ဂျေရုဆလင်ရှိ အထွတ်အမြတ်နေရာတွင် ဝတ်ပြုမှုကို သပိတ်မှောက်ထားခြင်းအား ပါလက်စတိုင်းက အဆုံးသတ်ခဲ့

ဂျေရုဆလင်ရှိ အထွတ်အမြတ်နေရာတွင် ဝတ်ပြုမှုကို သပိတ်မှောက်ထားခြင်းအား ပါလက်စတိုင်းက အဆုံးသတ်ခဲ့
Published 29 July 2017


ဇူလိုင် ၂၇ ရက်က ဂျေရုဆလင်မြို့ဟောင်းရှိ အယ်အာဆာဗလီဝင်းထဲတွင် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက် မျက်ရည်ယိုဓာတ်ငွေ့ဖြင့် ဖြိုခွင်းရန် ပြင်ဆင်နေသော အစ္စရေးလုံခြုံရေး တပ်ဖွဲ့ဝင်များ (Photo: AFP)

ဂျေရုဆလင်ရှိ ဘာသာရေး အထွတ်အမြတ် နေရာတွင် ဝတ်မပြုရန် သပိတ်မှောက်မှုကို နိဂုံးချုပ်ကြောင်း ပါလက်စတိုင်းတို့က ကြေညာခဲ့ပြီးနောက် ယင်းနေရာတွင် ပဋိပက္ခများ ထပ်မံဖြစ်ပွားခဲ့သည်။ အစ္စရေးတို့က Haram al-Sharif ဝတ်ကျောင်းတွင် အသက် ၅၀ အောက်များကို လာရောက်ဝတ်ပြုခြင်းအား တားမြစ်ထားသောကြောင့် ဇူလိုင် ၂၈ ရက်တွင် မွတ်စလင်တို့၏ အပတ်စဉ် ဝတ်ပြုမှု မတိုင်မီ အကြမ်းဖက် ဆန္ဒပြမှုများ ဖြစ်ပွားမှုကို အစ္စရေး ရဲတပ်ဖွဲ့က ရင်ဆိုင်ခဲ့ရသည်။

ဂျူးတို့က Temple Mount ဟု သိကြသော ယင်းနေရာတွင် ဝတ်ပြုသူ ထောင်ပေါင်းများစွာပြန်လည် ရောက်လာခဲ့ပြီး တင်းမာမှုများလည်း မြင့်တက်နေသည်။ အယ်အာဆာဗလီနှင့် Dome of the Rock ရှိသည့် ယင်းနေရာတွင် အစ္စရေးက သတ္တုစစ်ဆေးရေး လုံခြုံရေး ကိရိယာများ တပ်ဆင်ခဲ့ပြီး နှစ်ပတ်ကြာ သပိတ်မှောက် ဆန္ဒပြမှုနှင့် ရင်ဆိုင်ခဲ့ရသည်။

သောကြာဝတ်ပြုမှုတွင် အယ်အာဆာ ဗလီသို့ ဝတ်ပြုသူ ထောင်ပေါင်းများစွာလာ ရောက်လေ့ရှိပြီး ထိုနေ့တွင် ကန့်ကွက်ဆန္ဒပြမှုများနှင့် နှောင့်ယှက်မှုများရှိမည့် လက္ခဏာရှိကြောင်း အစ္စရေးရဲတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ဂျေရုဆလင်မြို့ဟောင်း အနီးရှိ လမ်းအများအပြားကို ဝင်ထွက်သွားလာခွင့် သတ်မှတ်ထားပြီး အကြမ်းဖက်မှုအား တားဆီးကာကွယ်ရန်အတွက် လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုအားလုံး ဆောင်ရွက်နေကြောင်း အစ္စရေး ရဲတပ်ဖွဲ့က ဆိုသည်။

အယ်အာဆာဗလီဝင်းနှင့် အနီးဝန်းကျင်ရှိ နေရာများတွင် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး လူ ၁၀၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု ပါလက်စတိုင်း ကြက်ခြေနီအဖွဲ့က ပြောကြားခဲ့သည်။ ဝတ်ကျောင်းဝန်းအတွင်းရှိ ရဲများအား ကျောက်တုံးဖြင့် ပစ်ခတ်မှုများရှိကြောင်း အစ္စရေး ရဲတပ်ဖွဲ့က ပြောကြားထားသည်။

ဇူလိုင် ၁၄ ရက်တွင် ရဲနှစ်ဦး သေဆုံးခဲ့သော တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် အစ္စရေးက ယင်းအထွတ်အမြတ်နေရာတွင် လုံခြုံရေး ကိရိယာများ တပ်ဆင်ခဲ့ပြီးနောက် ပဋိပက္ခများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဇူလိုင် ၂၇ ရက်တွင် အစ္စရေးက လုံခြုံရေးစစ်ဆေးမှု ကိရိယာများ ဖယ်ရှားခဲ့ပြီးနောက် ဝတ်ပြုမှုကို သပိတ်မှောက်ထားခြင်းအား ပါလက်စတိုင်းက အဆုံးသတ်ခဲ့သဖြင့် ဝတ်ပြုသူ ထောင်ပေါင်းများစွာသည် နှစ်ပတ်အတွင်း ပထမဆုံး အကြိမ်အဖြစ် ဝတ်ကျောင်းအတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။

Most Read

Most Recent