အောင်ရဲထွေးအမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဥပဒေချုပ် ဦးဟန်ထူးနှင့်အတူ ဥပဒေအရာရှိ သုံးဦး၊ ဒုခရိုင်တရားသူကြီး တစ်ဦးနှင့် ရဲအရာရှိ တစ်ဦးတို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့် ဖမ်းဆီး

အောင်ရဲထွေးအမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဥပဒေချုပ် ဦးဟန်ထူးနှင့်အတူ ဥပဒေအရာရှိ သုံးဦး၊ ဒုခရိုင်တရားသူကြီး တစ်ဦးနှင့် ရဲအရာရှိ တစ်ဦးတို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့် ဖမ်းဆီး
Published 14 September 2018

သြဂုတ် ၄ ရက်က မြန်မာ့အလင်းသတင်းစာတွင် ရေးသားထားသည့် ဆွေညီ၏ ‘မဆိုင်တာကို ဆိုင်သယောင်ဆွဲထည့်သည့် အရှုပ်ထုပ်ကို ဖြေပြခြင်း’ ဆောင်းပါးအား တွေ့ရစဉ်

အောင်ရဲထွေးအမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဥပဒေချုပ် ဦးဟန်ထူးနှင့်အတူ ဥပဒေအရာရှိ သုံးဦး၊ ဒုခရိုင်တရားသူကြီး တစ်ဦးနှင့် ရဲအရာရှိ တစ်ဦးတို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ပြီး လူအများ ဝေဖန်ခဲ့ကြသည့် အစိုးရသတင်းစာများ၌ ရေးသားဖော်ပြခဲ့သော ဆောင်းပါးများ၏ နောက်ကွယ်မှ အကြောင်းအရာများနှင့် ဆက်စပ်၍မူ စုံစမ်းထုတ်ပြန် ရှင်းလင်းခြင်းမရှိသေးကြောင်း သိရသည်။

အောင်ရဲထွေး သေဆုံးခဲ့သည့်အမှုအား ရုပ်သိမ်းခွင့်ပြုသည့်ကိစ္စတွင် တရားခံများ၏ မိဘများထံမှ လာဘ်ငွေနှင့် တံစိုးလက်ဆောင်များ ရယူကာ တရားလိုပြသက်သေများကို တမင်ပေါ့လျော့စွာ စစ်ဆေးပြီး တရားခံများ ပြစ်မှုကျူးလွန်ကြောင်း တရားလိုပြသက်သေများက ထွက်ဆိုနိုင်ခြင်းမရှိသည့် အခြေအနေ ဖန်တီးခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး အပါအဝင် ဥပဒေအရာရှိသုံးဦး၊ ခရိုင်တရားသူကြီး တစ်ဦးနှင့် ရဲအရာရှိတစ်ဦးတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် စက်တင်ဘာ ၁၃ ရက်က အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး နိုင်ငံတော်သမ္မတက ပဲခူးတိုင်းအစိုးရအဖွဲ့၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့တို့နှင့် တွေ့ဆုံစဉ်တွင် အောင်ရဲထွေးအမှုအား ပြန်လည်ရုပ်သိမ်းခဲ့ခြင်းအပေါ် လက်ခံနိုင်ဖွယ်မရှိကြောင်း ပြောကြားခဲ့သည်။

ယင်းသို့ပြောကြားခဲ့ပြီး ဇူလိုင် ၃၁ ရက် နံနက် ၁၀ နာရီတွင် နိုင်ငံတော် သမ္မတဦးဝင်းမြင့်က သမ္မတအိမ်တော်တွင် ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌတို့အား ခေါ်ယူတွေ့ဆုံခဲ့သည်။

ယင်းသို့ ခေါ်ယူတွေ့ဆုံခဲ့ရာတွင် အမှုရုပ်သိမ်းခြင်း၏ နောက်ခံအကြောင်းရင်းများ၊ အခြားဆက်နွှယ် ပတ်သက်မှုများနှင့် စပ်လျဉ်း၍ တိတိကျကျ စိစစ်ကာ ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ရေးလမ်းညွှန် မှာကြားခဲ့သည်။

