သတင်းထောက်ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှု ဘာကြောင့်အဖြေမပေါ်သေးတာလဲ

သတင်းထောက်ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှု ဘာကြောင့်အဖြေမပေါ်သေးတာလဲ
Published 11 December 2017

လုပ်ကြံသတ်ဖြတ်ခြင်းခံရသည့် သတင်းထောက် ကိုစိုးမိုးထွန်း၏ ရုပ်အလောင်းကို မြေမကျမီ ပြင်ဆင်ထားသည်ကို တွေ့ရစဉ်

Eleven Media Group ရဲ့ မုံရွာမြို့အခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှာ တစ်နှစ်ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက် နံနက်အစောပိုင်း ၁၂ နာရီ မိနစ် ၂၀ အချိန် မုံရွာမြို့ အောင်ချမ်းသာရပ်ကွက်၊ ပြည်ထောင်စုလမ်းနံဘေး တစ်နေရာမှာ သတင်းထောက် ကိုစိုးမိုးထွန်းကို ဦးခေါင်းထိပ်ကွဲပြဲ ဒဏ်ရာနှစ်ချက်၊ ဝဲမျက်ခုံးကွဲပြဲဒဏ်ရာတစ်ချက်၊ မျက်နှာဖူးရောင်ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ မှောက်လျက်သေဆုံးနေတာကို မြို့ခံအချို့ကနေ စတင်တွေ့ရှိခဲ့ကြပါတယ်။ သူ့ကို စတင်တွေ့ရှိခဲ့ချိန်က ဆိုင်ကယ်တိမ်းမှောက်ပြီး လူတစ်ယောက်လဲကျနေတဲ့ အထင်ကြောင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ကနေ ကနဦးသွားရောက်စစ်ဆေးချိန်မှာ ယာဉ်တိမ်းမှောက်မှု မဟုတ်ဘဲ လူသတ်မှုဖြစ်နေတာကြောင့် သက်ဆိုင်ရာ နယ်မြေခံရဲတပ်ဖွဲ့ကနေ သွားရောက်စစ်ဆေး ကြည့်လိုက်တဲ့အခါ သတင်းထောက်  ကိုစိုးမိုးထွန်းဖြစ်နေတာကို မမျှော်လင့်ဘဲ တွေ့လိုက်ကြရပါတယ်။ ယခု ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်မှာ  Eleven Media Group ရဲ့ မုံရွာမြို့ အခြေစိုက်သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ တစ်နှစ်ပြည့်ခဲ့ပါပြီ။ ဒါပေမဲ့… အမှုနဲ့ပတ်သက်ပြီး အဓိကကျူးလွန်ခဲ့တဲ့ တရားခံကို ဖမ်းမိဖို့ဆိုတာထက်  သံသယရှိသူတစ်ဦးတစ်ယောက်ကိုမျှ ဖော်ထုတ်ဖမ်းဆီးထားနိုင်ခြင်း မရှိသေးပါဘူး။

 

လူသတ်မှု စတင်ဖြစ်ပွားခဲ့စဉ်က ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်

ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရပြီး နောက်တစ်ရက်မှာပဲ မုံရွာခရိုင်ရဲတပ်ဖွဲ့ဟာ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီးတော့ တရားခံအမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် အလေးထားဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။ အဲဒီအဖွဲ့ကိုတော့ မုံရွာခရိုင်ရဲတပ်ဖွဲ့က “အထူးအမှုစစ်” အဖွဲ့အဖြစ် ဖွဲ့စည်းပြီး ရဲတပ်ဖွဲ့ဝင်တွေကို ရာထူးအလိုက် တာဝန်တွေ ခွဲဝေပေးထားတာ တွေ့ ရပါတယ်။ စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ သတင်းရရှိရေးအတွက် စုံစမ်းရေးအဖွဲ့နဲ့ စစ်ကြောရေးအဖွဲ့ဆိုပြီး နှစ်ပိုင်းခွဲခြားပြီးတော့ အထူးအမှုစစ်အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးခဲ့ပါတယ်။ အဲဒီ အထူးအမှုစစ်အဖွဲ့ဟာ EMG ရဲ့ မုံရွာမြို့အခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရတဲ့ အမှုနဲ့ပတ်သက်ပြီး အမှုနဲ့ ပတ်သက်ဆက်စပ်တဲ့သူတွေကို ခေါ်ယူစစ်ဆေးတာ မသင်္ကာသူအချို့ကို ချုပ်ရမန်ရယူပြီးတော့ စစ်ဆေးတာ၊ ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခြင်း မခံရမီအချိန်က ခေါ်ဆိုထားတဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ်ရေးရုံးချုပ်ကို ပို့ဆောင်ပြီး ဖော်ထုတ်စစ်ဆေးတာ၊ အခင်းဖြစ်ပွားခဲ့တဲ့နေရာမှာ တွေ့ရှိခဲ့တဲ့ ကိုစိုးမိုးထွန်းကို သတ်ဖြတ်ရာမှာ အသုံးပြုခဲ့တယ်လို့ယူဆရတဲ့ တုတ်ကို စစ်ဆေးတာ၊ အခြားသက်သေခံ ပစ္စည်းတွေကို စစ်ဆေးတာ၊ သူနဲ့ အဆင်မပြေဖြစ်ခဲ့ဖူးတဲ့သူတွေကို ခေါ်ယူမေးမြန်းတာ၊ သတင်းစုံစမ်းတာ စတဲ့ ရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်သင့်တဲ့ အချက်တွေကို လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် မြန်မာလူမျိုးတို့ရဲ့ အယူအစွဲတစ်ခုဖြစ်တဲ့ သေဆုံးသွားသူရဲ့ ဝိညာဉ်ကိုခေါ်ယူပြီးတော့ မေးမြန်းတာအဆုံး အစရှိတဲ့ အမှုနဲ့ပတ်သက်ပြီး စုံစမ်းဖော်ထုတ်ခဲ့တာတွေကို EMG ရဲ့  သတင်းထောက်တစ်ယောက်အနေနဲ့ ကိုယ်တိုင်သွားရောက် သတင်းရ ယူနေခဲ့ရတဲ့အတွက် သိရှိခဲ့ရပါတယ်။

သက်ဆိုင်ရာနယ်မြေခံ ရဲတပ်ဖွဲ့ရဲ့ဆောင်ရွက်ချက်တွေဟာ ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီးနောက် လအနည်းငယ်ကြာချိန်အထိ ဆောင်ရွက်ချက်တွေက အားရစရာဖြစ်ခဲ့ပေမယ့် နောက်ပိုင်းကာ လတွေမှာတော့ တဖြည်းဖြည်းနဲ့ အားလျော့သွားတာ တွေ့ရပါတယ်။ မုံရွာခရိုင်ရဲတပ်ဖွဲ့က ဖွဲ့စည်းပေးခဲ့တဲ့ “အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့” ရဲ့ ခေါင်းဆောင်အချို့ဟာ ရာထူးအပြောင်းအရွှေ့တာဝန်တွေနဲ့ ပြောင်းရွှေ့သွားကြပြီး နောက်ပိုင်းမှာတော့  အမှုဟာ တဖြည်းဖြည်းနဲ့ မှုန်ဝါးလို့လာခဲ့ပါတယ်။ အမှုကို ဦးဆောင်စစ်ဆေးခဲ့ရာမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ မုံရွာမြို့မစခန်းမှူး (ယခုပြောင်းရွှေ့သွားပြီး) ဟာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ကိုစိုးမိုးထွန်းနဲ့ ရင်းနှီးမှုရှိသူ တစ်ယောက်ဖြစ်တာနဲ့အညီ အမှုမှန်ပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာ ရဲတပ်ဖွဲ့အထက်အရာရှိတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ အမှုမှန် အမြန်ဆုံးပေါ်ပေါက်ရေးအတွက် ဆောင်ရွက်မှု အချို့လုပ်ဆောင်ခဲ့တာကိုလဲ တွေ့ရှိခဲ့ရပါတယ်။ ထို့အတူပဲ ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး အမှုမှန်အမြန်ဆုံး ပေါ်ပေါက်ရေးအတွက် သူ့ရဲ့မိခင်သတင်းဌာနဖြစ်တဲ့ Eleven Media Group က လိုအပ်နိုင်မယ့် ကူညီမှုတွေ၊ လိုအပ်တဲ့ ထောက်ပံ့မှုတွေကိုလဲ ဆောင်ရွက်ပေးခဲ့ပါတယ်။

