အောင်ရဲထွေးအမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဟန်ထူး အပါအဝင် ဥပဒေအရာရှိ သုံးဦး၊ ခရိုင်တရားသူကြီး တစ်ဦးနှင့် ရဲအရာရှိတစ်ဦးတို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်

အောင်ရဲထွေးအမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဟန်ထူး အပါအဝင် ဥပဒေအရာရှိ သုံးဦး၊ ခရိုင်တရားသူကြီး တစ်ဦးနှင့် ရဲအရာရှိတစ်ဦးတို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်
Published 13 September 2018

မေလအတွင်းက လွှတ်တော်အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဟန်ထူးအား တွေ့ရစဉ်

အောင်ရဲထွေးအမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဟန်ထူး အပါအဝင် ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်နှင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရွှေပေါက္ကံ နယ်မြေစခန်းမှူး (ယခင်သုဝဏ္ဏနယ်မြေစခန်းမှူး) လ ၁၆၆၉၅၄ ရဲအုပ်ချစ်ကိုကို တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့် အရေးယူကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ထုတ်ပြန်လိုက်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၊ ရာဇဝတ်ကြီးမှုအမှတ် ၃၄/၂၀၁၈ ၊ တရားလို ဦးသန့်ဇင်ဦးက တရားခံ သန်းထွဋ်အောင်(ခ)သားကြီးပါ ၃ ဦးအပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ စွဲဆိုထားသည့် သရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့ရသည့် အမှုကိစ္စနှင့်ပတ်သက်၍ ၂၅-၇-၂၀၁၈ ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ တရားခံများအပေါ် စွဲဆိုထားသည့်ပြစ်မှုအား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄(က)အရ ရုပ်သိမ်းခွင့်ပြုကြောင်း အမိန့်ချမှတ်ခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ကျော်စောသတင်းအဖြစ် သတ်မှတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ကျော်စောသတင်းနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံး၊ ရာဇဝတ်ကြီးမှု အမှတ် ၃၄/၂၀၁၈ အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၄(က)အရ ရုပ်သိမ်းခွင့်ပြုသည့်ကိစ္စတွင် တရားလိုပြသက်သေများကို တမင်ပေါ့လျော့စွာ စစ်ဆေးပြီး တရားခံများ ပြစ်မှုကျူးလွန်ကြောင်း တရားလိုပြသက်သေများက ထွက်ဆိုနိုင်ခြင်းမရှိဆိုသည့် အခြေအနေဖြစ်ပေါ် အောင်ဖန်တီးကာ တရားခံများ၏ မိဘများထံမှ လာဘ်ငွေနှင့် တံစိုးလက်ဆောင်များရယူခဲ့သည့် ရန်ကုန်အရှေ့ပိုင်းခရိုင်ဥပဒေရုံးမှ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်(ဥ/၂၃၉၀)၊ ဒေါ်သစ်သစ်ခင်၏ တင်ပြချက်ကို ဆက်လက်စိစစ်ရာတွင် သေချာစွာ စိစစ်ခြင်းမပြုဘဲ တရားခံသန်းထွဋ်အောင်၏ဖခင် ဦးခင်မောင်လေးထံမှ လာဘ်ငွေနှင့်တံစိုး လက်ဆောင်များရယူကာ ထောက်ခံတင်ပြခဲ့သည့် ရန်ကုန် အရှေ့ပိုင်းခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေး(ဥ/၂၄၄၃)၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေအရာရှိ ဦးသိန်းဇော် (ဥ/၁၈၄၆) တို့အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရလည်းကောင်း၊ ဒေါ်သစ်သစ်ခင်မှစတင်၍ အဆင့်ဆင့် စိစစ်တင်ပြလာသည့် အမှုရုပ်သိမ်းခွင့်ကို သုံးသပ်ဆုံးဖြတ်မိန့် ချမှတ်ရာတွင် ပြည့်စုံစွာ သုံးသပ်ခြင်းမပြုဘဲ တရားခံ သန်းထွဋ်အောင်၏ဖခင် ဦးခင်မောင်လေးထံမှ လာဘ်ငွေနှင့် တံစိုးလက်ဆောင်များရယူကာ အမှုရုပ်သိမ်းခွင့် ချမှတ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူးအပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ လည်းကောင်း၊ ဒေါ်သစ်သစ်ခင်က တင်ပြလာသည့် အမှုရုပ်သိမ်းခွင့်ကို သုံးသပ်ဆုံးဖြတ်ရာတွင် တရားခံသန်းထွဋ်အောင်၏ ဖခင် ဦးခင်မောင်လေးထံမှ လာဘ်ငွေရယူကာ အမှုကို ပြည့်စုံစွာ သုံးသပ် ခြင်းမပြုဘဲ အမှုရုပ်သိမ်းခွင့်ပြုပြီး တရားခံများကို တရားရှင်လွှတ်ခဲ့သည့် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်(တ/၂၄၃၇)အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆အရလည်းကောင်း၊ အမှုစစ်အဖြစ်ဆောင်ရွက်ရာ၌ ရဲလုပ်ငန်းကုန်စင်အောင် ဆောင်ရွက်ခဲ့ခြင်း မရှိသည့်အပြင် မိမိ၏ရာထူးတာဝန်ကို အလွဲသုံးစားပြုပီး တစ်စုံတစ်ရာကိုပြုလုပ်ရန်အတွက် တရားခံသန်းထွဋ်အောင်၏ ဖခင်ထံမှ လာဘ်ငွေနှင့် တံစိုးလက်ဆောင်ကို လက်ခံရယူခဲ့သည့် လ ၁၆၆၉၅၄ ရဲအုပ်ချစ်ကိုကို အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရ လည်းကောင်း အရေးယူဆောင်ရွက်ရန် သုဝဏ္ဏနယ်မြေရဲစခန်းတွင် ၁၃-၉-၂၀၁၈ ရက်နေ့၌ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ထုတ်ပြန်ထားသည်။

Most Read

Most Recent