မြန်မာနိုင်ငံတွင် ကျန်းမာရေးနှင့် မညီညွတ်သော နေထိုင် စားသောက်မှုများကြောင့် လူလေးဦးလျှင် တစ်ဦးမှာ အချိန်မတိုင်မီ စော၍သေဆုံးနိုင်ပြီး အများစုမှာ ကင်ဆာရောဂါများကြောင့် သေဆုံးနေ

မြန်မာနိုင်ငံတွင် ကျန်းမာရေးနှင့် မညီညွတ်သော နေထိုင် စားသောက်မှုများကြောင့် လူလေးဦးလျှင် တစ်ဦးမှာ အချိန်မတိုင်မီ စော၍သေဆုံးနိုင်ပြီး အများစုမှာ ကင်ဆာရောဂါများကြောင့် သေဆုံးနေ
Published 11 August 2017

ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ ကင်ဆာရောဂါ ဆေးပညာဌာနအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

မြန်မာနိုင်ငံတွင် ကျန်းမာရေးနှင့် မညီညွတ်သော နေထိုင် စားသောက်မှုများကြောင့် လူလေးဦးလျှင် တစ်ဦးမှာ အချိန်မတိုင်မီ စော၍သေဆုံးနိုင်ပြီး အများစုမှာ ကင်ဆာရောဂါများကြောင့် ဖြစ်နေကြောင်း မြန်မာနိုင်ငံ ဆီးချိုသွေးချိုရောဂါအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာတင့်ဆွေလတ်၏ ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့က ဖွံ့ဖြိုးဆဲနိုင်ငံ ဖြစ်တဲ့အတွက် အများစုက ကူးစက်တဲ့ ရောဂါတွေနဲ့ သေဆုံးနေမယ်လို့ ထင်တယ်။ ဒါပေမဲ့ တကယ့် တကယ် ကြည့်လိုက်တော့ ကူးစက်တဲ့ ရောဂါတွေကြောင့် သေဆုံးမှုနှုန်းက ၃၀ ရာခိုင်နှုန်းပဲ ရှိတယ်။ ကျန်တဲ့ ၅၉ ရာခိုင်နှုန်းလောက်က ကူးစက်မဟုတ်သော ရောဂါတွေကြောင့် ဖြစ်နေတယ်။ ကျန်တဲ့ ၁၁ ရာခိုင်နှုန်းက ယာဉ်အန္တရာယ်ကြောင့်ဖြစ်တဲ့ သေဆုံးနှုန်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်သူလူထုသည် ကျန်းမာရေးနဲ့ မညီညွတ်တဲ့အတွက် အသက် ၃၀ အောက်၊ အသက် ၃၀ ကနေ အသက် ၇၀ မတိုင်ခင် စော၍သေဆုံးခြင်းက၂၄ ရာခိုင်နှုန်း ရှိနေတယ်။ လူလေးဦးမှာ တစ်ယောက်နှုန်းသည် စောပြီးသေဖို့ များနေတယ်။ အများစုသည် ကင်ဆာရောဂါတွေနဲ့ သေနေတယ်။
ဒုတိယက နာတာရှည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုသွေးချိုတွေနဲ့ သေနေတယ်။ ဒီနေ့အချိန်မှာ ဘေးနားက ဆွေမျိုးသားချင်းတစ်ဦး သေသွားပြီကြားရင် အသက် ၅၀ ကျော်လေး၊ ဘာနဲ့သေလဲ မေးရင် ကင်ဆာ၊ ဘာနဲ့သေလဲ နှလုံးရောဂါ၊ ဆီးချို၊ လေဖြတ် ဆိုတာတွေချည်း ကြားနေရလိမ့်မယ်။ ဒီလိုတွေ မဖြစ်အောင် ကျွန်တော်တို့ ကာကွယ်ဖို့ မလိုဘူးလား။ ဒါက အစားအသောက်နဲ့ အများကြီးဆိုင်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ဒီရောဂါတွေ ကာကွယ်ရေးနဲ့ ပတ်သက်လို့ အင်မတန်ကို နည်းပါးပါတယ်”ဟု ဒေါက်တာတင့်ဆွေလတ်က ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံလူဦးရေ၏ ၁၀ ဒသမ ၅ ရာခိုင်နှုန်း (၂ ဒသမ ၅ သန်း) သည် ဆီးချိုသွေးချို ဖြစ်ပွားမှုရှိနေပြီး ဆီးချိုသွေးချို ဖြစ်ပွားနိုင်ခြေရှိသူ အကြိုလူနာဦးရေမှာ ၁၉ ဒသမ ၇ ရာခိုင်နှုန်း (ငါးသန်း) ရှိနေကြောင်း၊ သွေးတိုးရောဂါရှိသူ ၂၆ ဒသမ ၄ ရာခိုင်နှုန်း (၆ ဒသမ ၃ သန်း)၊ သွေးထဲတွင် အဆီဓာတ်များနေသူ ၃၆ ဒသမ ၇ ရာခိုင်နှုန်း (၈ ဒသမ ၈ သန်း)၊ ဝသူ ၅ ဒသမ ၅ရာခိုင်နှုန်း (၁ ဒသမ ၃ သန်း)၊ အဝလွန်သူ ၂၂ ဒသမ ၄ ရာခိုင်နှုန်း (၅ ဒသမ ၃ သန်း)၊ ဆေးလိပ်သောက်သူ ၂၆ ဒသမ ၁ ရာခိုင်နှုန်း (၆ ဒသမ၂သန်း)၊ ကွမ်းစားသူ ၄၃ ဒသမ၂ ရာခိုင်နှုန်း (၁၀ ဒသမ ၃ သန်း)၊ အရက်သောက်သူ ၁၉ ဒသမ ၈ ရာခိုင်နှုန်း (၄ဒသမ ၇ သန်း) နှင့် အရက်အလွန်အကျွံ သောက်သူ ၁၀ ဒသမ ၃ ရာခိုင်နှုန်း (၂ ဒသမ ၄ သန်း) ရှိကြောင်း သိရသည်။

နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှု၊ လူတို့၏ နေထိုင်စားသောက်မှု၊ လူနေမှုပုံစံ ပြောင်းလဲမှုတို့ကြောင့် သွေးတိုး၊ ဆီးချိုသွေးချို၊ အဝလွန်၊ နှလုံးသွေး ကြောပိတ်၊ လေဖြတ်၊ ကင်ဆာရောဂါနှင့် နာတာရှည် အဆုတ်ရောင်ရောဂါ စသည့် ကူးစက်ခြင်းကြောင့် မဟုတ်သော ရောဂါများဖြစ်ပွားမှုမှာ ဖွံ့ဖြိုးပြီးနိုင်ငံများ၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ပါ တစ်နေ့တခြား တိုးပွားလျက်ရှိကြောင်းနှင့် ယင်းရောဂါများ၏ ဖြစ်ပွားမှုနှုန်းသာမက ယင်းရောဂါများ၏ နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပွားမှု၊ ယင်းရောဂါများကြောင့် သေဆုံးမှုများသည်လည်း လျင်မြန်စွာ တိုးပွားလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သော ဆယ်စုနှစ် တစ်ခုကျော်မှစ၍ ဆီးချိုသွေးချိုရောဂါ အပါအဝင် အခြားမကူးစက်နိုင်သော ရောဂါများ ဖြစ်သည့် နှလုံး၊ သွေးတိုး၊ ဆီးချို၊ ကင်ဆာ စသည့်ရောဂါများ ဖြစ်ပွားမှု မြင့်တက်လာပြီး အဓိကအားဖြင့် အစားအသောက်နှင့် လူနေမှုပုံစံများ ပြောင်းလဲမှုကြောင့် ဖြစ်ကြောင်း၊ အဝလွန်ခြင်းများလည်း များပြားလာရာ ယင်းနှင့် ဆက်နွှယ်သည့် နှလုံး၊ အသည်းအဆီဖုံးသည့် ရောဂါများ တွဲဖက်ဖြစ်ပွားလာသည်ကို သက်ငယ်ပိုင်းများတွင်ပါ တွေ့ရှိလာရကြောင်း သိရသည်။

Most Read

Most Recent