
ဇူလိုင် ၂၈ ရက်က တိုကျိုရှိ ကာကွယ်ရေး ဝန်ကြီးဌာနတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေသော အီနာဒါ (Photo: AFP)
သဘောထားတင်းမာသော ဂျပန်ကာကွယ်ရေး ဝန်ကြီးသည် စစ်ဘက်ဆိုင်ရာ မှတ်တမ်းများအား ကိုင်တွယ်မှုနှင့် ပတ်သက်သော ကာလရှည်ကြာ အရှုပ်တော်ပုံနှင့် ဆက်နွှယ်၍ ဇူလိုင် ၂၈ ရက်တွင် ရာထူးမှ နုတ်ထွက်ခဲ့ရာ မကြာသေးမီ သီတင်းပတ်များအတွင်း လူထုထောက်ခံမှု ကျဆင်းမှု ကြုံနေရသည့် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအတွက် နိုင်ငံရေးဆိုင်ရာ ထိုးနှက်ချက်တစ်ရပ် ဖြစ်ခဲ့သည်။
၎င်းတွင် တာဝန်ရှိသည်ဟု ခိုင်မာစွာ မှတ်ယူကြောင်း အမျိုးသမီး ကာကွယ်ရေးဝန်ကြီး တိုမိုမီအီနာဒါက ရာထူးမှနုတ်ထွက်ကြောင်း ကြေညာခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ကာကွယ်ရေး ဝန်ကြီးဌာနတွင်း စုံစမ်းစစ်ဆေးမှုတွင် တာဝန်ရှိသူ အချို့သည် မသင့်လျော်စွာ ဆောင်ရွက်ခဲ့ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့မှုအတွက် အလွန်အမင်း စိတ်မကောင်းဖြစ်မိကြောင်း ၎င်းက ပြောကြားခဲ့သည်။ ယင်းအရှုပ်တော်ပုံတွင် ၎င်းကိုယ်တိုင် တိုက်ရိုက်ပတ်သက်မှု မရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသော်လည်း အီနာဒါက သူသည် တစ်လစာ လစာကို ပြန်ပေးသွားမည်ဟု ဆိုခဲ့သည်။
ဂျပန်မြေပြင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးတပ်မှ ဦးစီးချုပ်အပြင် ကာကွယ်ရေးဝန်ကြီးဌာနမှ ထိပ်တန်းအဆင့် တာဝန်ရှိသူများသည်လည်း ရာထူးမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။ အီနာဒါနေရာတွင် အစားထိုးမည့်သူအား ခန့်အပ်နိုင်သည့်အချိန်အထိ နိုင်ငံခြားရေးဝန်ကြီး ဖူမီယိုကီရှီဒါက ယာယီ ကာကွယ်ရေးဝန်ကြီးအဖြစ် ထမ်းဆောင်သွားမည်ဖြစ်ကြောင်း အာဘေးက ပြောကြားခဲ့သည်။
အာဘေး၏ ပြင်းထန်သော အမျိုးသားရေးဝါဒီ အယူအဆများအား လက်ခံသည့် လူယုံတစ်ဦးဖြစ်သူ အီနာဒါသည် ၂၀၁၆ ခုနှစ် သြဂုတ်တွင် ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရပြီး အနာဂတ်ခေါင်းဆောင် ဖြစ်လာနိုင်ခြေ ရှိသည်ဟုလည်း ယင်းအချိန်က ခန့်မှန်းထားကြသည်။ သို့သော် တောင်ဆူဒန်တွင် ဂျပန်ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များက လုံခြုံရေးအခြေအနေ ဆိုးရွားနေကြောင်း တင်ပြခဲ့သော အစီရင်ခံ မှတ်တမ်းများအား ကာကွယ်ရေးဝန်ကြီးဌာနက ကိုင်တွယ်မှုအပေါ် ဝေဖန်မှု အပါအဝင် တစ်နှစ်နီးပါးကြာ သက်တမ်းအတွင်း အီနာဒါသည် အငြင်းပွားဖွယ်ရာများနှင့် အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရသည်။ ကုလသမဂ္ဂမစ်ရှင်၏ အစိတ်အပိုင်းဖြစ်သော ယင်းတပ်ဖွဲ့ဝင်များသည် ငါးနှစ်ကြာ ထမ်းဆောင်ခဲ့ပြီးနောက် ပြီးခဲ့သောမေတွင် နိုင်ငံသို့ ပြန်လာခဲ့ပြီး ဖြစ်သည်။
၎င်း၏ သက်တမ်းအတွင်း အီနာဒါသည် ကွန်ဆာဗေးတစ်များ၏ ထောက်ခံမှုများ ရရှိခဲ့သော်လည်း ပြီးခဲ့သော ဒီဇင်ဘာတွင် တိုကျိုရှိ အငြင်းပွားဖွယ် ယာဆူကူနီ စစ်သချုႋင်းသို့ သွားရောက် ဂါရဝပြုမှုကြောင့် ပြည်တွင်း၊ ပြည်ပမှ ဝေဖန်မှုများ ကြုံခဲ့ရသည်။
တိုကျို ရွေးကောက်ပွဲ မတိုင်မီ ရက်ပိုင်းအလိုတွင်လည်း အီနာဒါက မဲဆန္ဒရှင်များ အနေဖြင့် ၎င်း၏ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ LDP အား ထောက်ခံမဲပေးကြရန် တိုက်တွန်းခဲ့သည်။ ယင်းမှတ်ချက်များအား ကန့်ကွက်ရှုတ်ချမှုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီး ပြန်လည်ရုပ်သိမ်းရန် အီနာဒါသည် ဖိအားပေးခံခဲ့ရသည်။ ယင်းမှတ်ချက်များသည် အာဏာရပါတီက တိုကျို ရွေးကောက်ပွဲ၌ မမျှော်လင့်ဘဲ ၎င်း၏ အမတ်နေရာ ထက်ဝက်ကျော် ရှုံးနိမ့်ခဲ့ရသည့် ရလဒ်အတွက် အဓိက အကြောင်းပြချက် တစ်ခုဟု ရှုမြင်ခံခဲ့ရသည်။
Ref: AFP














