ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ လိုင်ဂွင်အလက(ခွဲ)တွင် စာသင်ဆောင် မလုံလောက်သဖြင့် ခုံပြားငယ်ပေါ်ထိုင်၍ စာသင်နေကြရ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ လိုင်ဂွင်အလက(ခွဲ)တွင် စာသင်ဆောင် မလုံလောက်သဖြင့် ခုံပြားငယ်ပေါ်ထိုင်၍ စာသင်နေကြရ
Published 29 August 2018

ရသေ့တောင်မြို့နယ် လိုင်ဂွင်အလကခွဲတွင် ပညာသင်ယူနေသည့် ကျောင်းသား၊ ကျောင်းသူများအားတွေ့ရစဉ်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ လိုင်ဂွင် အလကခွဲတွင် စာသင်ဆောင် မလုံလောက်သဖြင့် ကျောင်းသူ၊ ကျောင်းသားများမှာ ခုံပြားငယ်များပေါ်တွင် ထိုင်ပြီး စာသင်နေကြရကြောင်း သိရသည်။

ယင်းကျောင်းတွင် ကျောင်းသားများ တိုးလာသည့်အတွက် စာသင်ခန်း မလုံမလောက်ဖြစ်ကာ ကိုယ့်အားကိုယ်ကိုးနည်းဖြင့် ဆောက်လုပ်ကာ ယာယီပညာသင်နေ ကြရသော်လည်း ကျောင်းသားများအတွက် အဆင်မပြေ ဖြစ်နေကြောင်း သိရသည်။

ကျောင်းအုပ်ဆရာကြီး စောကျော်မြင့်က “ပင်မကျောင်းဆောင်က ရှစ်ဆယ်-သုံးဆယ် အဆောင် တစ်ဆောင်ပဲ ရှိတယ်ဆိုတော့ ကျောင်းသားဦးရေနဲ့ ကျောင်းနဲ့ မမျှမတ ဖြစ်နေပါတယ်။ အဲဒီပင်မကျောင်းမှာ မူလတန်း ကျောင်းသားတောင်မှ မဆံ့ဘူး ဖြစ်နေတယ်။ ဒါကြောင့် အလယ်တန်း အဆင့်အတွက် ကိုယ်ထူ ကိုယ်ထ ဆောက်လုပ်တဲ့ ဓနိမိုး၊ ဝါးကြမ်းခင်းပြီး ကြမ်းမှာခုံပြားလေးနဲ့ထိုင်ပြီး စာသင်နေကြရတယ်။ အခန်းတစ်ခုနဲ့ တစ်ခုက အကာအရံလည်း မရှိတော့ စာသင်ရတာလည်း အဆင်မပြေဘူးဖြစ်နေတယ်၊ လုံခြုံမှုလည်း မရှိဘူးပေါ့” ဟု ပြော ကြားသည်။

ရသေ့တောင်မြို့နယ်တွင်း ကျောင်းများစွာ ရှိသည့်အနက် ထိုသို့ ကျောင်းဆောင်သစ် တိုးချဲ့ဆောက်လုပ်ရန် လိုအပ်ချက်များ ရှိနေပြီး ပြည်နယ်အစိုးရအနေဖြင့် ပြည်ထောင်စုအစိုးရသို့ ပြန်လည်အပ်နှံသည့် ငွေကြေးများ ရှိခဲ့သော်လည်း ဥပဒေနည်း ဥပဒေနှင့်အညီ လုပ်ဆောင်ခြင်း ဖြစ်သည့်အတွက် ကျောင်းလိုအပ်ချက်များကို ဖြည့်စွမ်းနိုင်ခြင်း မရှိခဲ့ကြောင်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

“ခရိုင်က တစ်နှစ်မှာ နှစ်ကြိမ်လောက်လာပြီး စစ်ဆေးပေမယ့် ဘာမှထူးခြားမလာဘူး။ အဆောက်အအုံ လိုအပ်တယ် ဆိုတာကိုလည်း ကျွန်တော် အကြိမ်ကြိမ် တင်ပြခဲ့ဖူးတယ်၊ ကျောင်းဆောင်သစ် ကျမလာဘူး ဖြစ်နေတယ်။ ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေ လာရောက်ကြည့်ရှုပြီး အဆောက်အအုံသစ် တိုးမြှင့်ပေးဖို့ တောင်းဆိုချင်ပါတယ်၊ ကမန်တော်တို့ ကျောင်းအပြင် တခြားကျောင်းတွေလည်း စာသင်ဆောင် လိုအပ်ချက်တွေ ရှိနေတယ် ဆိုတာကို သိရတယ်။ ဒါကြောင့် ကူညီပံ့ပိုး ပေးချင်ပါတယ်။ ပညာရေးတိုးတက်ဖို့၊ ကလေးငယ်တွေရဲ့ အရည်အချင်း တိုးတက်လာဖို့အတွက် ကျောင်းဆောင်သစ် မရှိမဖြစ် လိုအပ်နေပါတယ်။ ဖြစ်နိုင်ရင် အလျား ၁၃၀ ပေ၊ အနံ ၃၀ ပေရမှ ရုံးခန်းလည်း ဖွင့်လှစ်နိုင်မှာ ဖြစ်ပါတယ်” ဟု လိုင်ဂွင် အလကခွဲ ကျောင်းအုပ်ဆရာကြီးက ပြောကြားသည်။

မူလတန်း လူဦးရေ ၁၂၀၊ အလယ်တန်း လူဦးရေ ၁၄၀ ကျော်ရှိကြောင်း သိရှိရပြီး ကျောင်းသားများအနေဖြင့် ပညာသင်ယူကြရသည်မှာ အဆင်မပြေကြောင်း၊ အခန်းချင်းကပ်ရပ် ဖြစ်သည့်အပြင် အကာအရံ မရှိသည့်အတွက် အခန်းတစ်ခန်းတွင် စာသင်လျှင် နောက်တစ်ခန်းတွင် စာသင်၍ မရနိုင်ကြောင်း၊ မူလတန်းတွင် တာပိုလိမ်ဖြင့် ခြားထားရကြောင်း သိရသည်။

အဆိုပါ ကျောင်းကို ၂၀၁၂-၁၃ တွင် မူလွန်ကျောင်းအဖြစ် အဆင့်တိုးမြှင့်ခဲ့ပြီး ၂၀၁၅-၁၆ တွင် အလကခွဲအဖြစ် တိုးမြှင့်ခဲ့ကြောင်း၊ ယင်းသို့တိုးမြှင့်ခဲ့သည့်အတွက် ကျောင်းသား၊ ကျောင်းသူများမှာလည်း ပိုမိုများပြား လာခဲ့သည့်အတွက် ကျောင်းဆောင် အနေအထားနှင့် မလုံမလောက် ဖြစ်နေရကာ ကျောင်းဆောင်သစ်တစ်ခု အမြန်ဆုံး ချထားဆောင်ရွက် ပေးစေလိုကြောင်း ကျောင်းတာဝန်ရှိသူများက ပြောကြားသည်။

 

Most Read

Most Recent