၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ပြည်ထောင်စု အပ်ငွေစာရင်း၏ လိုငွေအား ဖြည့်ဆည်းရန် ဗဟိုဘဏ်ထံမှ ကျပ် ၆၄၁ ဒသမ ၀၂၉ ဘီလျံ ချေးငွေရယူခြင်းအား ပြည်ထောင်စုလွှတ်တော် အတည်ပြုခဲ့သည်။
မေ ၃၁ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ယင်းကိစ္စနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအား ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြန်လည် ရှင်းလင်းမှုများ ပြုလုပ်ပြီးနောက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက “ပြည်တွင်း ချေးယူငွေအနက် ဗဟိုဘဏ်မှ ချေးယူငွေ ပမာဏဟာ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လတာ ကာလမှာ ရာခိုင်နှုန်း ၂၀ အထိ ကျဆင်းလာခြင်းဟာ သိသာထင်ရှားတဲ့ ညင်သာမှုရှိတဲ့ ဘဏ္ဍာရေးစနစ် ပြောင်းလဲမှုလို့ ပြောလို့ရပါတယ်။ ဒီလိုညင်သာစွာ ပြောင်းလဲမှုကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့အတွက် ဗဟိုဘဏ်အနေနဲ့ စီမံ/ဘဏ္ဍာနဲ့ အနီးကပ် ဆက်လက် ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် ဧပြီလကနေ စက်တင်ဘာလအထိ ခြောက်လတာအတွင်းမှာ ဖြစ်ပေါ်လာမယ့် ပြည်ထောင်စုအစိုးရ အပ်ငွေစာရင်းရဲ့ လိုငွေအတွက် ကျပ် ၆၄၁ ဒသမ ၀၂၉ ဘီလျံကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အစိုးရငွေတိုက်လက်မှတ်များ ဝယ်ယူခြင်းဖြင့် ဖြည့်ဆည်းပေးမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ဗဟိုဘဏ်မှ ချေးငွေရယူပါက Monetary Impact ရှိကြောင်း၊ ယင်း Impact သည် Inflation ဟု ခေါ်သည့် ငွေဖောင်းပွမှုကို တိုးလာနိုင်သည့်အတွက် ဗဟိုဘဏ်၏ လိုငွေဖြည့်ဆည်းမှုကို တစ်နှစ်ထက် တစ်နှစ် လျှော့ချလျက် ရှိကြောင်း၊၂၀၁၄-၂၀၁၅ တွင် ပြည်တွင်းမှ ချေးယူနိုင်သည့် ငွေပမာဏ၏ ရာခိုင်နှုန်း ၅၀၊၂၀၁၅-၂၀၁၆ တွင် ၄၇ ဒသမ ၆ ရာခိုင်နှုန်း၊၂၀၁၆-၂၀၁၇ ခုနှစ်တွင် ရာခိုင်နှုန်း ၄၀၊ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ၃၅ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လတာ ကာလတွင် ရာခိုင်နှုန်း ၂၀ လျှော့ချ ဆောင်ရွက်လျက် ရှိကြောင်း၊ ယခင် ၁၉၉၀ ခုနှစ်များတွင် အစိုးရလိုငွေအား ဗဟိုဘဏ်မှ ရာခိုင်နှုန်း ၁၀၀ ဖြည့်ဆည်းပေးခဲ့ရခြင်းများ ရှိခဲ့ကြောင်း၊ ယခုနှစ်များတွင် လိုငွေဖြည့်ဆည်းမှုကို လျှော့ချခြင်းအား နိုင်ငံ၏ စီးပွားရေးတွင် Physical Contraction Shock ဟုခေါ်သည့် အစိုးရ၏ အသုံးစရိတ် ရုတ်ချည်းလျှော့ချခြင်းကြောင့် ရုတ်တရက် ကျဆင်းခြင်း မဖြစ်ရအောင် ဗဟိုဘဏ်နှင့် စီမံ/ဘဏ္ဍာဝန်ကြီးဌာနတို့ ညှိနှိုင်းပြီး သတိထား ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။
ဦးဘိုဘိုငယ်က “လိုငွေ ဖြစ်ပေါ်လာပါက ထိုလိုငွေကို ပထမဆုံးအနေနဲ့ အစိုးရငွေတိုက်လက်မှတ်နဲ့ ငွေတိုက်စာချုပ်တွေကို ရောင်းချခြင်းနဲ့ ဦးစွာ ဖြည့်တင်းပေးမှာ ဖြစ်ပါတယ်။ အဲဒီလိုဖြည့်တင်းလို့ မလုံလောက်ပါမှ ဖြစ်ပေါ်လာတဲ့ လိုငွေကို ဗဟိုဘဏ်က ၉၂ ရက် သက်တမ်းရှိတဲ့ ငွေတိုက် လက်မှတ်တွေ ဝယ်ယူခြင်းနဲ့ ဖြည့်တင်းပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ခန့်မှန်းလိုငွေ ပမာဏကို ကာမိဖို့ ချေးယူနိုင်တဲ့ အများဆုံး ပမာဏအနက် ပြည်တွင်းက ချေးယူမယ့်ပမာဏနဲ့ အဆိုပါပြည်တွင်းက ချေးယူနိုင်တဲ့ ပမာဏအနက် ရာခိုင်နှုန်း ၂၀ အထိသာ ဗဟိုဘဏ်မှ ဖြည့်ဆည်းပေးဖို့ကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့အတွက် လွှတ်တော်မှ ကြိုတင်ခွင့်ပြုချက်ယူခြင်း ဖြစ်ပါတယ်” ဟုဆိုသည်။