ဒီဘက်ခေတ်မှာ မနက်လင်းမှာကို ကြောက်လန့်နေရသူတွေက အိမ်ရှင်မတွေ ဖြစ်ပါတယ်။ မိသားစု စားသောက်ရေးအတွက် စီမံခန့်ခွဲပေးနေရတဲ့ အိမ်ရှင်မတွေကို နေ့စဉ် ကြောက်လန့်အောင် ခြောက်နေတဲ့သူက ဘယ်သူပါလဲ။
မိတ်ဆွေတို့ အနီးအနားမှာရှိတဲ့ မိခင်၊ ဇနီး၊ ဆွေမျိုးသားချင်း၊ မိတ်ဆွေ၊ အပေါင်းအသင်းတွေထဲက အိမ်ရှင်မတွေဟာ နေ့စဉ်လိုလို ကုန်ဈေးနှုန်းတစ္ဆေရဲ့ ခြောက်လှန့်မှုကို ခံနေရတာပါ။
အိမ်ထောင်ဦးစီး ခင်ပွန်းဖြစ်သူရဲ့ ဝင်ငွေ ဒါမှမဟုတ် လင်မယားနှစ်ယောက်ရဲ့ ဝင်ငွေနဲ့ နေ့စဉ် စား သောက်နိုင်ဖို့ စီမံရတာဟာ ဒီဘက်ခေတ်က အိမ်ရှင်မတွေအတွက်တော့ မလွယ်လှပါဘူး။
အဆိုးဆုံးက အခြေခံလက်လုပ်လက်စား အိမ်ရှင်မတွေပဲ ဖြစ်ပါတယ်။ ဝင်ငွေနည်းတဲ့ အခြေခံ လူတန်းစား အိမ်ရှင်မတွေအတွက်တော့ မြင့်တက်လာတဲ့ ကုန်ေဈေး နှုန်းက နေ့စဉ်ခြောက်လှန့်နေတဲ့ တစ္ဆေ တစ်ကောင်ပါပဲ။
သားသမီးမရှိသေးတဲ့ အိမ်ရှင်မတွေအတွက်တော့ လင်မယားနှစ်ယောက်ရဲ့ ဝင်ငွေနဲ့ ကုန်ဈေး နှုန်းမြင့်တက်မှုဒဏ်ကို ခုခံနိုင်ပေမဲ့ သားသမီးရှိတဲ့ အိမ်ရှင်မတွေအတွက်တော့ မြင့်တက်လာတဲ့ ကုန် ဈေးနှုန်းရဲ့ဒဏ်မှာ အလူးအလဲ ခံနေရပါတယ်။
ဒီကြားထဲ သားသမီးများတဲ့ အိမ်ရှင်မတွေဆို အပြင်အလုပ် ထွက်မလုပ်နိုင်တာကြောင့် ခင်ပွန်းဖြစ်သူရဲ့ လစာတစ်ခုတည်းနဲ့ မိသားစု ရှင်သန်ဖို့အတွက် မနည်းရုန်းကန်နေရတဲ့ အနေအထားမျိုးပါ။
ရန်ကုန်မြို့ရဲ့ လက်လီရောင်းတဲ့ ဈေးတွေမှာ လက်ထဲငွေနှစ်ထောင်၊ သုံးထောင်လောက်နဲ့ ခြေတိုအောင် လျှောက်ပြီး ဈေးဝယ်နေရတဲ့ အိမ်ရှင်မတွေ အများအပြား ရှိပါတယ်။
ဒီနှစ် ဖေဖော်ဝါရီကစပြီး ဆန်ဈေးအပါအဝင် စားသောက် ကုန်တွေ ဈေးတက်ခဲ့ပါတယ်။ သြင်္ကန်အပြီးမှာ ကုန်းဈေးနှုန်းတွေ ပြန်ကျဖို့ အိမ်ရှင်မတွေက မျှော်လင့်ခဲ့ပေမဲ့ ဖြစ်မလာခဲ့ပါဘူး။
ပြီးခဲ့တဲ့ ဇူလိုင်လမှာတော့ ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန်စတဲ့ မီး ဖိုချောင်သုံးကုန်ပစ္စည်းတွေ အပါအဝင် သားငါးဈေးတွေက တရိပ်ရိပ်နဲ့ မြင့်တက်လာခဲ့တာ သြဂုတ်လမှာ သိသိသာသာ ဖြစ်လာပါတယ်။
“အရင်က မိသားစု ငါးယောက်အတွက် ဈေးဝယ်ရင် တစ်သောင်းဆို နှစ်ထောင်လောက်က ပိုသေးတယ်။ အခုဆို မပိုတော့ဘူး” လို့ တာမွေမြို့နယ်က အိမ်ရှင်မ တစ်ဦးဖြစ်သူ ဒေါ်ခင်သီတာက ညည်းညည်းညူညူနဲ့ ပြောပါတယ်။
ခင်ပွန်းဖြစ်သူ အနေနဲ့ကလည်း မိသားစု ငါးယောက်စရိတ်ကို လောက်ငအောင်လို့ မနည်းရုန်းကန်နေရတယ်လို့ သူက ဆိုပါတယ်။
