ရှစ်လေးလုံးပါတီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ပါတီမှတ်ပုံတင်

ရှစ်လေးလုံးပါတီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ပါတီမှတ်ပုံတင်
Published 20 December 2017

ဒီဇင်ဘာ ၁၉ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် ပါတီမှတ်ပုံတင်လျှောက်ထားအပြီး ဦးကိုကိုကြီးနှင့်အဖွဲ့ကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်မျိုး)

ရှစ်လေးလုံးပါတီအမည်ဖြင့် နိုင်ငံရေးပါတီထူထောင်ရန်အတွက် ပါတီမှတ်ပုံတင်ခြင်းကို ဒီဇင်ဘာ ၁၉ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် ပါတီဖြစ်မြောက်ရေးဗဟိုလုပ်ငန်းကော်မတီ ဦးဆောင်အဖွဲ့တာဝန်ခံ ဦးကိုကိုကြီးနှင့်အဖွဲ့က လာရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“နယ်အသီးသီးက ရဲဘော်တွေပါ စုစည်းပြီးတော့ ဓမ္မပိယမှာ ပါတီရဲ့အမည် အလံတံဆိပ်သင်္ကေတဖွဲ့စည်းပုံကစပြီး ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါတယ်။ အားလုံးရဲ့ စုံညီအစည်းအဝေးဆုံးဖြတ်ချက်အရ ပါတီကို ဒီနှစ်မကုန်ခင် ဒီဇင်ဘာလမကုန်ခင် မှတ်ပုံတင်မယ်ဆိုတဲ့ အချိန်ကာလသတ်မှတ်ချက်ကိုလည်း ပြည့်မီအောင် တောက်လျှောက်ပြင်ဆင်ကြိုးစားခဲ့ပြီးတော့ ဒီနေ့မှာတော့ နိုင်ငံရေးပါတီအဖြစ်နဲ့ မှတ်ပုံတင်တာဖြစ်ပါတယ်” ဟု ဦးကိုကိုကြီးက မှတ်ပုံတင်လျှောက်ထားအပြီးတွင် မီဒီယာများအား ပြောကြားသည်။

ရှစ်လေးလုံးပါတီအနေဖြင့် နိုင်ငံသားတိုင်း လူမျိုးမရွေးဘာသာမရွေး၊ ကျား၊ မ,မရွေး အဆင့်အတန်းမရွေး ခွဲခြားဆက်ဆံမှုမရှိဘဲ တန်းတူခံစားနိုင်ရေး၊ တိုင်းရင်းသားတန်းတူညီမျှရေးနှင့် ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုတည်ထောင်နိုင်ရေး၊ လွတ်လပ်ပြီးမျှတသည့် ဈေးကွက်စီးပွားရေးစနစ် ဖော်ဆောင်ရေးစသည်တို့ကို အဓိကရည်ရွယ်ချက်မူဝါဒများအဖြစ် ချမှတ်ထားကြောင်း၊ အလုပ်သမားအရေး၊ လယ်သမားအရေး၊ လူငယ်များအရေးနှင့် နိုင်ငံခြားဆက်ဆံရေးအပိုင်း စသည့်ရည်ရွယ်ချက်မူဝါဒများကိုလည်း ဆွေးနွေးဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။

ရှစ်လေးလုံးပါတီအနေဖြင့် မည်သည့်ရည်ရွယ်ချက်ဖြင့် ပါတီထောင်ကာ မြန်မာ့နိုင်ငံရေးတွင် မည်မျှအထိရည်ရွယ်မျှော်မှန်းထားသည်ကို သိလိုကြောင်း သတင်းထောက်တစ်ဦးက မေးမြန်းရာတွင်လည်း တာဝန်သိစိတ် တာဝန်ယူလိုစိတ်ဖြင့် ပါတီထောင်ကာ နိုင်ငံရေးလုပ်ခြင်းဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။