ယင်းသို့မှာကြားအပြီးတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ကျော်စောသတင်းအဖြစ် သတ်မှတ်ကာ ကျူးလွန်သူများကို စုံစမ်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကျော်စောသတင်းနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ သရုပ်ဆောင် အောင်ရဲထွေးအမှုမှ ကျူးလွန်သူများဖြစ်သည့် သန်းထွဋ်အောင် (ခ) သားကြီး၊ ပြည့်ဖြိုးအောင် (ခ) အောင်လေးနှင့် ကျော်ဇောဟန် (ခ) ကျော်ဇောတို့အား အမှုမှ ပြန်လွှတ်ပေးခဲ့ပြီး အမှုအား ရုပ်သိမ်းခွင့်ပြုသည့်ကိစ္စတွင် တရားလိုပြသက်သေများကို တမင်ပေါ့လျော့စွာ စစ်ဆေးပြီး တရားခံများ ပြစ်မှုကျူးလွန်ကြောင်း တရားလိုပြသက်သေများက ထွက်ဆိုနိုင်ခြင်းမရှိဆိုသည့် အခြေအနေ ဖြစ်ပေါ်အောင် ဖန်တီးကာ တရားခံများ၏ မိဘများထံမှ လာဘ်ငွေနှင့် တံစိုးလက်ဆောင်များ ရယူခဲ့သည့် ရန်ကုန်အရှေ့ပိုင်းခရိုင်ဥပဒေရုံးမှ ဒုတိယခရိုင် ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒေါ်သစ်သစ်ခင်၏ တင်ပြချက်ကို ဆက်လက်စိစစ်ရာတွင် သေချာစွာ စိစစ်ခြင်းမပြုဘဲ တရားခံ သန်းထွဋ်အောင်၏ဖခင် ဦးခင်မောင်လေးထံမှ လာဘ်ငွေနှင့်တံစိုး လက်ဆောင်များ ရယူကာ ထောက်ခံတင်ပြခဲ့သည့် ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်တို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ထားကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇူလိုင် ၂၇ ရက်က ကြေးမုံသတင်းစာတွင် ဖော်ပြထားသည့် မောင်စာဂ၏ ဆောင်းပါးအား တွေ့ရစဉ်

ထို့ပြင် ဒေါ်သစ်သစ်ခင်မှစ၍ အဆင့်ဆင့် စိစစ်တင်ပြလာသည့် အမှုရုပ်သိမ်းခွင့်ကို သုံးသပ်ဆုံးဖြတ် မိန့်ချမှတ်ရာတွင် ပြည့်စုံစွာ သုံးသပ်ခြင်းမပြုဘဲ တရားခံ သန်းထွဋ်အောင်၏ဖခင် ဦးခင်မောင်လေးထံမှ လာဘ်ငွေနှင့် တံစိုးလက်ဆောင်များ ရယူကာ အမှုရုပ်သိမ်းခွင့် ချမှတ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ လည်းကောင်း၊ ဒေါ်သစ်သစ်ခင်က တင်ပြလာသည့် အမှုရုပ်သိမ်းခွင့်ကို သုံးသပ် ဆုံးဖြတ်ရာတွင် တရားခံသန်းထွဋ်အောင်၏ဖခင် ဦးခင်မောင်လေးထံမှ လာဘ်ငွေရယူကာ အမှုကို ပြည့်စုံစွာ သုံးသပ်ခြင်းမပြုဘဲ အမှုရုပ်သိမ်းခွင့်ပြုပြီး တရားခံများကို တရားရှင်လွှတ်ခဲ့သည့် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ ဖြင့်လည်းကောင်း အမှုဖွင့် အရေးယူထားခြင်းလည်း ဖြစ်သည်။

အလားတူ အမှုစစ်အဖြစ် ဆောင်ရွက်ရာတွင် ရဲလုပ်ငန်း ကုန်စင်အောင် ဆောင်ရွက်ခဲ့ခြင်း မရှိသည့်အပြင် မိမိ၏ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး တစ်စုံတစ်ရာကို ပြုလုပ်ရန်အတွက် တရားခံသန်းထွဋ်အောင်၏ ဖခင်ထံမှ လာဘ်ငွေနှင့် တံစိုးလက်ဆောင်ကို လက်ခံရယူခဲ့သည့် ရဲအုပ်ချစ်ကိုကိုအား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ကော်မရှင်က ထုတ်ပြန်သည်။