“အစ်မယောကျ်ားရဲ့ အလုပ်က တစ်နေ့ကို တစ်သောင်းကျော်လောက်ရှာနိုင်လို့ အိမ်စရိတ်ကို တစ်သောင်းလောက် ပေးနိုင်တာ။ အစ်မယောကျ်ားသာ တစ်လ တစ်သိန်းကျော်လောက်ပဲရတဲ့ ဝန်ထမ်း ဆို အစ်မတို့ မိသားစုငါးယောက် ရဲ့ စားရေးသောက်ရေးက မလွယ်ဘူး”လို့ သူက ပြောပါတယ်။
အိမ်ရှင်မတွေ ညည်းညူ ချင်လည်း ညည်းညူချင်စရာပင်။ လက်ရှိ လက်လီရောင်းနေတဲ့ ဈေးတွေမှာ ဆန်ဈေး၊ ဆီဈေး၊ အသားငါးဈေး၊ အသီးအရွက်ဈေးနဲ့ မီးဖိုချောင်သုံး ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းက အားလုံးနီးပါး တက်နေပါတယ်။
ဒီထဲမှာ သိသိသာသာ တက်လာတာက ဆန်ဈေးနှုန်း ဖြစ်ပါတယ်။ အခြေခံလူတန်းစားအများစု စားနေတဲ့ ဖျာပုံပေါ်ဆန်း(ရိုးရိုး)က စလို့ ဆန်ကြမ်းတွေဖြစ်တဲ့ ဇီရာ၊ ဧည့်မထစတဲ့ ဆန်တွေအဆုံး ပျမ်းမျှတစ်ပြည်ကို ငါးရာလောက် တက်သွားပါတယ်။
ဖျာပုံပေါ်ဆန်း(ရိုးရိုး) တစ်ပြည်ကို အရင်က ၁၈၀၀ လောက်သာ ရှိပေမယ့် လက်ရှိမှာ ၂၂၀၀ နဲ့ ၂၃၀၀ ကြားမှာ ရှိနေပါတယ်။ လက်လီရောင်းတဲ့ဈေးတွေမှာ ပေါ်ဆန်းတစ်ပြည် ၂၀၀၀ နဲ့ ရောင်းပါက အရောအနှောတွေသာ ရမှာပါ။ ဆန်ကြမ်းတွေဖြစ်တဲ့ ဇီရာ၊ ဧည့်မထဆိုရင်လည်း အရင်က တစ်ပြည်ကို ၉၀၀- ၁၀၀၀ လောက်သာ ရှိပေမယ့် လက်ရှိမှာ ၁၂၀၀-၁၃၀၀ အထိ ဈေးတက်သွားခဲ့ပါတယ်။
ဆီဈေးကလည်း မငြိမ်ပါဘူး။ လက်လီဈေးတွေထဲမှာ ပါကင်ထုပ်ထားတဲ့ ၃၀ သား ပဲဆီတစ်ဘူးကို အရင်က ၁၈၀၀ လောက်သာ ရှိပေမယ့် လက်ရှိမှာ ၂၀၀၀ အထိ ဈေး တက်သွားပါတယ်။ ဒါ့ပြင် စားအုန်း ဆီဈေးနှုန်းကလည်း အရင်က တစ်ပိဿကို ၁၇၀၀-၁၈၀၀ လောက်သာရှိပေမယ့် လက်ရှိမှာတော့ ၂၀၀၀ ဖြစ်နေပါပြီ။
ကြက်သွန်နဲ့ အာလူးဈေးနှုန်းကလည်း တစ်ပိဿကို ၂၀၀ လောက် တက်လာပါတယ်။ ချဉ်ပေါင်၊ ကန်စွန်းရွက်စတဲ့ အသီးအရွက် ဈေးနှုန်းတွေကလည်း တစ်စည်းကို ၁၀၀ ကနေ ၂၀၀ လောက် အထိ တက်လာပါတယ်။
ထမင်းဟင်းချက်တဲ့အခါ လျှပ် ထမင်းပေါင်းအိုးနဲ့ ဟော့ပလိပ်စတဲ့ လျှပ်စစ်ပစ္စည်းတွေကို မသုံးတဲ့ အိမ် ရှင်မတွေအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခုကတော့ မီးသွေးဈေးနှုန်းပဲ ဖြစ်ပါတယ်။ အရင်က မီးသွေး တစ်အိတ်ကို ၄၀၀၀-၄၅၀၀ သာ ရှိပေမဲ့ လက်ရှိမှာတော့ ၆၀၀၀ ဖြစ်နေပြီ ဖြစ်ပါတယ်။ တစ်ပိဿချင်း ဝယ်သုံးမယ်ဆိုပါက တစ်ပိဿအပြည့်ကို ၆၀၀ နဲ့ ၇၀၀ ပေးရပြီး တစ်ပိသာမပြည့်တဲ့ အလျော့ကို တော့ ၅၀၀ ဈေးရှိနေပါတယ်။
