၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီနှင့် လက်ရည်တူပြိုင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီနှင့် လက်ရည်တူပြိုင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 31 October 2017

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီနှင့် လက်ရည်တူပြိုင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

ရန်ကုန်မြို့၊ သံလွင်လမ်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် (ရန်ကုန်) တွင် အောက်တိုဘာ ၃၀ ရက်က လတ်တလောဖြစ်ပေါ်နေသော ဖြစ်စဉ်များနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများနှင့် သတင်းမီဒီယာများတွေ့ဆုံပွဲတွင် သတင်းထောက်တစ်ဦးက ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီနှင့် ယှဉ်ပြိုင်မည့်အခြေအနေ မေးမြန်းမှုအပေါ် ၎င်းက ထိုသို့ပြောကြားခြင်းဖြစ်သည်။ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၏ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးသို့ သွားရောက်ခဲ့သည့် စည်းရုံးရေးခရီးစဉ်၌ ပြည်ခိုင်ဖြိုးပါတီသို့ ရွာလုံးကျွတ်ပါတီဝင်အဖြစ် ဝင်ရောက်လာမှုကြောင့် ပါတီဝင်အင်အား တိုးလာမှုအခြေအနေများကို ဒေါက်တာနန္ဒာလှမြင့်က ဦးစွာရှင်းလင်းပြောကြားသည်။

“ကျွန်တော်တို့ ပြည်သူလူထုတွေဟာ အဓိကအခြေခံကျတဲ့ စီးပွားရေးကောင်းဖို့လိုပါတယ်။ သူတို့တွေရဲ့ လူမှုဘဝတည်ငြိမ်အေးချမ်း လုံခြုံစိတ်ချဖို့လိုပါတယ်။ ကျွန်တော်တို့ကလည်း ကျွန်တော်တို့ အစိုးရဖြစ်နေတုန်းကလည်း လုပ်ငန်းတွေကို တစ်စိုက်မတ်မတ်နဲ့ အလေးအနက်ထားပြီးတော့ ဆောင်ရွက်ပေးခဲ့တယ်။ ဒီနေ့ ကျွန်တော်တို့အတိုက်အခံ ဖြစ်သွားတဲ့ကာလမှာလည်း ကျွန်တော်တို့တတ်နိုင်သမျှ ပြည်သူတွေအတွက် လုပ်ပေးနေတယ်။ အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲကျရင်လည်း ကျွန်တော်တို့က နိုင်အောင်ကြိုးစားမှာပဲ။ အဆုံးအဖြတ်ပေးမှာ ပြည်သူတွေပဲဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီနိုင်ငံရေး ဖွဲ့တယ်ဆိုတာကိုက ပါတီတွေဖွဲ့တယ်ဆိုတာ ဘယ်ပါတီမှ အာဏာမရချင်တဲ့ပါတီမရှိပါဘူး။ မနိုင်ချင်တဲ့ပါတီမရှိပါဘူး။ ဖွဲ့ထားတဲ့ပါတီအားလုံးဟာ ရွေးကောက်ပွဲတိုင်းမှာ အနိုင်ရရှိဖို့ဖြစ်ပါတယ်။ အဲဒီလိုအနိုင်ရရှိမှလည်း ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအကျိုးစီးပွားကို အင်ပြည့်အားပြည့် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်။ ပြည်သူတွေကတာဝန်ပေးလို့ ကျွန်တော်တို့အစိုးရပြန်ဖြစ်ပြီး အနိုင်ရရှိခဲ့ရင်လည်း စီးပွားရေးတွေ ကောင်းမွန်လာအောင်၊ ပြည်သူလူထုရဲ့ လူမှုဘဝတည်ငြိမ်အေးချမ်းလုံခြုံအောင် ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာမဆုံးရှုံးရအောင် ကျွန်တော်တို့ရဲ့ အမျိုးဂုဏ်ဇာတိဂုဏ်ယဉ်ကျေးမှု လက္ခဏာစရိုက်တွေ မပျက်စီးအောင် ကာကွယ်ရမယ့်တာဝန် ကျွန်တော်တို့မှာ အပြည့်ရှိပါတယ်။ အခုအချိန်ကတော့ အတိုက်အခံပါတီဘဝမှာပဲ ရှိနေတာဖြစ်တဲ့အတွက် တတ်နိုင်သမျှ လုပ်လို့ရသမျှ နည်းလမ်းအားလုံးနဲ့ ကျွန်တော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပြည်သူတာဝန်ပေးလို့ အစိုးရဖြစ်လာရင်လည်း ဒီထက်ပိုပြီးတော့မှ အင်ပြည့်အားပြည့် ပိုင်ပိုင်နိုင်နိုင် စီးစီးပိုင်ပိုင်နဲ့ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာမဆုံးရှုံးဖို့ တရားဥပဒေစိုးမိုးပြီးတော့ နိုင်ငံတည်ငြိမ်အေးချမ်းဖို့နဲ့ ပြည်သူတွေရဲ့ စီးပွားရေးတိုးတက် ဖွံ့ဖြိုးလာအောင် တည်ငြိမ်တဲ့ ဈေးကွက်စီးပွားရေးစနစ် ဖြစ်ပေါ်လာအောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ ပြောလိုပါတယ်။ ဒီနေ့ပြည်သူတွေ ထောက်ခံအားပေးတဲ့အပေါ်မှာလည်း ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ပါတီအတွက်၊ နိုင်ငံတော်အတွက် အားတစ်ရပ်ဖြစ်ပါတယ်လို့ တင်ပြလိုပါတယ်။ (NLD နဲ့ ၂၀၂၀ မှာ လက်ရည်တူပြိုင်နိုင်မည်ဟု ယုံကြည်မှု ရှိ၊ မရှိမေးမြန်း) ကျွန်တော်တို့ အပြည့်အဝယုံကြည်တယ်လို့ ပြောပါရစေ” ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ဦးဆောင်ဖွဲ့စည်းမည့် နိုင်ငံရေးပါတီသစ်ကိုလည်း ကြိုဆိုကြောင်း ၎င်းကဆိုသည်။