အဆိုပါ တိုင်းဥပဒေအရာရှိချုပ် ဦးဟန်ထူး အပါအဝင် ခြောက်ဦးအား သုဏ္ဏနယ်မြေ ရဲစခန်းတွင် စက်တင်ဘာ ၁၃ ရက်က ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းဖြစ်စဉ်တွင် ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးဟန်ထူးမှာ ကျပ်သိန်း ၁၅၀၊ ဘလူးလေဘယ်လ်တစ်လုံး၊ အင်္ကျီတစ်ထည်၊ ခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေးမှ ကျပ်သိန်း ၁၃၀၊ ဂိုးလေဘယ်လ်တစ်လုံး၊ ဒုခရိုင်ဥပဒေအရာရှိမှာ ဒေါ်သစ်သစ်ခင်မှာ ကျပ်သိန်း ၃၀၊ ပါတိတ်လုံခြည်တစ်ထည်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်မှာ ကျပ်သိန်း ၃၀၀၊ ရဲအုပ်ချစ်ကိုကိုမှာ ကျပ်သိန်း ၃၀၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်မှာ ကျပ်သိန်း ၅၀ တို့ ရယူခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူ ဦးကျော်စိုးက ပြောကြားသည်။

“သူတို့ကို အခုတော့ သုဝဏ္ဏရဲစခန်းမှာ ဖမ်းထားပြီးပါပြီ။ ကျန်တဲ့အရာတွေ ဆက်လုပ်သွားမှာပါ” ဟု ဦးကျော်စိုးက ပြောကြားသည်။

ယင်းသို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခံရသည့် တိုင်းဥပဒေချုပ် ဦးဟန်ထူးနှင့်အတူ ဥပဒေအရာရှိသုံးဦး၊ ဒုခရိုင်တရားသူကြီး တစ်ဦးနှင့် ရဲအရာရှိ တစ်ဦးတို့အား စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းတွင် စတင်ဖမ်းဆီးခဲ့ပြီး မကြာမီတွင် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးတွင် ရုံးထုတ်ရမန်ရယူခဲ့ကြောင်း သိရသည်။

၎င်းတို့အား စက်တင်ဘာ ၂၇ ရက်တွင် ထပ်မံရုံးထုတ်မည်ဖြစ်ကြောင်း၊ အမှုနှင့် ပတ်သက်သည့် ဖြစ်စဉ်များကို စစ်ဆေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လူမှုကွန်ရက်စာမျက်နှာ Facebook တွင် ဟာသဗီဒီယိုကလစ်များ တင်ခြင်းကြောင့် ပရိတ်သတ် အားပေးမှု ရရှိလာသည့် သရုပ်ဆောင် အောင်ရဲထွေးမှာ နှစ်သစ်ကူးညတွင် သုဝဏ္ဏမြို့နယ်ရှိ The One Entertainment သို့ သူ၏ချစ်သူနှင့်အတူ သွားရောက် လည်ပတ်ရာမှ လူတစ်စုက ရိုက်နှက်ခဲ့သဖြင့် သေဆုံးခဲ့သည်။

အုပ်စုဖွဲ့ ရိုက်နှက်ခဲ့သူများအား ရဲတပ်ဖွဲ့က စုံစမ်းခဲ့ရာ ရိုက်နှက်မှုဖြစ်ပွားအပြီး တစ်ရက်အကြာ ဇန်နဝါရီ ၃ ရက်တွင် သန်းထွဋ်အောင် (ခ) သားကြီးဆိုသူအား သူ၏ဖခင်က ရဲစခန်းသို့ လာရောက် အပ်နှံခဲ့သည်။

သရုပ်ဆောင် အောင်ရဲထွေးအား အုပ်စုဖွဲ့ ရိုက်နှက်ခဲ့ကြောင်း သန်းထွဋ်အောင် (ခ) သားကြီးက ဝန်ခံခဲ့ပြီး အုပ်စုဖွဲ့ရိုက်နှက်ရာတွင် ၎င်းနှင့်အတူ ပါဝင်သည့် လှည်းတန်းနေ ပြည့်ဖြိုးအောင် (ခ) အောင်လေးနှင့် သင်္ဃန်းကျွန်းမြို့နယ်နေ ကျော်ဇောဟန် (ခ) ကျော်ဇောတို့လည်း ပါဝင်ကြောင်း ထွက်ဆိုခဲ့သည်။

ရန်ကုန်တိုင်းဥပဒေချုပ်ဦးဟန်ထူး(ရှေ့တန်းယာအစွန်)အား စက်တင်ဘာ ၁၃ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)