“အရင်ဆုံးပြောချင်တာက ကျွန်တော်တို့နိုင်ငံမှာ ဝေါဟာရတွေအရ နားလည်မှုတွေလွဲနေတာရှိတယ်။ ပါတီထောင်ရင် အာဏာလိုချင်လို့ဆိုတာမျိုး။ ကျွန်တော်တို့က အဲဒါတော့ရှင်းရှင်းပြောချင်တယ်။ ကျွန်တော်တို့ နှစ် ၃၀ ကာလဖြတ်သန်းပြီးပြီ။ နေရာရာထူးတွေနဲ့ပတ်သက်လို့ ဘယ်လောက်ဦးစားပေးပြီးလုပ်သလား၊ မလုပ်ဘူးလားဆိုတာ အားလုံးမြင်ထားပြီးသားပဲ။ အဓိက,က တာဝန်ယူချင်လို့ နိုင်ငံရေးလုပ်တာ။ တာဝန်သိစိတ်နဲ့ တာဝန်ယူချင်လို့ နိုင်ငံရေးလုပ်တာ။ ဘယ်သူကမှခိုင်းလို့ ဘယ်သူကမှတာဝန်ပေးလို့ လုပ်ခဲ့ကြတာမဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ နိုင်ငံရေးအပေါ်မှာ ယုံကြည်မှုတကယ်ကို ခိုင်ခိုင်မာမာနဲ့ ကျွန်တော်တို့ခေတ်မှာ၊ ကျွန်တော်တို့ပခုံးပေါ်ကျတဲ့တာဝန်ကို ငါတို့ယူမယ် ငါတို့ထမ်းမယ်ဆိုတဲ့ ခံယူချက်နဲ့ နိုင်ငံရေးလုပ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် ဘယ်သူကမှ ကျွန်တော်တို့ကိုခိုင်းစရာမလိုဘူး။ တာဝန်ပေးစရာမလိုဘူး။ ကျွန်တော်တို့ တာဝန်သိစိတ် တာဝန်ယူစိတ်နဲ့ ကျွန်တော်တို့နိုင်ငံရေး ဆက်လုပ်သွားမှာဖြစ်ပါတယ်” ဟု ဦးကိုကိုကြီးက ပြောကြားသည်။

ပါတီအမည်အား ရှစ်လေးလုံးဟုပေးရခြင်းနှင့် ပတ်သက်ပြီး ရှစ်လေးလုံးအရေးတော်ပုံကြီးကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲများဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းအရေးတော်ပုံကြီးတွင် ပါဝင်ခဲ့သည့် ၎င်းနှင့် ရဲဘော်များက ၈၈ ကို လေးစားတန်ဖိုးထားသည့်အတွက် အခြားအမည်များအကြားမှ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါအမည်သည် ပြည်သူများအကြားတွင် ရိုးရှင်းလေးနက်ပြီး ကျယ်ပြန့်သည့်သဘောကို ဆောင်သည့်အတွက် သာမန်ကိန်းဂဏန်း အမှတ်အသားထက် ပိုမိုလေးနက်သော နိုင်ငံရေးအဓိပ္ပာယ်များပါဝင်ကြောင်း ၎င်းကဆိုသည်။

ပါတီအမည်အား ရှစ်လေးလုံးဟု အသုံးပြုမှုအပေါ် ဝေဖန်မှုအချို့ရှိနေသည့်အပေါ်တွင်လည်း ၎င်းအနေဖြင့် မည်သို့မျှမပြောလိုကြောင်း၊ ၎င်းတို့တန်ဖိုးထားလေးစားရသည့် လူထုအရေးတော်ပုံကြီး၏ ကြွေးကြော်သံများကို ဆက်လက်ဖော်ဆောင်ရန် ဦးတည်ချက်အပေါ် ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း၊ အမည်အသုံးပြုမှုအပေါ် ကန့်ကွက်မှုများရှိပါကလည်း ဥပဒေအရသာ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။

“ကျွန်တော်တို့က ဥပဒေနည်းလမ်းအရပဲ ဆောင်ရွက်သွားမှာပါ။ ကော်မရှင်မှာ မှတ်ပုံတင်တယ်ဆိုတာ ကော်မရှင်ကနေပြီးတော့မှ အခြားနိုင်ငံရေးပါတီများအနေနဲ့ ကန့်ကွက်ဖို့ရှိသလားဆိုပြီး ထုံးစံအတိုင်း အကြောင်းကြားတာကို လုပ်ပါလိမ့်မယ်။ လုပ်ပြီးတဲ့အခါကျရင် ကျွန်တော်တို့က ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်းပဲ ဆောင်ရွက်သွားမှာပါ” ဟု ဦးကိုကိုကြီးက ပြောကြားသည်။

ပါတီသစ်ထူထောင်ရန်ကြိုးစားရာတွင် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါဝင်အောင်ကြိုးစားခဲ့ပြီး နယ်အသီးသီးမှ ၈၈ ကာလကတည်းက တက်တက်ကြွကြွ ဦးဆောင်ခဲ့သည့် ရဲဘော်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စုစည်းနိုင်ခဲ့ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မပါဝင်နိုင်ခဲ့သော ရဲဘော်ရဲဘက်များကိုလည်း ပြန်လည်စဉ်းစားသုံးသပ်စေလိုကြောင်း၊ ကြိုဆိုနေမည်ဖြစ်ကြောင်း ဦးကိုကိုကြီးက ပြောကြားသည်။

ရှစ်လေးလုံးပါတီအနေဖြင့် လက်ရှိတွင် ပါတီဝင်အင်အား ၁၀၀၀ ကျော်ရှိကြောင်း၊ ပါတီ၏ယုံကြည်ချက်မူဝါဒများနှင့် တူညီသောအဖွဲ့အစည်းများနှင့် မဟာမိတ်မူဝါဒကျင့်သုံးသွားရန်လည်း ပါတီကချမှတ်ထားကြောင်း သိရသည်။

Most Read

Most Recent