နောက်ထပ် ဈေးတက်တဲ့ စားသောက်ကုန်ကတော့ ဘဲဥ၊ ကြက်ဥ ပဲ ဖြစ်ပါတယ်။ လက်လီရောင်းတဲ့ ဈေးတွေမှာ ဘဲဥတစ်လုံးဈေးက အရင် ၁၈၀ ရှိပေမယ့် အခု ၂၅၀ နဲ့ ရောင်းနေပါတယ်။ ကြက်ဥကတော့ အလုံးကြီးချောဆိုရင် တစ်လုံးကို အရင်က ၁၃၀ သာရှိပေမယ့် အခု ၁၇၀ ဖြစ်နေပါတယ်။
အရင်က အပြင်ထမင်းဆိုင်တွေမှာ ဘဲဥ၊ ကြက်ဥနဲ့ ထမင်းစားမယ်ဆိုရင် ငါးရာလောက်နဲ့ ရပေမဲ့ လက်ရှိမှာတော့ ရှစ်ရာ၊ တစ်ထောင် နဲ့ ဆိုင်တွေက ရောင်းနေပါတယ်။
ဒါ့ပြင် မနက်သရေစာ ဖြစ်တဲ့ မုန့်ဟင်းခါး၊ အသုပ်စုံ၊ ဆီချက်နဲ့ ရှမ်း ခေါက်ဆွဲ စတဲ့ မုန့်ပဲသရေစာတွေရဲ့ ဈေးနှုန်းကလည်း တစ်ပွဲကို နှစ်ရာလောက် တက်လာပါတယ်။ လက်ဖက်ရည်တစ်ခွက်ကို အရင်က ၂၅၀-၃၀၀ သာ ရှိပေမဲ့ လက်ရှိမှာတော့ ဆိုင်တွေက ၄၀၀-၅၀၀ နဲ့ ရောင်းနေပါတယ်။
ဒီလို အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေ ဈေးတက်နေတာနဲ့ ပတ်သက်လို့ မြို့နယ်တစ်ချို့က ဈေး ရောင်းသူတွေနဲ့ ဈေးဝယ်သူတွေရဲ့ အမြင်ကို မေးမြန်းရာမှာ အားလုံးက ကုန်ဈေးနှုန်းတည်ငြိမ်တာကိုပဲ လိုချင်တယ်လို့ ဖြေဆိုကြပါတယ်။
“ကုန်ဈေးနှုန်း အကြောင်းကတော့ မပြောချင်တော့ဘူး။ တစ်ခါလာလည်းတက်၊ တစ်ခါလာလည်းတက်နဲ့ ဘယ်တော့မှ ပြန်ကျတယ်ကို မရှိဘူး။ အဒေါ်တို့လည်း ဈေးသာရောင်းနေရတာ ဈေးတက်ပြီဆို ကိုယ့်ဖောက်သည်တွေကို မျက်နှာပူရတယ်။ အဒေါ်တို့လည်း ဘယ်တက်ချင်ပါ့မလဲ။ မသက်သာလို့သာ တက်ရတာ။ တချို့နွမ်းပါးတဲ့သူတွေဆို ဒီလိုပဲ မမြတ်လည်း ရောင်းပေးလိုက်တယ်”လို့ တာမွေမြို့နယ်ထဲက ကုန်ခြောက်ဆိုင်ပိုင်ရှင်တစ်ဦးက ဆိုပါတယ်။
တချို့ဈေးသည်တွေက တခြားစားသောက်ကုန်တစ်ခုခု ဈေးတက်တာနဲ့ သူတို့ ကုန်ပစ္စည်းကိုပါ ဈေး တက်ရောင်းချနေတာတွေရှိတယ်လို့ ဝယ်သူတွေက ဆိုပါတယ်။
“တက်တာတော့ အကုန်တက်နေတာပဲ။ ဒါပေမဲ့ တချို့ဟာတွေ ကျတော့ ဘာမှန်း မသိဘဲနဲ့ကို တက် နေတာ”လို့ တောင်ဒဂုံမြို့နယ်က အိမ်ရှင်မတစ်ဦးက ပြောပါတယ်။
အခြေခံ စားသောက်ကုန်တွေ လိုပဲ တခြားရယ်ဒီမိတ်အစားအစာ၊ ဆေးဝါးနဲ့ လူသုံးကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကလည်း ငါးဆယ်နဲ့ တစ်ရာကြားမှာ မြင့်တက်လို့ လာပါတယ်။
ဒီလို ကုန်ဈေးနှုန်း တက်လာရခြင်းက ဒေါ်လာဈေး အတက်အကျ နဲ့ ဆိုင်တယ်လို့ ဈေးရောင်းသူတွေနဲ့ ဈေးဝယ်သူတွေက ဆိုပါတယ်။
တချို့ကတော့ ဝန်ထမ်းတွေ လစာတိုးတဲ့အချိန်တိုင်း ကုန်ဈေးနှုန်းက နောက်ကနေ အဆက်မပြတ် လိုက်တက်နေတယ်လို့ ယုံကြည် နေကြပါတယ်။
“လခတိုးတာက သုံသောင်းလောက် တိုးတယ်။ ကုန်ဈေးနှုန်းက တက်တာနဲ့ ဘာမှမထူးဘူး”လို့ ကုမ္ပဏီဝန်ထမ်း အိမ်ရှင်မတစ်ဦး က ဆိုပါတယ်။