သို့သော်အမှုအား စစ်ဆေးနေသည့် ရုံးချိန်းသုံးချိန်းအပြီးတွင် တရားလိုမှ အမှုပြန်လည် ရုပ်သိမ်းသည်ဟုဆိုကာ ကျူးလွန်ခဲ့သူများအား ပြန်လွှတ်ပေးခဲ့သဖြင့် အများပြည်သူများက လူမှုကွန်ရက် စာမျက်နှာတွင် သာမက ပြင်ပတွင်လည်း ဝေဖန်မှုများစွာ မြင့်တက်ခဲ့သည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး စိတ်ဝင်စားဖွယ် အချက်တစ်ချက်မှာ ပြန်ကြားရေးဝန်ကြီးဌာနပိုင် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများ၌ ဇူလိုင် ၂၇ ရက်တွင် ဥပဒေ ဆောင်းပါးတစ်ပုဒ်နှင့် ပြည်သူ့ကဏ္ဍဆိုသည်တို့ ပါဝင်လာခြင်း ဖြစ်သည်။

အောင်ရဲထွေး၏ အမှုအားဇူလိုင် ၂၅ ရက်တွင် အမိန့်ချခဲ့ခြင်းဖြစ်ပြီး ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိလာသည်မှာ ဇူလိုင် ၂၇ ရက်မှသာဖြစ်ကာ ယင်းနေ့တွင်ပင် အဆိုပါ ရေးသားချက်များကို အစိုးရသတင်းစာ နှစ်စောင်တွင် ဖော်ပြလာခဲ့ခြင်းဖြစ်သည်။

ယင်းသို့အစိုးရပိုင် ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းစာများတွင် အမှုနှင့် ဆက်စပ်သည့် ဆောင်းပါးနှင့် ပြည်သူ့ကဏ္ဍများတွင် တရားခံအား ကာကွယ်သည့်သဘော ရေးသား ဖော်ပြခဲ့ခြင်းကြောင့် အဆိုပါအမှု၏ နောက်ကွယ်မှ ပါဝင်ပတ်သက်သူများ၏ သြဇာကြီးထွားမှုမှာ မေးခွန်းထုတ်စရာ ဖြစ်လာကြောင်း လူမှုကွန်ရက်တွင် မေးခွန်းထုတ် ဝေဖန်ခဲ့ကြသည်ကို တွေ့ရသည်။

ထိုသို့ အစိုးရပိုင် သတင်းစာနှစ်စောင်တွင် ယင်းကဲ့သို့ဆောင်းပါးများ ထည့်သွင်း ဖော်ပြနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဟန်ထူးမှာ တာဝန်နှင့် အခွင့်အရေး မရှိသူဖြစ်သည်ဟု သုံးသပ်ကြပြီး ယင်းသို့ လုပ်ဆောင်ရန် နောက်ကွယ်မှ စေခိုင်းညွှန်ကြားနိုင်သူ၏ သြဇာနှင့်အရှိန်အဝါမှာ မေးခွန်းထုတ်စရာဖြစ်ပြီး ၎င်းတို့အား စုံစမ်းစစ်ဆေးပေးရန် လူမှုကွန်ရက် စာမျက်နှာများတွင် အများပြည်သူက တောင်းဆိုခဲ့ကြောင်း သိရသည်။

ဦးဟန်ထူးမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် အစိုးရအဖွဲ့ အင်္ဂါစဉ်အရ နံပါတ် ၁၁ နေရာတွင် ရှိသည်။

ထို့ပြင် ပြည်ထောင်စုရှေ့နေချုပ် နည်းဥပဒေများပုဒ်မ ၁၂၄ အရ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့က အမှုရုပ်သိမ်းခြင်း ပြုသင့်သည်ဟု သဘောရရှိ၍ သဘောထားမှတ်ချက်၊ ကျိုးကြောင်း ဖော်ပြချက်များနှင့်အတူ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်ရုံးသို့ အကြောင်းကြားလျှင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်သည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်နှင့် ကျိုးကြောင်းဖော်ပြချက်များအရ အမှုရုပ်သိမ်းခြင်း ပြုသင့်သည်ဟု တွေ့ရှိပါက အမှုရုပ်သိမ်းခြင်းပြုရန် သက်ဆိုင်ရာ ဥပဒေရုံးသို့ ညွှန်ကြားရမည်ဟု ပြဋ္ဌာန်းထားသည်ကို တွေ့ရှိရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၆၆ (စ) (၁) အရ တိုင်းဒေသကြီးဥပဒေချုပ်သည် သက်ဆိုင်ရာတိုင်းဒေသကြီးဝန်ကြီးချုပ်မှ တစ်ဆင့် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည်ဟု ပြဋ္ဌာန်းထားပြီး အခြေခံဥပဒေအရ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်မှတစ်ဆင့်သာ သမ္မတက တာဝန်ခံရမည်ဖြစ်သည့်အပြင် ၂၆၆ (စ) (၂) အရ ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်အား တာဝန်ခံရမည်ဟု ပြဋ္ဌာန်းထားသည်။

