အစိုးရအနေဖြင့် လက်ကျန်သက်တမ်းတွင် တရားဥပဒေစိုးမိုးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး စသည့်ဦးတည်ချက်သုံးချက်ကို တစ်ပြိုင်တည်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း SNLD ပါတီအထွေထွေအတွင်းရေးမှူး ပြောကြား

အစိုးရအနေဖြင့် လက်ကျန်သက်တမ်းတွင် တရားဥပဒေစိုးမိုးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး စသည့်ဦးတည်ချက်သုံးချက်ကို တစ်ပြိုင်တည်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း SNLD ပါတီအထွေထွေအတွင်းရေးမှူး ပြောကြား
Published 5 April 2018

အစိုးရအနေဖြင့် ကျန်ရှိနေသည့်သက်တမ်းတွင် တရားဥပဒေစိုးမိုးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး စသည့်ဦးတည်ချက်သုံးချက်ကို တစ်ပြိုင်တည်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

အစိုးရသက်တမ်းနှစ်နှစ်ပြည့် ဆောင်ရွက်ချက်နှင့် ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများအပေါ် ၎င်း၏အမြင်အား Eleven သတင်းဌာနက သီးခြားမေးမြန်းမှုအစီအစဉ်တွင် ထိုသို့ ပြောကြားခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရလက်ထက်တွင် တရားဥပဒေစိုးမိုးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး စသည့်အချက်သုံးချက်ကို ဦးစားပေးဆောင်ရွက်သွားမည်ဟု ရည်မှန်းထားကြောင်း နိုင်ငံတော်သမ္မတမိန့်ခွန်းနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရသက်တမ်း နှစ်နှစ်ပြည့်မိန့်ခွန်းများတွင် ထည့်သွင်းပြောကြားထားမှုများ ရှိခဲ့သည်။

အဆိုပါ ဦးတည်ချက်သုံးရပ်အား လုပ်ဆောင်သွားရန် ရည်မှန်းထားပါက အားလုံးတစ်ပြိုင်တည်း ဆောင်ရွက်သွားရန်သင့်ကြောင်း၊ တစ်ခုပြီးမှ တစ်ခုဆောင်ရွက်ပါက ကျန်ရှိနေသေးသည့် သက်တမ်းအားဖြင့် အချိန်လုံလောက်မှု ရှိမည်မဟုတ်ကြောင်း ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

ဦးစိုင်းညွန့်လွင်က “သမ္မတကြီးမိန့်ခွန်းရော၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ မိန့်ခွန်းရော ကျွန်တောလေ့လာပါတယ်။ ဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်တာနဲ့ပတ်သက်လို့ တတိယဦးစားပေးလောက်မှာရှိတယ်လေ။ အဲဒီအရှေ့မှာရှိတဲ့ ပထမဦးစားပေးနဲ့ ဒုတိယဦးစားပေးနှစ်ခုကိုပဲ တော်တော်လေးလုပ်ယူရဦးမယ်။ ဆိုတော့ တတိယဦးစားပေးအဆင့်ကို ရောက်ဖို့တော့ သိပ်မလွယ်ဘူးလေ။ ကျွန်တော်တို့ဖြစ်စေချင်တာက ဒီသုံးချက်ကိုလုပ်မယ်ဆိုရင် တစ်ခုပြီးမှ တစ်ခုလုပ်တာထက်စာရင် သုံးခုစလုံး တစ်ပြိုင်တည်းလုပ်တာ ပိုမှန်ပဲလို့ထင်ပါတယ်။ တစ်ခုပြီးမှ ဒီတစ်ခုလုပ်မယ်ဆိုရင် အချိန်က လုံလောက်မှာမဟုတ်ဘူး။ ဒီအစိုးရသက်တမ်း ကျန်တဲ့သုံးနှစ်အတွင်းမှာ မလုံလောက်ပါဘူး။ သုံးခုရည်မှန်းထားတယ်ဆိုရင်။ သုံးခုစလုံး တစ်ပြိုင်တည်းလုပ်ဖို့သင့်တယ်လို့ ကျွန်တော်ထင်တယ်” ဟုပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မတ် ၃၀ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာပြုအခမ်းအနား၌ ပြောကြားသည့်မိန့်ခွန်း၌ “ကျွန်တော်တို့အနေနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ဦးစားပေး ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ (၁) တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူများရဲ့ လူမှု/စီးပွားဘဝတိုးတက်မြင့်မားရေး၊ (၂) အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ (၃) ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို ဦးတည်ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟုပါရှိသည်။

ထို့အတူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း “နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်က ပြည်ထောင်စုလွှတ်တော်မှာ ကတိသစ္စာပြုပြီး ပြောကြားခဲ့တဲ့မိန့်ခွန်းမှာ ကျွန်မတို့အစိုးရရဲ့ ဦးစားပေး ရည်မှန်းချက်ပန်းတိုင်တွေဖြစ်တဲ့၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူများရဲ့ လူမှုစီးပွားဘ၀ တိုးတက်မြင့်မားစေရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ကို ဦးတည်ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုတာ ပါပါတယ်။ ကျွန်မတို့အစိုးရရဲ့ ဦးစားပေးဆောင်ရွက်ရမယ့် ကိစ္စတွေကိုလည်း ချပြသွားခဲ့ပါတယ်” ဟု အစိုးရသက်တမ်း နှစ်နှစ်ပြည့်မိန့်ခွန်း ပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် စီးပွားရေးကဏ္ဍနှင့် ငြိမ်ချမ်းရေးဖြစ်စဉ်များတွင် သိသိသာသာ တိုးတက်မှုရှိမလာသေးပဲ၊ တရားဥပဒေစိုးမိုးမှုအပိုင်းနှင့် ပွင့်လင်းမြင်သာမှုအပိုင်းတွင်လည်း တိုးတက်မှုမရှိသေးကြောင်း၊ လုံခြုံရေးကဏ္ဍတွင် အသေအချာ တိုင်းတာကြည့်ပါက ကျဆင်းလာသည်ဟု ဆိုနိုင်ကြောင်းလည်း ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မိမိတို့ နိုင်ငံသည်အဘက်ဘက်တွင် လိုအပ်ချက်များနှင့် ဆင်းရဲနွမ်းပါးဆဲဖြစ်နေပြီး ကဏ္ဍအသီးသီးတွင် များစွာကြိုးပမ်းကြရဦးမည်ဖြစ်ကြောင်း၊ နိုင်ငံတကာစာမျက်နှာများတွင်လည်း ဖိအားပေးမှုများ၊ ဝေဖန်မှုများ၊ အထင်အမြင်လွဲမှားမှုများနှင့်လည်း ရင်ဆိုင်နေရကြောင်း၊ မိမိတို့နိုင်ငံနှင့် ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ အခက်အခဲများမှာ များလွန်းကြောင်း၊ ထို့အတွက် အရာရာတိုင်းကို လွယ်လင့်တကူ ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း သို့သော် မိမိအနေဖြင့် အစွမ်းကုန်ကြိုးပမ်းအားထုတ်ပြီး ဦးစားပေးကဏ္ဍအလိုက် ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ကတိသစ္စာပြုပွဲအခမ်းအနားတွင် ပြောကြားသည်။

Most Read

Most Recent