ဒါပေမဲ့… လက်ရှိအချိန်မှာတော့ ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရတဲ့အမှုဟာ ဆောင်းနဲ့အတူ အေးစက်နေဆဲ၊ နှင်းနဲ့အတူ မှုန်ဝါးပျောက်ကွယ်နေဆဲပါ။ လတ်တလော စုံစမ်းမှုများအရ မုံရွာခရိုင် ရဲတပ်ဖွဲ့အနေနဲ့ တရားခံဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လုပ်ဆောင်နေတယ်ဆိုတာကလွဲလို့ ထူးခြားမှုက ဆက်လက်တိုးတက် မလာသေးပါဘူး။ သူ့ရဲ့မိသားစု၊ မိတ်ဆွေတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကတော့ သူ့ကိုယနေ့အချိန်အထိ မမေ့ကြသေးပါဘူး။ အမှုမှန် အမြန်ဆုံး ပေါ်ပေါက်စေချင်ကြသလို ကျူးလွန်သူကို အမြန်ဆုံးဖော်ထုတ်ပေးစေလို နေကြပါပြီ။ သေသောသူကြာလျှင် မေ့ဆိုတဲ့ ဆိုရိုးစကားရှိပေမယ့် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှုကိုတော့ သူ့ရဲ့မိသားစုအပါအဝင် လုပ်ဖော်ကိုင်ဖက်တွေနဲ့ သူ့ရဲ့ မိတ်ဆွေအတော်များများက ယနေ့အချိန်အထိ မမေ့နိုင်ကြသေးပါဘူး။ ယခု ဒီဇင်ဘာ ၁၃ ရက်မှာ သူ … လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ တစ်နှစ်ပြည့်ပါတော့မယ်။ သူနေထိုင်ခဲ့ရာ မုံရွာမြို့ပေါ်မှာ တစ်နှစ်ပြည့် အောက်မေ့ဖွယ်အထိမ်းအမှတ်ကို ကန်သာယာမှာရှိတဲ့ ကျောက်တိုင်ကွင်းမှာ  လုပ်ဖော်ကိုင်ဖက် သတင်းထောက်တွေ မိတ်ဆွေတွေက စုပေါင်းပြီး လုပ်ကြဦးမယ်။ ဒါပေမဲ့ အမှုဟာ တစ်နှစ်ပြည့်ခဲ့ပေမယ့်… ကျူးလွန်သူတွေကိုတော့ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ ပြောကြားချက်

EMG မုံရွာအခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရပြီးနောက် တစ်ပတ်ခန့်အကြာ (ဒီဇင်ဘာ ၁၉ ရက်) မှာ ကိုစိုးမိုးထွန်းရဲ့အိမ်ကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် လာရောက်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်က ကိုစိုးမိုးထွန်းရဲ့ မိသားစုဝင်တွေကို အားပေးစကား ပြောကြားတာ၊ နာရေးကူညီထောက်ပံ့ငွေ ပေးအပ်တာတွေ ပြုလုပ်ခဲ့ပါတယ်။ မိသားစုဝင်တွေကို အားပေးစကားပြောကြားခဲ့သလို ထိုစဉ်က အမှုကိုစုံစမ်း စစ်ဆေးနေသူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ မုံရွာမြို့မစခန်းမှူး (ယခုပြောင်းရွှေ့ပြီး) ကို အမှုနဲ့ပတ်သက်ပြီး အမှုမှန်အမြန်ဆုံး ဖော်ထုတ်ပေးဖို့နဲ့ နောက်ကွယ်ကနေ အမှုမှာပါဝင်ပတ်သက်သူတွေ ကိုပါ ဖော်ထုတ်အရေးယူပေးဖို့ ပြောကြားခဲ့ပါတယ်။

မိသားစုဝင်တွေကို အားပေးစကား ပြောကြားရာမှာတော့ “လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ သတင်းထောက် ကိုစိုးမိုးထွန်းက တာဝန်ကျေပွန်ခဲ့တဲ့ သတင်းမီဒီယာသမားကောင်းတစ်ဦး ဖြစ်ပါတယ်။ သူလုပ်ကြံသတ်ဖြတ်ခံရမှုအကြောင်းကို ကျွန်တော်အနေနဲ့ သတင်းကြားမိစဉ်မှာပဲ အံ့သြထိတ်လန့် ဖြစ်ရတယ်။ မုံရွာမြို့အတွက် အားထားရတဲ့ သတင်းမီဒီ ယာသမားတစ်ဦး ဆုံးရှုံးလိုက်ရခြင်း ဖြစ်ပါတယ်။ လုပ်ငန်းတာဝန်တွေကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့တဲ့ ကိုစိုးမိုးထွန်းအတွက် ဂုဏ်ယူရမှာဖြစ်တယ်။ လက်ရှိအမှု ဖြစ်စဉ်ကို အမြန်ဆုံးအမှုမှန် ပေါ်ပေါက်စေရန်အတွက် ညွှန်ကြားမှုများ ပြုလုပ်ထားပြီး အမှုမှန် ပေါ်ပေါက်စေရန်အတွက် ကြိုးစားသွားမည်ဖြစ်ကြောင်းနှင့် မုံရွာမြို့ပေါ်တွင် ဖြစ်ပွားခဲ့တဲ့ ယခုသတင်းထောက် သတ်ဖြတ်ခံရသည့်အမှုကို မဖော်ထုတ်နိုင်ပါက သိက္ခာကျစရာဖြစ်ကြောင်း၊ ယင်းကဲ့သို့ မင်းမဲ့စရိုက်ဆန်မှုကို လုံးဝလက်ခံသွားမှာ မဟုတ်ကြောင်း” အစရှိသဖြင့် မိသားစုဝင်တွေကို အားပေးစကား ပြောကြားခဲ့ပါတယ်။