ဇူလိုင် ၂၇ ရက်က ကြေးမုံသတင်းစာတွင် ဖော်ပြထားသည့် ကျော်ဝင်းနီ၏ ‘ကိုယ့်တာဝန် ကိုယ်လုပ်ပါ’ ဆောင်းပါးအား တွေ့ရစဉ်

နိုင်ငံပိုင်သတင်းစာ တစ်စောင်ဖြစ်သည့် မြန်မာ့အလင်း၏ ပြည်သူ့သဘောထား စင်မြင့်ဆိုသည့် ကဏ္ဍတွင် ဆောင်းပါးရှင် ကျော်ဝင်းနီက ‘ကိုယ့်တာဝန် ကိုယ်လုပ်ပါ’ ဆိုသည့် ဆောင်းပါးအား ရေးသား ဖော်ပြခဲ့သည်။

အလားတူ နိုင်ငံပိုင်သတင်းစာ တစ်စောင်ဖြစ်သည့် ဇူလိုင် ၂၇ ရက်ထုတ် ကြေးမုံသတင်းစာတွင်လည်း ဆောင်းပါးရှင် မောင်စာဂ၏ ‘တရားရှင်၊ တရားသေလွှတ်ခြင်းနှင့် ဥပဒေ’ ဆိုသည့် ဆောင်းပါးအား ရေးသား ဖော်ပြခဲ့သည်။

လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်ဖြစ်သည်ဆိုသော ပုဂ္ဂိုလ်တစ်ဦးက မောင်စာဂကလောင်ဖြင့် ရေးသားထားသည့် ဆောင်းပါးတွင် ‘အမှန်တကယ်တော့ အပြစ်ကျူးလွန်ခြင်းမရှိသူ တစ်ဦးကို ပြစ်ဒဏ်စီရင်ခြင်း မပြုမိကြစေဖို့ အထူးသတိပြု ဆင်ခြင်ထိုက်ကြသလို အပြစ်ကျူးလွန်သူ ၁၀ ဦးကိုလည်း တရားရှင်လွှတ်ခြင်း၊ တရားသေလွှတ်ခြင်း မဖြစ်ပေါ်စေသင့်ပါ။ အမှန်တကယ် အပြစ်ကျူးလွန်သူ ဆယ်ဦးအပြစ်မှ လွတ်မြောက်သွားခဲ့လျှင် နောက်ထပ်ပြစ်မှုတစ်ရာ ပေါ်လာနိုင်သည်ကိုလည်း အထူးသတိပြု ဆင်ခြင်အပ်ကြသည်’ ဟု ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။