လခတိုးတိုင်း ကုန်ဈေးနှုန်းလိုက်တက်တာကို ထင်ရှားတဲ့ ဥပမာ ပြရရင် မြန်မာနိုင်ငံမှာ ၂၀၁၅ စက်တင်ဘာ ၁ ရက်က စတင် အသက်ဝင်ခဲ့တဲ့ အနည်းဆုံး အခကြေးငွေ တစ်ရက် ကျပ် ၃၆၀၀ သတ်မှတ်ပြီး နောက်ပိုင်း အခြေခံစားသောက်ကုန်တွေက တရိပ်ရိပ်နဲ့ ထိုးတက်လာခဲ့ပါတယ်။
အခြေခံ စားသောက်ကုန်ဖြစ်တဲ့ ကန်စွန်းရွက်တစ်စည်းကို ငွေကျပ် ၁၅၀၊၂၀၀ လောက်သာ ပေးရပေမယ့် အနည်းဆုံးအခကြေးငွေ သတ်မှတ်ပြီးနောက်ပိုင်း ၃၀၀ ကျပ်အထိ ဖြစ်လာပါတယ်။
ဒါ့ပြင် နေ့စဉ်စားနေရတဲ့ ဆန်ဈေး၊ ဆီဈေးနဲ့ နောက်ဖေးမီးဖို ချောင်သုံးကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကလည်း အနည်းဆုံး အခကြေးငွေသတ်မှတ်ပြီး သုံးလအတွင်း တရိပ်ရိပ်မြင့်တက်လာခဲ့ပါတယ်။
ဆန်ဈေးနှုန်းက ၂၀၁၅ ခုနစ် စက်တင်ဘာမှာ ဖျာပုံပေါ်ဆန်း တစ် အိတ်ကို ၄၄၀၀၀ ကျပ်ရှိရာကနေ နိုဝင်ဘာမှာ ၄၅၅၀၀ ကျပ်၊ ရွှေဘို ပေါ်ဆန်း တစ်အိတ်ကို ၅၁၅၀၀ ကျပ်ကနေ ၅၄၀၀၀ ကျပ်၊ မြောင်းမြ ပေါ်ဆန်းတစ်အိတ်ကို ၄၄၅၀၀ ကျပ်ကနေ ၄၇၀၀၀ ကျပ်၊ ဧည့်မထ တစ်အိတ်ကို ၂၅၀၀၀ ကျပ်ကနေ ၂၈၀၀၀ ကျပ်၊ ငစိန်တစ်အိတ်ကို ၂၀၀၀၀ ကျပ်ကနေ ၂၁၅၀၀ ကျပ် အဖြစ် အသီးသီး ဈေးတက်ခဲ့ပါတယ်။
ဒီဈေးနှုန်းဈေးနှုန်းတွေက ရန်ကုန်မြို့တွင်းရောင်းချနေတဲ့ ဆန်ဆိုင်အချို့ကနေ ကောက်ယူထားတဲ့ ဈေးနှုန်းများဖြစ်ပြီး ဈေးနှုန်းအနည်းငယ် အပြောင်းအလဲ ရှိနိုင်ပေမယ့် ဆန်ဈေးနှုန်းက တက်ခဲ့တာက အမှန်ဖြစ်ပါတယ်။
“ကုန်ဈေးနှုန်းကတော့ တစ်လ နဲ့ တစ်လ မတူဘူး။ အရင်လတုန်းကဆိုရင်တောင် ဆန်တစ်ပြည်ကို ငွေ ၂၀၀၀ လောက်နဲ့ ဝယ်လို့ ရသေးတယ်။ အခုလက်ရှိမှာ ၂၅၀၀ တန် လောက်မှ ဆန်က ကောင်းကောင်း ကန်းကန်းစားရတာ။ ၁၈၀၀၊ ၁၅၀၀ ဆိုတာက ဆန်ကွဲကို စားနေရတဲ့ အတိုင်းပဲ။ ကုန်ဈေးနှုန်းတွေ ဒီလို မြင့်တက်လာတဲ့အပေါ်မှာ အလုပ်သမားတွေအနေနဲ့ လုပ်ခလစာက ဖူလုံမှုမရှိဘူး။ ဖူလုံမှုမရှိတဲ့အပေါ် မှာ ကုန်ဈေးနှုန်းကလည်း အနောက်ကနေ အချိန်နဲ့ တစ်ပြေးညီ မြင့်တက်လာတော့ ကျွန်တို့ရဲ့ လုပ်အားက လုပ်သာလုပ်နေရတယ်။ ကျွန်မတို့ အလုပ်သမားတွေမှာ သင့်တင့်မျှတတဲ့ စားသောက်နေထိုင်မှုမျိုးကို အခုချိန်ထိ မရရှိသေးဘူး”လို့ အထည်ချုပ် အလုပ်သမတစ်ဦးက ပြောပါတယ်။
အနည်းဆုံး အခကြေးငွေ ဥပဒေအရ နှစ်နှစ်ပြည့်ရင် အနည်းဆုံးအခကြေးငွေကို ပြန်လည်သတ် မှတ်ရမယ်လို့ ပြဋ္ဌာန်းထားပေမယ့် သုံးနှစ်အကြာ ၂၀၁၈ မေ ရောက်မှသာ အနည်းဆုံးအခကြေးငွေကို ကျပ် ၃၆၀၀ ကနေ ကျပ် ၄၈၀၀ ကို တိုးမြှင့် သတ်မှတ်နိုင်ခဲ့ပါတယ်။