ထို့အတူပဲ အမှုနဲ့ပတ်သက်ပြီးတော့ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်တွေကို ပြောကြားထားခဲ့တာလဲ ရှိပါသေးတယ်။ “ဒီအမှုကို အမှန်အတိုင်းပဲ ပေါ်စေချင်တယ်။ ဒီအမှုက သေသေချာချာနဲ့ ကြိုတင်ကြံစည်ပြီးတော့  စနစ်တကျနဲ့ လုပ်ကြံသတ်ဖြတ်ခဲ့တာ ဖြစ်တယ်။ ကျူးလွန်သူဟာ သုံးဦးခန့်ရှိမယ်လို့ သိရတယ်။ အဲဒါက လူသတ်မှုကျူးလွန်ခဲ့သူတွေ။ အဲဒီလူသတ်မှုကို နောက်ကွယ်ကနေပြီး စနစ်တကျနဲ့ ကြိုးကိုင်စေခိုင်းသူတွေ အများကြီး ရှိနေသေးတယ်။ အဲဒီသူတွေကိုပါ ဖော်ထုတ်ဖမ်းဆီးပေးဖို့လိုတယ်။ ဖော်ထုတ်ပြီးလည်း ဥပဒေနဲ့အညီ ဖမ်းဆီးရမယ်။ အမှုနဲ့ပတ်သက်ပြီး ခင်ဗျားတို့ အဆုံးထိလိုက်ပါ။ အဆုံးအထိလုပ်ပါ။ ဥပဒေနဲ့အညီ စည်းမျဉ်းစည်းကမ်းနဲ့အညီ လုပ်ကြပါ။ အဲဒါဆိုရင် ကျွန်တော်တတ်နိုင်တာ အားလုံးကူညီပေးမယ်။ ရဲရဲဝံ့ဝံ့နဲ့ လုပ်ဆောင်ပါ။ ခင်ဗျားတို့ဘက်မှာ လိုအပ်ရင် ကျွန်တော်ရပ်ပေးမယ်။ အမှုအမှန်အမြန်ဆုံး ပေါ်ပေါက်စေချင်တယ်။ နောက်ကွယ်ကနေ ကြိုးကိုင်စေခိုင်းခဲ့တဲ့သူတွေကိုလည်း ရအောင်စုံစမ်းပြီး ဖော်ထုတ်ဖမ်းဆီးပေးပါ။ မင်းမဲ့စရိုက်ဆန်တာကို လက်မခံနိုင်ဘူး။ တရားဥပဒေစိုးမိုးမှုမရှိဘဲ ဒီလိုလုပ်ချင်သလိုလုပ်နေတာကို လုံးဝလက်မခံနိုင်ဘူး။ ဒီလူသတ်မှုမှာဆိုရင် ကျူးလွန်ခဲ့သူ သုံးဦးပဲဖမ်းဆီးမိပြီး ပြီးသွားရင်ဒါဟာ မဟုတ်သေးဘူး။ နောက်ကွယ်မှာ ကြိုးကိုင်စေခိုင်းနေသူတွေကိုပါရအောင် စုံစမ်းဖော်ထုတ်ပါ။ အဆုံးအထိလိုက်ပါလို့ ပြောချင်တယ်။ ဒီလူသုံးယောက်လောက်နဲ့ မပြီးပါနဲ့။ နောက်ကွယ်က ကြိုးကိုင်ခဲ့သူကိုပါ ရအောင်ဖော်ပေးပါ။ လူသတ်သမားက ငွေရှိရင် ကိုယ်တိုင်လုပ်မှာ မဟုတ်ဘူး။ တခြားသူကို ခိုင်းမှာပဲ။ ဒါကြောင့် နောက်ကွယ်က ကြိုးကိုင်စေခိုင်းသူကို ဖော်ထုတ်ဖမ်းဆီးပါ။ နောက်ထပ်မှာချင်တာက ဒီအိမ်က ညတိုင်းမှာ အကြောက်တရားတွေနဲ့ နေထိုင်နေရတယ်။ သူတို့မိသားစုကိုလည်း လုံခြုံရေးလုပ်ပေးထားပါ။ အမှုကို အမြန်ဆုံး အမှန်အတိုင်းပေါ်ပေါက်ဖို့ အားလုံးဝိုင်းဝန်းပေးကြပါ” လို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ၂၀၁၆ ခုနှစ် ဒီဇင်ဘာလထဲမှာ ပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ရဲ့ ပြောကြားချက်တွေဟာ ကိုစိုးမိုးထွန်းရဲ့ မိသားစုဝင်တွေအတွက် အားတက်စရာ ဖြစ်ခဲ့သလို သူ့ရဲ့မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ အတွက်လည်း အားရစရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အမှုဟာ တစ်နှစ်ပြည့်တော့မယ်…။ အဓိက ကျူးလွန်သူမပြောနဲ့ အမှုနဲ့ပတ်သက်ဆက်စပ်သူ တစ်ဦးတစ်ယောက်ကိုမှ ဖော်ထုတ်ဖမ်းဆီးထားနိုင်ခြင်း မရှိသေးပါဘူး။ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ပြောကြားခဲ့သလို ကိုစိုးမိုးထွန်းကို လုပ်ကြံသတ်ဖြတ်တဲ့အမှုမှာက တစ်ဦးတစ်ယောက်တည်း မကနိုင်ဘူးလို့  ပြောကြားထားပါတယ်။ ဒါကြောင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် နောက်ကွယ်က ပါဝင်ပတ်သက်နေသူတွေကိုပါ ရဲတပ်ဖွဲ့အနေနဲ့ ဖော်ထုတ်ဖမ်းဆီးပေးဖို့ လိုအပ်ပါတယ်။ အဲဒီလိုမှ အမှုမှန်ဖော်ထုတ်နိုင်ခြင်း မရှိခဲ့ရင် ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် ပြောကြားခဲ့သလို သိက္ခာကျစရာ ဖြစ်သွားနိုင်ပါတယ်…။

