တက္ကသိုလ်ရိပ်သာလမ်းပေါ်တွင် ယာဉ်တိုက်မှုတစ်ခုကို ရှင်းလင်းနေသည့် ကမာရွတ်မြို့မ ရဲစခန်းမှူး ယာဉ်တိုက်ခံရပြီး သေဆုံး

တက္ကသိုလ်ရိပ်သာလမ်းပေါ်တွင် ယာဉ်တိုက်မှုတစ်ခုကို ရှင်းလင်းနေသည့် ကမာရွတ်မြို့မ ရဲစခန်းမှူး ယာဉ်တိုက်ခံရပြီး သေဆုံး
Published 8 August 2017

ကမာရွတ်မြို့နယ် စခန်းမှူးအား ဝင်တိုက်ခဲ့သည့်ယာဉ် (ပုံကြီး) နှင့် တာဝန်ထမ်းဆောင်စဉ် သေဆုံးခဲ့သည့် စခန်းမှူး (ပုံသေး)

ကမာရွတ်မြို့နယ်၌ ယာဉ်တိုက်မှုတစ်ခုကို တာဝန်အရ ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များအနက် ယင်းမြို့နယ် မြို့မစခန်းမှူးမှာ အရက်မူးနေသူ မောင်းလာသည့်ယာဉ်က ဝင်တိုက်သဖြင့် သေဆုံးသွားကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့မှ သြဂုတ် ၇ ရက်တွင် စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ သြဂုတ် ၇ ရက် နံနက် ၁ နာရီ ၄၅ မိနစ်ခန့်တွင် ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းအတိုင်း ဗဟန်းမြို့နယ်မှ ကမာရွတ်မြို့နယ်ဘက်သို့ မောင်းလာသည့် ဟာရီယာအမျိုးအစားယာဉ်သည် ရန်ကုန်တက္ကသိုလ် အဓိပတိလမ်း ဝင်ပေါက်အလွန်အရောက် လမ်းလယ်ကွန်ကရစ်တုံးကို အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မှုအား ကမာရွတ်မြို့မ စခန်းမှူး ဒုရဲမှူးစိုးအောင်အပါအဝင် ရဲတပ်ဖွဲ့ဝင်အချို့က တာဝန်အရ သွားရောက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်နေစဉ် ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းအတိုင်း ဗဟန်းမြို့နယ်မှ ကမာရွတ်မြို့နယ်ဘက်သို့ ယာဉ်မောင်း ချမ်းမြေ့ဇော်ဆိုသူ မောင်းနှင်လာသည့် ဟွန်ဒါစီဗစ် ကိုယ်ပိုင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ အထက်ပါ ယာဉ်တိုက်မှုကို တာဝန်အရ ဆောင်ရွက်နေသည့် ကမာရွတ်မြို့မရဲစခန်းမှူး ဒုရဲမှူးစိုးအောင်ကို ဝင်တိုက်ခဲ့သည့်အပြင် ရှေ့မှ ပရိုဘောက် အငှားယာဉ်တစ်စီး၏ နောက်ပိုင်းကို ထပ်မံဝင်တိုက်ကာ တိမ်းမှောက်သွားကြောင်း သိရသည်။

ယာဉ်တိုက်ခံရမှုကြောင့် ကမာရွတ်မြို့မ ရဲစခန်းမှူး ဒုရဲမှူးစိုးအောင်မှာ ဝဲချိုစောင်း စုတ်ပြဲဒဏ်ရာ၊ ဝဲနံဘေးပွန်းဒဏ်ရာများ ရရှိပြီး ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွားကြောင်း သိရသည်။

“စခန်းမှူးက တက္ကသိုလ်ရိပ်သာလမ်း ဓမ္မာရုံနားမှာရှိတဲ့ ဘလောက်တုံးကို ကားတစ်စီးက ဝင်တိုက်တဲ့အတွက် အဲဒီနေရာကို တာဝန်အရ သွားရောက်ကြည့်ရှု ဆောင်ရွက်နေတာပါ။ အဲဒီလိုဆောင်ရွက်ပြီး သူကလမ်းပေါ်မှာ ပြန့်နေတဲ့ ဘလောက်တုံး အပိုင်းအစလေးတွေကို ဖယ်ရှားနေချိန်မှာပဲ အဲဒီ ဟွန်ဒါစီဗစ်ယာဉ်က အရှိန်နဲ့မောင်းလာပြီး ပထမဘလောက်တုံးတွေကို ဝင်တိုက်တယ်။ နောက်တော့ စခန်းမှူးကို ထပ်ပြီးဝင်တိုက်မိတာပါ။ အဲဒီမောင်းလာတဲ့ ယာဉ်မောင်းက အရက်မူးနေတယ်။ မောင်းလာတဲ့အရှိန်ကလည်း တော်တော်ပြင်းပါတယ်။ သူ့ကိုတော့ စခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေအရ ဆက်လက် ဆောင်ရွက်သွားမှာပါ” ဟု ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူ ယာဉ်မောင်းအား ကမာရွတ်မြို့မရဲစခန်းက ယာဉ် (ပ) ၃၇/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်ဖမ်းဆီးထားကြောင်း သိရပြီး စခန်းမှူး ဒုရဲမှူးစိုးအောင်၏ ရုပ်အလောင်းကို သြဂုတ် ၉ ရက်တွင် ရေဝေးသုသာန်သို့ ပို့ဆောင်သြင်္ဂိုဟ်မည်ဖြစ်ကြောင်း သိရသည်။

Writer : မင်းသိန်းနိုင်၊ သန့်ဇင်ကျော်

Most Read

Most Recent