ဒီလို အနည်းဆုံးအခကြေးငွေ တစ်ရက် ကျပ် ၄၈၀၀ တိုးမြှင့်သတ် မှတ်ပြီးနောက်ပိုင်း အမေရိကန်- တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့် ပြည်တွင်းမှာ နိုင်ငံခြားငွေလဲလှယ်နှုန်း စံချိန်တင်မြင့်တက်ခဲ့ပြီး မြန်မာ ကျပ်ငွေတန်ဖိုးက ကိုးရာခိုင်နှုန်း အထိ ကျခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ အဓိက စီးပွားရေးပြသနာများဖြစ်တဲ့ ကုန်သွယ်ရေး လိုငွေများပြားခြင်း၊ ပို့ကုန်နည်းပါးခြင်း၊ ဘတ်ဂျက်လိုငွေ များပြားခြင်း၊ ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှု နည်းပါးခြင်း၊ စီးပွားရေး တိုးတက်မှု ကျဆင်းခြင်း၊ ဈေးကွက်အတွင်း ဒေါ်လာလိုအပ်ချက် များပြားခြင်းစတဲ့ ပြသနာတွေကို မဖြေ ရှင်းနိုင်သေးတဲ့ အချိန်မှာ နိုင်ငံခြား ငွေလဲလှယ်နှုန်း မြင့်တက်ခဲ့ပြီး မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းခဲ့ ခြင်းက နိုင်ငံ့စီးပွားရေးကိုသာမက အခြေခံလူတန်းစားတွေအထိ ရိုက်ခတ်ခဲ့ပါတယ်။
မြန်မာကျပ်ငွေ ကျဆင်းတဲ့ အပြင် ငွေကြေးဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်း မြင့်တက်လာမှုကြောင့် အနည်းဆုံးအခကြေးငွေကို တိုးမြှင့်သတ်မှတ်ခဲ့ပေမယ့် အခြေခံအလုပ်သမား လူတန်းစားတွေရဲ့ ဝင်ငွေနဲ့ ထွက်ငွေကတော့ ပိုလျှံဖို့ထက် အကြွေး မတင်ရုံနဲ့တင် ကျေးဇူးတင်ရမယ့် ကိန်းဆိုက်နေပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ ကုန်ဈေးနှုန်းမြင့်တက်ရာမှာ အခြေခံစားသောက်ကုန်တွေ အများကြီးပြောင်းလဲသွားခြင်း မရှိဘူးလို့ ဘီဘီစီသတင်းဌာနကို ဖြေကြားထား ပါတယ်။
ဒါပေမဲ့ တကယ့်မြေပြင်မှာ တော့ ကုန်ဈေးနှုန်းမြင့်တက်ခြင်း က အခြေခံလူတန်းစား၊ အလုပ်သမား နဲ့ အိမ်ရှင်မတွေကို အကျပ်အတည်း တွေ့စေပါတယ်။
စားသောက်ကုန်တွေ ဈေးနှုန်းမြင့်တက်လာတဲ့အတွက် အပြင်ဆိုင်တွေက ဈေးတင်ရောင်းလာတာတွေ ရှိပေမဲ့ လက်ရှိအခြေအနေမှာ ရောင်းအားကျဆင်းမှုတွေရှိလာတယ်လို့ ဆိုင်ပိုင်ရှင် တချို့က ဆိုပါတယ်။
“အရင်က မိသားစု သုံးယောက်လာရင် ဘာစားစား တစ်ယောက် တစ်ပွဲ၊ လက်ဖက်ရည်ဆိုလည်း တစ်ယောက် တစ်ခွက်၊ အခု ဈေးနှုန်းတွေ တက်ပြီးနောက်ပိုင်း မုန့်ဟင်းခါးတို့ အသုပ်တို့ကို ဆိုင်မှာ မစားတော့ပဲ ပါဆယ်ဆွဲကြတာ များလာတယ်။ လက်ဖက်ရည်ဆိုလည်း တစ်ခွက်လောက်ပဲ ပါဆယ်ဆွဲ သွားကြတယ်။ မိသားစုလိုက်ဆိုင်မှာ မစားတော့ဘူး။ ရောင်းအားက ကျ လာတယ်” လို့ တာမွေမြို့နယ်ထဲ မှာ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးက ဆိုပါတယ်။