 

ကိုစိုးမိုးထွန်း မိသားစုဝင်တွေရဲ့ တောင်းဆိုချက်

သေဆုံးသူ ကိုစိုးမိုးထွန်းရဲ့ မိသားစုဝင်တွေနဲ့ သူ့ရဲ့ဇနီးနဲ့သားဖြစ်သူတို့ကတော့ လုပ်ကြံသတ်ဖြတ်ခံရတဲ့အမှုနဲ့ ပတ်သက်ပြီး အမှုမှန် အမြန်ဆုံးဖော်ထုတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။ ထို့အတူပါပဲ သူ့ရဲ့ မိခင်သတင်းဌာနဖြစ်တဲ့  Eleven Media Group ကလည်း အမှုမှန် အမြန်ဆုံးဖော်ထုတ်ပေးဖို့ တောင်းဆိုထားဆဲဖြစ်ပါတယ်။ ကိုစိုးမိုးထွန်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေတွေကလဲ အမှုမှန်အမြန်ဆုံးဖော်ထုတ်ပေးဖို့အတွက် တောင်းဆိုနေကြဆဲ ဖြစ်ပါတယ်။ ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ ၂၀၁၇ ဒီဇင်ဘာ ၁၃ ရက်မှာ တစ်နှစ်ပြည့်မှာ ဖြစ်ပါတယ်။ အဲဒီတစ်နှစ်ပြည့်မှာတော့ ကိုစိုးမိုးထွန်းရဲ့ မိသားစုဝင်တွေနဲ့ သူ့ရဲ့ ဇနီးနဲ့သားဖြစ်သူတို့က တစ်နှစ်ပြည့် ဆွမ်းဆက်ကပ်မှုကို ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းမှာ မုံရွာမြို့မှာ ပြုလုပ်မှာဖြစ်ပြီး သူကွယ်လွန်ခြင်း တစ်နှစ်ပြည့်နဲ့ အမှုမှန်အမြန်ဆုံး ဖော်ထုတ်ပေးရေးအတွက် မုံရွာမြို့မှာရှိတဲ့ ကန်သာယာ ကျောက်တိုင်ကွင်းမှာ လုပ်ဖော်ကိုင်ဖက်သတင်းထောက်တွေ  မိတ်ဆွေတွေက ညနေပိုင်းမှာ ပြုလုပ်သွားကြဖို့ စီစဉ်ထားကြပါတယ်။

