ပါကစ္စတန်ဝန်ကြီးချုပ် ရှရစ်အား ရာထူးထမ်းဆောင်မှုမှ ပိတ်ပင်ကြောင်း တရားရုံးချုပ် ဆုံးဖြတ်

ပါကစ္စတန်ဝန်ကြီးချုပ် ရှရစ်အား ရာထူးထမ်းဆောင်မှုမှ ပိတ်ပင်ကြောင်း တရားရုံးချုပ် ဆုံးဖြတ်
Published 29 July 2017


၂၀၁၃ ခုနှစ် ဇွန် ၅ ရက်က အစ္စလာမ္မာဘတ်မြို့ရှိ ဝန်ကြီးချုပ်နေအိမ်၌ အခမ်းအနားတစ်ခုသို့ တက်ရောက်နေသည့် ဝန်ကြီးချုပ် ရှရစ် (လယ်) (Photo: AFP)

ကာလရှည်ကြာ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များနှင့် ပတ်သက်၍ ပါကစ္စတန် ဝန်ကြီးချုပ် နဝပ်ရှရစ်သည် ရာထူးထမ်းဆောင်ရန် မသင့်တော်တော့ကြောင်း တရားရုံးချုပ်က ဇူလိုင် ၂၈ ရက်တွင် ဆုံးဖြတ်ခဲ့ရာ အတက်၊ အကျများသော ၎င်း၏ နိုင်ငံရေး ကျင်လည်မှုတွင် ဝန်ကြီးချုပ်အဖြစ်မှ တတိယအကြိမ်မြောက် ဖယ်ရှားခံခဲ့ရမှု ဖြစ်လာခဲ့သည်။ ရှရစ်သည် ပါလီမန်အမတ်အဖြစ် အရည်အချင်း မပြည့်မီတော့ကြောင်း၊ ယင်းအတွက် ဝန်ကြီးချုပ်ရုံးတွင် တာဝန်ထမ်းဆောင်မှုကို ရပ်ဆိုင်းရမည်ဖြစ်ကြောင်း တရားသူကြီး အီဂျက်ဇ်အက်ဖ်ဇယ်ခန်းက အစ္စလာမ္မာဘတ်ရှိ တရားရုံးချုပ်တွင် ပြောကြားခဲ့သည်။ ငါးနှစ် သက်တမ်းကို အပြည့်အ၀ ထမ်းဆောင်ခွင့်ရသည့် ပထမဆုံး ပါကစ္စတန်ဝန်ကြီးချုပ် ဖြစ်လာစေမည့် ၂၀၁၈ ခုနှစ် အထွေထွေရွေးကောက်ပွဲ မတိုင်မီ ယခု ဆုံးဖြတ်ချက်ကြောင့် ရှရစ်၏ တတိယအကြိမ်မြောက် သက်တမ်း အဆုံးသတ်သွားခဲ့ခြင်းဖြစ်သည်။

ပါကစ္စတန်တွင် ဝန်ကြီးချုပ် အများစုသည် သြဇာကြီးစစ်တပ် သို့မဟုတ် တရားရုံးချုပ်မှ ဝင်ရောက်စွက်ဖက်မှုများကြောင့် ရာထူးမှ စွန့်ခွာခဲ့ရသည်။ အချို့မှာမူ မိခင်ပါတီများ၏ ထုတ်ပယ်ခံခဲ့ရခြင်း သို့မဟုတ် နုတ်ထွက်ရန် ဖိအားပေးခံခဲ့ရခြင်း ကြုံခဲ့ရပြီး လုပ်ကြံခံခဲ့ရသူများလည်း ရှိခဲ့သည်။