အလားတူ ကျော်ဝင်းနီ ရေးသားသည့် ပြည်သူ့သဘောထား စင်မြင့်ကဏ္ဍတွင် ဖော်ပြထားသည့် ‘ကိုယ့်တာဝန် ကိုယ်လုပ်ပါ’ ဆောင်းပါးတွင် ‘ရဲတပ်ဖွဲ့က တရားစွဲတင်လိုက်တဲ့အမှုက တရားခံတွေ တရားရုံးမှာ လွတ်သွားတဲ့ကိစ္စရပ်တွေ၊ ဒါတွေနဲ့ပတ်သက်ပြီး အချို့က တရားရုံးတွေအပေါ် ဝေဖန်နေတာတွေ၊ ပြောဆိုတာတွေလည်း တွေ့ရပါတယ်။ တရားစွဲ အဖွဲ့အစည်းတွေနဲ့ ဆက်စပ်နေတဲ့ အခြားအဖွဲ့အစည်းတွေအပေါ် ဝေဖန်ပြစ်တင်မှုမျိုးတွေလည်း ကြုံရပါတယ်။ လူရဲ့အတ္တ သဘာဝကြောင့် ဖြစ်မယ်ထင်ပါတယ်။ ကိုယ်က ဖမ်းဆီးစစ်ဆေးပြီး တရားစွဲတင်လိုက်တဲ့အပေါ်မှာ ပြစ်ဒဏ်မကျဘဲ လွတ်သွားရင် ကိုယ့်ဘက်က ရှုံးတယ်လို့ ထင်မှာပေါ။့ ဒါကြောင့်လည်း တရားစွဲတင်လိုက်တဲ့ တရားခံအားလုံးကို ပြစ်ဒဏ်ကျခံရမယ်ဆိုတဲ့ အစွဲမျိုးရှိနေတယ်လို့ ဆိုရမှာဖြစ်တယ်။ ....နစ်နာသူ (သို့မဟုတ်) နိုင်ငံတော်ကိုယ်စား အမှုတည်ဆောက် တရားစွဲတင်ရတဲ့ တရားစွဲ အဖွဲ့အစည်း အနေနဲ့ သက်သေခံဥပဒေပုဒ်မ ၁၀၁ ကို သတိပြုဖို့ လိုပါတယ်။ ပြစ်မှုဆိုင်ရာမှုခင်းတွေမှာ တရားခံသည် ပြစ်မှုကျူးလွန်ကြောင်း သက်သေပြရန်တာဝန်မှာ တရားလိုမှာပဲ ရှိပါတယ်။ အဲဒီလို သက်သေပြရာမှာလည်း ပြစ်မှုကျူးလွန်ကြောင်း သံသယ ကင်းကင်းရှင်းရှင်းနဲ့ ဆုံးဖြတ်နိုင်သည်အထိ သက်သေပြရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် သံသယအကျိုးကို တရားခံကသာ ခံစားခွင့် ရရှိပါတယ်။ သံသယရှိရုံနဲ့ အပြစ်ပေးရင် ထင်ကြေးနဲ့ အပြစ်ပေးရာရောက်တဲ့အတွက် ဥပဒေအရ မျှတမှု မရှိနိုင်ဘူးလို့ ဆိုပါတယ်’ ဟု ရေးသား ဖော်ပြထားခဲ့ကြောင်း သိရသည်။

ယင်းသို့ရေးသား ဖော်ပြချက်များမှာ အများပြည်သူအတွက် ထင်ယောင်ထင်မှား ဖြစ်စေနိုင်သည့် ရေးသားချက်များဖြစ်ပြီး ယင်းဆောင်းပါးများကို အချိန်ကိုက် ရေးသား ဖော်ပြမှုများမှာ မေးခွန်းထုတ်စရာများ ဖြစ်နေကြောင်း လူမှုကွန်ရက် စာမျက်နှာအချို့တွင် အောင်ရဲထွေးအမှုနှင့် ပတ်သက် ဆက်စပ်ကာ ဝေဖန်ခံခဲ့ရသည်။