“ကျွန်မအမျိုးသား အသတ်ခံခဲ့ရတာက တစ်နှစ်ပြည့်တော့မယ်။ ဒါပေမဲ့ အမှုက အခုအချိန်အထိ ဘာမှထူးခြားမလာသေးပါဘူး။ သူအသတ်ခံရစဉ်က ရဲတပ်ဖွဲ့က အထူးအဖွဲ့ဖွဲ့ပြီးတော့ စစ်ဆေးတာတွေ စုံစမ်းတာတွေ လုပ်ခဲ့ကြတယ်။ အထူးအဖွဲ့က ရဲတပ်ဖွဲ့အချို့ ရာထူး အပြောင်းအလဲလုပ်ပြီးနောက်မှာ အမှုက ပိုပြီးအေးသွားတယ်လို့ ခံစားရတယ်။ ဒါကြောင့် အမှုမှန် အမြန်ဆုံးဖော်ထုတ်ပေးကြပါလို့ ကျွန်မနဲ့သားလေးကနေ တောင်းဆိုချင်ပါတယ်လို့ ပြောပေးပါ။ ကိုစိုးမိုးထွန်းရဲ့ တစ်နှစ်ပြည့် ဆွမ်းကပ်တာကိုတော့ ဒီဇင်ဘာ ၁၃ ရက်နေ့ နံနက်မှာ သီလရှင်ကျောင်းမှာ ဆွမ်းကပ်သွားဖို့ စီစဉ်ထားပါတယ်” လို့ ကိုစိုးမိုးထွန်းရဲ့ဇနီးဖြစ်သူ မခင်ချိုလတ်က အမှုနဲ့ပတ်သက်ပြီး တောင်းဆိုထားပါတယ်။

လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ကိုစိုးမိုးထွန်းမှာ အခြေခံပညာမူလတန်းကို တက်ရောက် ပညာသင်ကြားနေတဲ့ အသက်ရှစ်နှစ်ကျော်အရွယ်ရှိတဲ့ သားလေးတစ်ယောက် ကျန်ရှိခဲ့ပါတယ်။ အဲဒီကျန်ရစ်ခဲ့တဲ့ သားငယ်ရဲ့ ပညာရေးကိုတော့ ဧရာဝတီဖောင်ဒေးရှင်းကနေ ကလေးငယ် ပညာရေးဆုံးခန်းတိုင်ချိန်အထိ ထောက်ပံ့ကူညီပေးထားတယ်လို့ သိရပါတယ်။ ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး သူ့ရဲ့သားငယ်ဖြစ်သူကလည်း အမှုမှန် အမြန်ဆုံးဖော်ထုတ်ပေးပါလို့ တောင်းဆိုထားပါတယ်။

 

သတင်းထောက် ကိုစိုးမိုးထွန်းရဲ့  မီဒီယာလုပ်ငန်းအပေါ် တာဝန်ကျေမှုနဲ့ စိတ်နေသဘောထား

ဒီနေရာမှာ အလျဉ်းသင့်တဲ့အတွက် လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရတဲ့ ကိုစိုးမိုးထွန်းအကြောင်းကို အနည်းငယ် တင်ပြပေးချင်ပါတယ်။ ကိုစိုးမိုးထွန်းဟာ အရင်သမ္မတ ဦးသိန်းစိန်လက်ထက်ကတည်းက သတင်းမီဒီယာလောကထဲမှာ ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ မုံရွာမြို့အနီးဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ ဒေသဆိုင်ရာ သတင်းတွေ၊ မုံရွာမြို့ပေါ်မှာ ဖြစ်ပျက်နေတဲ့သတင်းတွေ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး ဒေသခံတွေရဲ့ နစ်နာဆုံးရှုံးမှုဖြစ်ပေါ်နေတဲ့ သတင်းတွေ၊ သစ်မှောင်ခိုသတင်းတွေ၊ မုံရွာမြို့ပေါ်မှာ KTV တွေ များပြားလာပြီး ဒုစရိုက်မှုတွေပါ ဖြစ်ပွားလာမှုတွေ ၂၀၁၅ ခုနှစ်  ရွေးကောက်ပွဲကာလသတင်းတွေ အပါအဝင် အစရှိတဲ့ သတင်းတွေကို စုံစမ်းဖော်ထုတ်ပြီး အမှန်အတိုင်း သတင်းရေးသားခဲ့တာကို တွေ့ရှိရပါတယ်။ သတင်းမီဒီယာလုပ်ငန်းအပေါ်မှာ စိတ်ဝင်စားမှုရှိပြီး မတရားမှုတွေကို စုံစမ်းဖော်ထုတ်နေတဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူလုပ်ကြံသတ်ဖြတ်ခံရတဲ့နေ့အထိ သတင်းနဲ့ပတ်သက်ပြီး လုပ်ဆောင်သွားခဲ့တာတွေလည်း တွေ့ရပါတယ်။