ပြီးခဲ့သောနှစ်တွင် ထွက်ပေါ်ခဲ့သော ပနားမား စာရွက်စာတမ်းများ၌ ရှရစ်၏ မိသားစုသည် ပြည်ပတွင် ဖွင့်လှစ်ထားသော ကုမ္ပဏီများ ရှိကြောင်း ဖော်ပြခံခဲ့ရမှုနှင့် ဆက်နွှယ်၍ စွပ်စွဲချက်များအတွက် ၎င်းအား စုံစမ်းစစ်ဆေးမှု ထပ်မံပြုလုပ်ရန် တရားရုံးချုပ်က အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ဗျူရိုကို ညွှန်ကြားခဲ့သည်။ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များနှင့် ပတ်သက်၍ ရှရစ်အား ရာထူးမှ ထုတ်ပယ်ရန် အထောက်အထားများ မခိုင်လုံသေးကြောင်း တရားရုံးချုပ်က ပြီးခဲ့သော ဧပြီတွင် ကြေညာခဲ့ပြီး ယင်းကိစ္စအား စုံစမ်းစစ်ဆေးရန်အတွက် အဖွဲ့ဖွဲ့ရန် ညွှန်ကြားခဲ့သည်။

ရှရစ် မိသားစု၏ ဝင်ငွေရရှိမှုနှင့် နေထိုင်မှု ပုံစံများအကြား အလွန်အမင်း ကွာဟနေကြောင်း အရပ်ဘက်နှင့် စစ်ဘက် စုံစမ်းစစ်ဆေးသူများ ပါဝင်သော အဖွဲ့က စစ်ဆေးတွေ့ရှိခဲ့သည်ဟု ယခုလ အစောပိုင်းတွင် လူထုသို့ ထုတ်ပြန်ပြီး တရားရုံးချုပ်ထံ တင်သွင်းခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။ ရှရစ်၏ သမီးဖြစ်သူ မာယမ်နဝပ်နှင့် လန်ဒန်ရှိ မိသားစုနေအိမ် အချို့အကြား ဆက်နွှယ်မှုကို ဖော်ပြထားသည့် ၂၀၀၆ ခုနှစ် ရက်စွဲတပ်ထားသော မှတ်တမ်းများတွင် ၂၀၀၇ ခုနှစ်အထိ စီးပွားဖြစ် သုံးစွဲရန် မဖြန့်ချိရသေးသော မိုက်ခရိုဆော့၏ Calibri ဖောင့်ကို သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိမှု ပါဝင်သော ယင်းအစီရင်ခံကြောင့် အုတ်အော်သောင်းတင်း ဖြစ်ခဲ့သည်။

ရှရစ်နှင့် ၎င်း၏ မဟာမိတ်များက ယင်းစွပ်စွဲချက်များအား အခိုင်အမာ ဆက်တိုက် ငြင်းဆန်ထားခဲ့သည်။ ခရစ်ကတ် ကစားသမားမှ နိုင်ငံရေးသမား ဖြစ်လာခဲ့သူ အီမရန်ခန်းနှင့် ၎င်း၏ Pakistan Tehreek-i-Insaf ပါတီက ရှရစ်အား စုံစမ်းစစ်ဆေးရန် တွန်းအားပေးခဲ့ကြသည်။ ရှရစ်၏ အာဏာရပါတီဖြစ်သော PML-N ပါတီတွင် ၎င်းနေရာ ဆက်ခံမည့်သူအား မကြေညာထားသေးပေ။ ရှရစ်၏ သမီးဖြစ်သူ မာယမ်သည် နိုင်ငံရေးအမွေ ဆက်ခံမည့်သူအဖြစ် ယူဆခံထားရသော်လည်း အစိုးရရာထူး ရယူထားခြင်း မရှိပေ။ ရှရစ်အစ်ကိုဖြစ်သူ ရှာဘက်ရှရစ်မှာမူ လတ်တလောတွင် ပန်ဂျပ်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ထမ်းဆောင်နေသည်။ ရှရစ်၏ကလေး လေးဦးအနက် သုံးဦးဖြစ်သော သမီးဖြစ်သူ မာယမ်၊ သားဖြစ်သူ ဟက်ဆန်နှင့် ဟူစိန်တို့သည် ပနားမားစာရွက်စာတမ်းနှင့် ပတ်သက်၍ စစ်ဆေးခံနေရသည်။

Ref: AFP

Most Read

Most Recent