လူမှုကွန်ရက် စာမျက်နှာ Facebook တွင် သုံးသပ်ချက်များ ရေးသားလျက်ရှိသည့် သက္ကမိုးညိုဆိုသည့် အကောင့်မှ “၂၅ ရက်နေ့မှာ အမှုကို ရုပ်သိမ်းကြောင်း သိရတယ်။ ၂၇ ရက်နေ့ ကြေးမုံ သတင်းစာမှာ ဆောင်းပါးရှင် မောင်စာဂရဲ့ တရားသေ၊ တရားရှင် လွှတ်ခြင်းနဲ့ ဥပဒေဆိုပြီး ဥပဒေရေးရာကဏ္ဍသစ် ပါလာတယ်။ ၂၇ရက်နေ့ မြန်မာ့အလင်း သတင်းစာမှာပဲ ဆောင်းပါးရှင် ကျော်ဝင်းနီရဲ့ ကိုယ့်တာဝန် ကိုယ်လုပ်ပါဆိုပြီး ပြည်သူ့သဘောထားစင်မြင့် ကဏ္ဍသစ်ပါလာတယ်။ ကဏ္ဍသစ်နှစ်ခုစလုံးဟာ တရားခံကို လွှတ်ပစ်ခွင့်ရှိတယ် ဆိုတာကို ဥပဒေကြောင်းကနေ ထောက်ခံထားတယ်။ သေသေချာချာဖတ်ရင် ဒီကေ့စ်ကိုပဲ ရည်ညွှန်းနေတာ ဖြစ်တယ်။ သေချာတာက စာတည်းအဖွဲ့ဟာ ဒီဆောင်းပါးတွေဟာ ရေးသားသူရဲ့ အာဘော်သာ ဖြစ်တယ်ဆိုပြီး ရေးထားကြတာပါ။ ဒါဟာ တစ်စုံတစ်ခုများ ဖြစ်လာရင် ဖွင့်ထားတဲ့ ကယ်ပေါက်တွေပါ။ ပြောချင်တာ နိုင်ငံပိုင်သတင်းစာက နေတောင် (တစ်စောင်တောင် မဟုတ်၊ နှစ်စောင်စလုံး) တရားခံကို ကာကွယ်တဲ့သဘော သက်ရောက်တဲ့ ဆောင်းပါးတွေ ထည့်သွင်းပေးခဲ့ရတဲ့ လက်တံရှည်မှုဟာ ဖော်ထုတ်ရမယ့်ကိစ္စ ဖြစ်သွားပါပြီ။ နောက်တစ်ချက်၊ ဦးဇော်ဌေးရဲ့ စတေးတပ်မှာ တရားလိုပြသက်သေ ၂၂ ဦးရှိတဲ့အထဲမှာ ၁၄ ဦးပဲ စစ်ရသေးတာကို ကျန်သက်သေတွေ မစစ်ဘဲ ကျေအေးခွင့် ပေးလိုက်တယ်ဆိုတာ ထပ်တွေ့ပါတယ်။ ဒါဆိုရင် တရားလိုပြသက်သေ မစုံခင် ကျေအေးခွင့်တင်ခဲ့တဲ့ ခရိုင်ဥပဒေချုပ်၊ ကျေအေးခွင့်ပြုခဲ့တဲ့ တရားသူကြီးတွေကို သေသေချာချာ စစ်ဆေးဖို့ လိုနေပါပြီ။ ပြည်သူလိုချင်တာ အမှုပြန်စစ်တာတင် မကတော့ပါဘူး။ နောက်ကွယ်က တစ်စုံတစ်ရာ ရှိနေမှန်း သေချာနေရဲ့နဲ့ အမှုလေး ပြန်စစ်လိုက်ကွာဆိုပြီး လေပြေထိုးသလို လုပ်တာကိုပါ မကျေနပ်တာ။ ဆက်စပ်ကိစ္စတွေပါ ဖေါ်ပေးစေချင်ပါတယ်။ သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ကျေနပ်ရုံ ဆိုတာထက် ဒါဟာ Corruption ကို တိုက်ဖျက်မယ်လို့ ကြွေးကြော်လာတဲ့ အစိုးရရဲ့ စွမ်းရည်ကိုပါ စစ်ဆေးတဲ့ပွဲ ဖြစ်လာပါလိမ့်မယ်’ ဟု ရေးသားထားသည်ကို တွေ့ရသည်။

ထိုသို့ ဝေဖန်မှုများ ရှိနေသည့် အချိန်တွင် သြဂုတ် ၄ ရက်ထုတ် အစိုးရပိုင် သတင်းစာဖြစ်သည့် ကြေးမုံသတင်းစာတွင် စောညီရေးသားသည့် ‘မဆိုင်တာကို ဆိုင်သယောင် ဆွဲထည့်သည့် အရှုပ်ထုပ်ကို ဖြေပြခြင်း’ ဆိုသည့် ဆောင်းပါးတစ်ပုဒ် ထပ်မံ ဖော်ပြခဲ့သည်။

ယင်းဆောင်းပါးအား နှစ်ရက်ဆက် ဖော်ပြခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၄ ရက်တွင် ရေးသားထားသည့် အကြောင်းအရာများမှာ ကျော်ဝင်းနီ၏ ‘ကိုယ့်တာဝန် ကိုယ်လုပ်ပါ’ ဆိုသည့် ဆောင်းပါးအား ဝေဖန်နေသူများကို တုံ့ပြန် ရေးသားခဲ့ခြင်း ဖြစ်သည်။

