟမ်းဘတ်တည်းခိုစင်တာတွင် လက်နက်များ ကိုင်ဆောင်ထားသည့် ရဲများက ရှာဖွေမှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။

ဝန်ကြီးချုပ်အင်ဂျလာမာကယ်သည် ၂၀၁၅ ခုနှစ်မှစပြီး ရွှေ့ပြောင်းအခြေချသူ တစ်သန်းကျော်ကို နိုင်ငံထဲသို့ ဝင်ခွင့်ပေးခဲ့သည့်အတွက် ဖြစ်ပေါ်ခဲ့သော အနာသည် ကျက်ခါစ အချိန်မှာပင် ယခုတိုက်ခိုက်မှုကြောင့် နောက်တစ်ကြိမ် ပြန်လည်အသစ်ဖြစ်ရမည့်သဖွယ် ဖြစ်နေသည်။

ဟမ်းဘတ်တိုက်ခိုက်မှုအတွင်း ဓားဖြင့် ထိုးခံရပြီး သေဆုံးခဲ့သူမှာ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဂျာမန် နိုင်ငံသား ဖြစ်ဖွယ်ရှိသည်။ အခြားဒဏ်ရာရသူများမှာ အသက် ၁၉ နှစ်မှ ၆၄ နှစ်အတွင်း ရှိသော အမျိုးသမီးတစ်ဦးနှင့် အမျိုးသားလေးဦးတို့ဖြစ်သည်။ တိုက်ခိုက်သူကို ထိန်းချုပ်ရန် ကြိုးပမ်းခဲ့သော အသက် ၃၅ နှစ်အရွယ် ဖြတ်သွားဖြတ်လာ အမျိုးသားတစ်ဦးလည်း ဒဏ်ရာရခဲ့သည်။

“စူပါမားကတ်ထဲကနေ လူ ၃၀ လောက်ဟာ ပြေးထွက်လာခဲ့ပြီး လူတစ်ဦးက ဓားနဲ့လိုက်ထိုးနေတယ်လို့ အော်ဟစ်ခဲ့ကြပါတယ်။ ဒီနောက်မှာ သားသတ်သမားတွေကိုင်တဲ့ ဓားကြီးတစ်ချောင်း ကိုင်ဆောင်ထားတဲ့ လူတစ်ဦးကို တွေ့လိုက်ရပါတယ်” ဟု မျက်မြင်တစ်ဦးက ဆိုသည်။ တိုက်ခိုက်သူသည် မုတ်ဆိတ်ရှိပြီး တီရှပ်နှင့် ဂျင်းဘောင်းဘီ ဝတ်ဆင်ထားဟု သိရသည်။

Ref: AFP

Most Read

Most Recent