ဘာကြောင့် အခြေခံစားသောက်ကုန်တွေရဲ့ ဈေးနှုန်းတွေက မြင့်တက်လာရပါသလဲ။ ဗဟိုစာရင်း အင်းအဖွဲ့ရဲ့ “မြန်မာနိုင်ငံ၏ စားသုံးသူဈေးနှုန်းနှင့် ငွေကြေးဖောင်းပွမှုအခြေအနေ “အစီရင်ခံစာမှာ တော့ ငွေကြေးဖောင်းပွမှုကြောင့် အခြေခံစားသောက်ကုန်တွေ သုံးရာခိုင်နှုန်းလောက် ဈေးတက်တယ် လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ ငွေကြေး ဖောင်းပွမှုဟာ ဒီနှစ်ခြောက်လအတွင်း မြင့်တက်လာပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းတွေကလည်း ပျမ်းမျှ သုံးရာခိုင်နှုန်လောက် မြင့်တက်လာတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ ငွေကြေး ဖောင်းပွမှုနှုန်းက ၂၀၁၈ ဇန်နဝါရီမှာ ၄ ဒသမ ၄၀ ရာခိုင်နှုန်း ရှိပြီး ဇွန် မှာတော့ ၄ ဒသမ ၅၈ ရာခိုင်နှုန်း အထိ မြင့်တက်လာတယ်လို့ ဆိုပါ တယ်။
ဒီလို ငွေကြေးဖောင်းပွမှု မြင့်တက်လာတဲ့အတွက် ခြောက်လအတွင်း ဆန်ကြမ်း တစ်ပြည်ဈေးနှုန်း ဟာ ကျပ် ၁၃၈၀ ကနေ ၁၃၉၇ ကျပ် ဖြစ်လာတဲ့အတွက် တစ်ရာခိုင်နှုန်းကျော်မြင့်တက်လာပါတယ်။ ၂၀၁၈ ခုနှစ်စကနေ ဇွန်လအထိ ဆန်ချော ဈေးနှုန်းက တစ်အိတ်ကို ပျမ်းမျှကျပ် ၅၀၀၀ လောက် မြင့်တက်ခဲ့ပြီး ဆန်ကြမ်းဈေးနှုန်းကတော့ တစ်အိတ်ကို ကျပ် ၃၀၀၀ ကနေ ၄၀၀၀ အကြား မြင့်တက်ခဲ့ပါတယ်။
ကြက်သား၊ ဝက်သား၊ ကြက်ဥ စတာတွေက သုံးရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ဆိုပါတယ်။ မြေပဲ ဆီ တစ်ပိသာဈေးနှုန်းကလည်း ၅၂၃၉ ကျပ်ကနေ ၅၆၀၄ ကျပ်ကို ရောက် ရှိလာတဲ့အတွက် ခြောက် ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အခြေခံ အစားအစာတွေနဲ့ ကုန်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်လာပေမဲ့ မြန်မာနိုင်ငံရဲ့ အခြေခံ လစာပေးနှုန်းကတော့ အာဆီယံဒေသတွင်းမှာ အနည်းဆုံဖြစ်နေတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန၊ ဂျပန် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ (JICA) နှင့် Myanmar Survery Research (MSR) တို့က ပူးပေါင်းပြီး ထုတ်ပြန်တဲ့ “မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ရာ၌ ကုန်ကျမည့်စရိတ်များ “စာတမ်းမှာ ဖော်ပြထားပါတယ်။
ဒီစာတမ်းကို ဒီနှစ် ဧပြီက စတင်ပြီး နိုင်ငံအနံှ့မှာရှိတဲ့ ကဏ္ဍ ၁၅ ခုက ကုမ္ပဏီ ၂၃၉ ခုကို စစ်တမ်း ကောက်ယူခဲ့တာ ဖြစ်ပါတယ်။