သူရဲ့ ပင်ကိုဟန်က အမြဲပြုံးရွှင်နေတတ်ပြီး အများအပေါ်မှာလဲ ကူညီတတ်တဲ့ စိတ်ထားရှိသူ တစ်ယောက်ဖြစ်ပါတယ်။ မတရားမှုတွေ့လာရင် အဲဒီသူကို အားမနာတမ်း ဝေဖန်ထောက်ပြတတ်တဲ့ အကျင့်စရိုက်ရှိသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မုံရွာမြို့ပေါ်မှာ မတရားမှုလုပ်ဆောင်နေသူတွေ သစ်မှောင်ခိုလုပ်ဆောင်နေသူတွေ စတာတွေကိုလဲ အမြဲဝေဖန်ရေးသားခဲ့တာလဲ တွေ့ရပါတယ်။ လူမှုဆက်ဆံရေးမှာလဲ အများနဲ့အဆင်ပြေစွာ ပေါင်းသင်းနေထိုင်တတ်သလို ရန်ငြိုးရန်စကင်းသူ တစ်ယောက်ဖြစ်တာကိုလဲ စုံစမ်းတွေ့ခဲ့ရပါတယ်။ အမြဲပြုံးရွှင်စွာနေတတ်ပြီး အများအပေါ်မှာ ကူညီတတ်သူ၊ မတရားမှုတွေကို နှုတ်ဆိတ်လေ့ မရှိဘဲ ဝေဖန်ထောက်ပြတတ်သူ၊ လူတိုင်းနဲ့အဆင်ပြေစွာ ပေါင်းသင်းနေထိုင်တတ်သူတစ်ယောက်ကို ဘယ်သူတွေက ဘာအငြိုးကြောင့် အခုလို ရက်ရက်စက်စက်  လုပ်ကြံသတ်ဖြတ်ခဲ့ကြတာလဲဆိုတာ သူရဲ့ မတရားမှု ဖော်ထုတ်တာကို မနှစ်မြို့ကြတဲ့ မတရားမှုကို နှစ်ခြိုက်ကြသူတွေက လုပ်ကြံသွားကြတာလားဆိုတာ စဉ်းစားစရာပါ….။

သတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့တာဝန်ရှိသူက ရှင်းပြနေစဉ်

EMG သတင်းထောက် ကိုစိုးမိုးထွန်းကို သတ်တာ ဘယ်သူလဲ

ကိုစိုးမိုးထွန်းကို လုပ်ကြံသတ်ဖြတ်တာက ကိုစိုးမိုးထွန်းတစ်ယောက်ကိုပဲ လုပ်ကြံသတ်ဖြတ်သွားတာ မဟုတ်ပါဘူး။ သူနဲ့ပတ်သက်ဆက်စပ်နေတဲ့ မိသားစုဝင်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေတွေကိုပါ စိတ်ဓာတ်ပိုင်းဆိုင်ရာ လုပ်ကြံသတ်ဖြတ်သွားခဲ့တာပါ။ မင်းတို့ ဒီလိုလုပ်ရင် ငါတို့လဲ ဒီလိုပြန်လုပ်ပြမယ်ဆိုတဲ့ လူမိုက်ဆန်ဆန် အပေါစားစိတ်ဓာတ်တွေနဲ့  မတရားမှုကို လုပ်ဆောင်နေသူတွေက အမှန်တရားနဲ့တရားမျှတမှုကို မြတ်နိုးသူတွေကို ခြိမ်းခြောက်မှု တစ်ခုလဲဖြစ်ပါတယ်။ နောက်ပြီး သတင်းထောက်တစ်ယောက်ကို လုပ်ကြံသတ်ဖြတ်လိုက်တဲ့အတွက် မီဒီယာဆိုတဲ့ ကလောင်ကိုင်တဲ့လက်ကို သွေးစွန်းစေတဲ့အထိ လုပ်ဆောင်ကြံစည်ခဲ့တာလဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလို ဖွံ့ဖြိုးစနိုင်ငံမှာ သတင်းမီဒီယာအလုပ်ကို လုပ်ကိုင်နေကြရသူတွေဟာ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုတွေ လုပ်ကြံခံရမှုတွေနဲ့ အချိန်မရွေးကြုံတွေနိုင်တယ်ဆိုတာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်သာဓကတွေက သက်သေပြနေပါတယ်။