ဆောင်းပါးတွင် ပါဝင်သည့် ရေးသားချက်အချို့မှာ ‘သတင်းစာတိုက်မှာ စာတည်းအဖွဲ့ရှိပြီး စာတည်းအဖွဲ့ရဲ့ ရွေးချယ်မှု အများစုနဲ့ သတင်းတွေ ရွေးချယ်မယ်၊ ဆောင်းပါးတွေ ရွေးချယ်မယ်၊ ခေါင်းကြီးတွေ ရေးသားမယ်ဆိုတာ လုပ်ရိုးလုပ်စဉ် ပုံမှန်ဆိုတာကို မသိတာ၊ အသိလွန်တာတွေ တွေ့ကြရတယ် မဟုတ်လား ကိုဒင်။ လွတ်လပ်စွာ လုပ်ကိုင်ခွင့်မရှိဘူးဆိုတဲ့ ဟိုးတစ်ချိန်က သူတို့သိမီလိုက်တဲ့ ကာလတွေနဲ့ ယှဉ်တွေးပြီး ပြောနေဆိုနေကြတာလည်း ရှိတာပေါ့ ကိုဒင်။ တစ်ခါတလေ သတင်းစာမှာပါတဲ့ ဆောင်းပါးတစ်ပုဒ်တစ်လေနဲ့ ပတ်သက်ပြီး မဆီမဆိုင် အမနာပ စွပ်စွဲရေးသား၊ သွားပုပ်လေလွင့် ပြောနေဆိုနေကြတာကို တွေ့ရလို့ သူတို့တွေရဲ့ ရွှေဉာဏ်တော်ကို လေးစားရမလား၊ အံ့သြရမလားမသိ ဖြစ်ရတာလည်း အမှန်ပါ။ အခုရက်ဆို ကိုဒင်လည်း အွန်လိုင်းမှာရော၊ ပုံနှိပ်စာမျက်နှာထက်မှာရော သရုပ်ဆောင်အောင်ရဲထွေး အမှုနဲ့ ပတ်သက်ပြီး ရေးကြသားကြတာ တွေ့မိမှာပါ။ ဒါနဲ့ ပတ်သက်ပြီး မဆီမဆိုင် ဘယ်လိုမှ ပတ်သက်ဆက်စပ်လို့ မရတဲ့ မြန်မာ့အလင်းနဲ့ ကြေးမုံမှာပါတဲ့ ဆောင်းပါးနှစ်ပုဒ်ကို လိုသလို ဆွဲယူပြီး ရေးကြသားကြတာကို စရေးကြကတည်းက ဖတ်ရပါတယ်။ ဒါက ဉာဏ်ရည်မြင့်တဲ့ စာဖတ်သူတွေ၊ ထဲထဲဝင်ဝင် ဖတ်ရှုလေ့လာတဲ့သူတွေဆိုရင် ဒီဆောင်းပါးနှစ်ပုဒ်က ဘာကိုဆိုလိုတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မြင်ရဖတ်ရမှာပါ’ ဟု ရေးသားထားခဲ့ခြင်း ဖြစ်သည်။

အောင်ရဲထွေးအမှုမှာ နိုင်ငံတဝန်းတွင် လူအများ စိတ်ဝင်စားခဲ့သည့်အမှုဖြစ်ပြီး ယင်းအမှုတွင် ကျူးလွန်သူများကို ပြန်လွှတ်ပေးခြင်းကြောင့် နိုင်ငံတော်သမ္မတကိုယ်တိုင် ဝင်ရောက် ထိန်းကျောင်းခဲ့ရသည့် အမှုတစ်ခု ဖြစ်သည်။

သို့ဖြစ်ရာ ယင်းအမှုနှင့်ပတ်သက်၍ လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဥပဒေချုပ် ဦးဟန်ထူး အပါအဝင် ခြောက်ဦးကို ဖမ်းဆီး အရေးယူသကဲ့သို့ပင် ဆက်စပ်ပတ်သက်နိုင်မှုရှိသည်ဟု အတိအကျ ယူဆရန် မဖြစ်နိုင်သော်လည်း လူအများကြားတွင် ပြင်းပြင်းထန်ထန် ဝေဖန်ခြင်းခံခဲ့ရသော အစိုးရသတင်းစာပါ ဆောင်းပါးဖော်ပြချက်များ၏ နောက်ကွယ်မှ အကြောင်းအရာများနှင့်အတူ လာဘ်ပေးသူ၊ လာဘ်ယူသူသာမက အဂတိနှင့်ပတ်သက်၍ နောက်ကွယ်မှ ဆက်စပ်နိုင်သော အကြောင်းအရာများကိုပါ ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးကာ အများပြည်သူသို့ စုံစမ်းဖော်ထုတ်ချပြရန် လိုအပ်မည်ဖြစ်ကြောင်း ဝေဖန်သုံးသပ်မှုများလည်း ရှိနေသည်။

Most Read

Most Recent