စာတမ်းထဲမှာ ဝန်ထမ်းတစ်ဦး ရဲ့ အခြေခံလစာနှုန်းအဖြစ် အာဆီယံနိုင်ငံတွေဖြစ်တဲ့ လာအိုနိုင်ငံက ၁၄၂ ဒေါ်လာ၊ ကမ္ဘောဒီးယားက ဒေါ်လာ ၁၅၀ ၊ ဗီယက်နမ်က ၁၅၅ ဒေါ်လာ၊ ထိုင်းက ၃၂၂ ဒေါ်လာ ဖြစ်ပြီး မြန်မာနိုင်ငံကတော့ တစ်လ ပျှမ်းမျှပေးနှုန်း ၁၁၂ ဒေါ်လာဖြစ် တယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အနည်းဆုံး အခကြေးငွေ နှုန်းထားကို တစ်ရက် ကျပ် ၄၈၀၀ အဖြစ် အစိုးရက တရားဝင် သတ်မှတ်ထားတဲ့အတွက် အခြေခံဝန်ထမ်းတစ်ဦးရဲ့ လစာက တစ်လ ၁၄၀၀၀၀ ကျော်လောက်သာ ရပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) က ရန်ကုန်တိုင်းအတွင်း တစ်ဦးချင်း တစ်ရက်တာ ပျမ်းမျှအနည်းဆုံး အသုံးစရိတ်ကို ကောက်ယူရာမှာ ရွှေပြည်သာမှာ နေတဲ့သူရဲ့ အသုံး စရိတ်က ၅၄၈၉ ကျပ်၊ လှိုင်သာယာ မှာ နေတဲ့သူရဲ့ အသုံးစရိတ်က ၅၆၃၄ ကျပ်၊ တောင်ဒဂုံမှာ နေတဲ့သူရဲ့ အသုံးစရိတ်က ၅၄၃၀ ကျပ်၊ မှော်ဘီမှာ နေတဲ့သူရဲ့ အသုံး စရိတ်က ၄၈၆၄ ကျပ်၊ အင်းစိန်မှာ နေတဲ့ သူရဲ့ အသုံးစရိတ်က ၅၉၀၈ ကျပ်နဲ့ မင်္ဂလာဒုံမှာ နေတဲ့သူရဲ့ အသုံး စရိတ်က ကျပ် ၅၇၀၀ ရှိတယ်လို့ သိရပါတယ်။
CTUM ရဲ့ကောက်ယူထားတဲ့ တစ်ဦးချင်း တစ်ရက်တာ အနည်း ဆုံးအသုံးစရိတ်ကို ကြည့်ရင် လက်ရှိ အစိုးရက သတ်မှတ်ထားတဲ့ အနည်း ဆုံးလုပ်ခလစာ ၁၄၀၀၀၀ ကျော်က လောက်ငမှု မရှိတာကို တွေ့ရမှာပါ။
“အစ်မအမျိုးသားရဲ့ လစာ နှစ်သိန်းကျော်ရတယ်။ အစ်မ အိမ်မှာ စက်ချုပ်တော့ အပိုဝင်ငွေလေး ရတာပေါ့။ ဒါပေမဲ့ လင်မယား နှစ်ယောက်ရဲ့ စားစရိတ်၊ နေစရိတ်နဲ့ ဆို တစ်လတစ်လ အလျဉ်မီအောင် မနည်းလုပ်နေရတယ်။ ဒါတောင် ကလေးမရသေးလို့” ဟု သင်္ဃန်း ကျွန်းမြို့နယ်နေ အိမ်ရှင်မတစ်ဦး က ဆိုပါ တယ်။
လက်ရှိ လူငါးယောက်ရှိတဲ့ မိသားစု ထမင်းဝိုင်းမှာ အသားဟင်း၊ အရွက်ကြော်၊ ဟင်းရည်သောက်နဲ့ ငါးပိရည်တို့စရာ အဲဒီလိုမျိုး ဖွယ်ဖွယ်ရာရာ စားချင်တယ်ဆိုရင်တော့ ဒီဘက်ခေတ်မှာ အနည်းဆုံး ည မနက်စာ ထမင်းဟင်းဖိုးက တစ်သောင်းလောက် ကုန်ကျနိုင်ပါ တယ်။ ဒီလိုမှ မဟုတ်ဘဲ ဘဲဥဟင်းနဲ့ စားမယ်ဆိုရင်တောင် မိသားစု ငါးယောက်အတွက် ဟင်းစရိတ်က နှစ်ထောင်လောက်ရှိနေပါတယ်။
“အစ်မတို့ မိသားစုက ငါးယောက်ရှိတဲ့အတွက် မနက်ညစာ တစ်ယောက် နှစ်လုံးနဲ့ ဘဲဥချက်မယ်ဆိုရင်တောင် ၂၀၀၀ ဖြစ်နေပြီ။ ဒါတောင် ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်နဲ့ မီးသွေးဖိုး မပါသေးဘူး” လို့ တာမွေမြို့နယ်က အိမ်ရှင်မ တစ်ဦး ဖြစ်သူ ဒေါ်ခင်သီတာက ဆိုပါတယ်။