သတင်းမီဒီယာသမားတွေဟာ ပြည်သူကိုမျက်နှာမူပြီး ပြည်သူတွေရဲ့ ထိခိုက်နစ်နာမှုတွေ မတရားသဖြင့် ဖိနှိပ်ခံနေရမှုတွေ တရားမျှ တမှုမရှိတာတွေကို စုံစမ်းဖော်ထုတ် သတင်းရေးသားနေကြရသလို တစ်ဖက်ကလဲ ဥပဒေကို လက်တစ်လုံး ခြားအသုံးပြုပြီး တရားစွဲဆိုထောင် ချချင်နေကြသူတွေနဲ့လဲ အများကြီး ကြုံတွေ့နေရပါတယ်။ အမှန်တရားကို ဖုံးဖိချင်သူတွေ မတရားမှုကို နှစ်ခြိုက်ကြသူတွေကတော့ အမှန်တရားကိုမြတ်နိုးပြီး တရားမျှတမှုကို ဖော်ထုတ်ချင်သူတွေကို မနှစ်မြို့မုန်းတီးကြမှာ ဧကန်မလွဲပါဘူး။ ယခု ကိုစိုးမိုးထွန်းဖြစ်စဉ်က သက်သေပြသွားသလိုပါပဲ။ မတရားမှုရှိနေသမျှ တရားမျှတမှုအတွက် အမှန်တရားအတွက် ဖော်ထုတ်သူတွေကတော့ ဘယ်လိုပဲ လုပ်ကြံသတ်ဖြတ်ဖြတ်ထွက်ပေါ်လာနေဦးမှာပဲ ဖြစ်ပါတယ်။ ယခု မတရားမှုကို ဖော်ထုတ်ရင်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ကိုစိုးမိုးထွန်း သေဆုံးသွားခဲ့တာ တစ်နှစ်ပြည့်ပါတော့မယ်။ ဒါပေမဲ့ အမှုဟာ တရားခံကို စုံစမ်းရှာဖွေနေဆဲအဆင့်နဲ့သာ ရှိနေဆဲဖြစ်ပြီး အမှုမှန်မပေါ်ပေါက်သေးပါဘူး။ ယခု တစ်နှစ်ပြည့်ချိန်အထိ ကိုစိုးမိုးထွန်းကို ဘယ်သူသတ်သွားတာလဲဆိုတဲ့ မေးခွန်းတွေသာရှိပြီး သို့လော သို့လော အတွေးစများနဲ့အတူ ဘာကိုမှ ရေရေရာရာ မသိရသေးပါဘူး။ သက်ဆိုင်ရာ ရဲတပ်ဖွဲ့အနေနဲ့ တရားခံအမြန် ဆုံးဖမ်းဆီးရမိရေးနဲ့ အမှုမှန်အမြန်ဆုံး ဖော်ထုတ်ပေးဖို့ ထပ်မံတောင်းဆိုချင်ပါတယ်။ ကိုစိုးမိုးထွန်းကို ဘယ်သူသတ်တာလဲဆိုတဲ့ မေးခွန်းတွေကို အမြန်ဆုံးအဖြေမှန်ပေးနိုင်ဖို့အတွက် ကျူးလွန်ခဲ့သူတရားခံနဲ့ နောက်ကွယ်ကကြိုးကိုင်သူ ကြိုးဆွဲသူ စသဖြင့် အမြန်ဆုံးဖော်ထုတ်နိုင်ပြီး အမှုမှန်အမြန်ဆုံး ပေါ်ပေါက်နိုင်ပါစေဟုသာ…..။

ဒါနဲ့ …. သတင်းထောက် ကိုစိုးမိုးထွန်းကို သတ်တာ ဘယ်သူလဲ……။

Most Read

Most Recent