ဒီလို အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ အသားငါး၊ အသီးအရွက်နဲ့ မီးဖိုချောင်သုံးကုန်ပစ္စည်းတွေ ဈေးတက်လာတာကြောင့် မိသားစုတစ်စုရဲ့ အစားအသောက်စရိတ်က တစ်နေ့ကို နှစ် ထောင်နဲ့ သုံးထောင်လောက်အထိ ပိုသုံးလာရတယ်လို့ အိမ်ရှင်မတွေ က ဆိုပါတယ်။
“မီးဖိုချောင်သုံးပစ္စည်းတွေက တက်တာတော့ နည်းနည်းစီ တက်တာပဲ။ ဒါပေမဲ့ အမယ်များတဲ့ အခါ ကျတော့ ဈေးဖိုးက တစ်နေ့ကို နှစ်ထောင် သုံးထောင်လောက် တက်သွားရော”လို့ မြောက်ဥက္ကလာပမြို့နယ်နေ အိမ်ရှင်မတစ်ဦးဖြစ်သူ ဒေါ်ထားထားနွယ်က ဆိုပါတယ်။
မိသားစု တစ်စုရဲ့ နေ့စဉ် စားသောက်စရိတ်မှာ အပိုငွေ သုံးစွဲ ရမှုက နှစ်ထောင်နဲ့ သုံးထောင် ကြားမှာ ရှိတဲ့အတွက် တစ်လကို စားစရိတ်အတွက် ထွက်ငွေ အသားတင် ခြောက်သောင်းကနေ ကိုးသောင်းကြားမှာ ရှိနေပါတယ်။ ဒါက ကုန် ဈေးနှုန်းတက်မှုကြောင့် မိသားစု စားသောက်စရိတ်အတွက် အပို ထွက်ငွေ ဖြစ်ပါတယ်။ အဲဒီအထဲမှာ မနက်ပိုင်း သရေစာစားတဲ့ ကုန်ကျစရိတ်မပါသေးသလို အိမ် စရိတ်တွေလည်း မပါသေးပါဘူး။
နံနက်ပိုင်းသရေစာနဲ့ နေ့စဉ် စားသောက်နေရတဲ့ ထမင်းဟင်း ကုန်ကျစရိတ်ကို ပေါင်းလိုက်မယ်ဆိုပါက မိသားစုသုံးယောက်ရှိတဲ့ အခြေခံဝန်ထမ်းတစ်ယောက်ရဲ့ အသုံးစရိတ်ဟာ တစ်ရက်ကို ၅၀၀၀ နဲ့ ၁၀၀၀၀ အကြားမှာ ရှိနေပါတယ်။
နေ့စဉ် ထွက်ငွေက မြင့်တက်လာပေမယ့် အခြေခံဝန်ထမ်းတစ်ယောက်ရဲ့ လစာကတော့ ကုန်ဈေးနှုန်းနဲ့ ပုခုံးချင်းယှဉ်နိုင်တဲ့အနေ အထားမျိုး မြင့်တက်လာခြင်း မရှိတာကြောင့် မှီခိုနေရသူ အိမ်ရှင်မတွေအတွက်က နေ့စဉ်ခေါင်းခဲစရာ အနေအထားမျိုးဖြစ်နေပါတယ်။
ဒါတွေက လက်ရှိမှာ အိမ်ရှင်မတွေ နေ့စဉ်ကြောက်လန့်နေရတဲ့ ကုန်ဈေးနှုန်းတစ္ဆေရဲ့ ခြောက်လှန့်နေမှုတွေပဲ ဖြစ်ပါတယ်။ မိတ်ဆွေတို့အနေနဲ့ သရဲကားတွေ ကြည့်ဖူးကြမှာပါ။ ဇာတ်လမ်းတွေထဲမှာတော့ သရဲတွေ၊ တစ္ဆေတွေဆိုတာ ညအချိန်၊ မှောင်တဲ့ အချိန်ကျမှ ခြောက်လှန့်ကြတတ်ကြတာကို ကြည့်ဖူးပါလိမ့်မယ်။
ဒါပေမဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အိမ်ရှင်မတွေကတော့ မနက်ခင်း ဈေးသွားချိန်ရောက်တိုင်း ကုန်ဈေး နှုန်းတစ္ဆေရဲ့ ခြောက်လှန့်မှုကို နေ့စဉ်ခံနေကြရပါတယ်။
“မနက်မနက်ဆို လူက ဈေး သွားရမှာ ကြောက်လာတယ်။ ဖြစ်နိုင်ရင် ဈေးသွားဝယ်ရမှာထက် ကျားမြီးကိုသာ ပြေးဆွဲလိုက်ချင်တော့တယ်” လို့ အိမ်ရှင်မတစ်ဦးဖြစ်သူ ဒေါ်ခင်သီတာက ဆိုပါတယ်။