“ကျွန်တော့်အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ရှင်းလင်းတင်ပြလိုတာက ကျွန်တော်တို့က ဒီအချိန်ဟာ ဟိုလူ့ကြောင့်၊ ဒီလူ့ကြောင့်၊ ဟိုလူလုပ်ခဲ့လို့၊ ဒီလူလုပ်ခဲ့လို့ဆိုတာကို အပြစ်တင်နေရမယ့်အချိန်တွေ မဟုတ်ဘူး။ ကျွန်တော်တို့က စနစ်ကြောင့်ဖြစ်ခဲ့ရတာကို နားလည်ဖို့လိုပါတယ်။ အခု ကျွန်တော်တို့သွားနေတာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်မှာ Political Institution တွေ အားကောင်းဖို့ုလိုပါတယ်။ နိုင်ငံရေးအင်အားစုတွေ အားကောင်းမှ ဒီအင်အားစုတွေကို ပြည်သူလူထုက ယုံယုံကြည်ကြည်နဲ့ မဲပေးရွေးချယ်လိုက်တဲ့အချိန်မှာ သူတို့အစိုးရဖြစ်လာတဲ့အခါကျရင် ပြည်သူလူထုရဲ့ အကျိုးစီးပွား၊ နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးစီးပွားကို တည်တည်ငြိမ်ငြိမ်နဲ့ ကောင်းကောင်းမွန်မွန်နဲ့ စီမံခန့်ခွဲ ဦးဆောင်သွားနိုင်မှာဖြစ်ပါတယ်။ ဒီနိုင်ငံရေးအင်အားစုတွေ အားမကောင်းဘူးဆိုရင် သူတို့အစိုးရဖြစ်လာတဲ့အချိန်မှာ တိုင်းပြည်စီးပွားရေးတွေ ကမောက်ကမဖြစ်မယ်။ တည်ငြိမ်အေးချမ်းမှုတွေ ကမောက်ကမဖြစ်မယ်။ အချုပ်အခြာအာဏာ စော်ကားခံရနိုင်ပါတယ်။ ဆိုတဲ့အခါကျတော့ အခု ၈၈ အဖွဲ့တွေ ပါတီထောင်မယ်။ ပါတီနိုင်ငံရေးလုပ်မယ်ဆိုတာကို ကျွန်တော်တို့ကြိုဆိုတယ်” ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

ပြည်သူသည် အစိုးရသက်တမ်းအား အလွန်ဆုံးနှစ်ကြိမ်သာ လက်ခံလေ့ရှိပြီး အပြောင်းအလဲလိုချင်သည့် သဘောထားအရ ပြောင်းလဲကြောင်း၊ ထိုကဲ့သို့ပင် ပြည်ခိုင်ဖြိုးပါတီသည် အမြဲတမ်းအာဏာရနေမည်မဟုတ်သလို အမြဲတမ်းရှုံးနိမ့်နေလိမ့်မည်ဟု မမျှော်လင့်ကြောင်း၊ လက်ရှိအတိုက်အခံဖြစ်နေသည့်အချိန်တွင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပြန်လည်ပြုပြင်ခြင်း၊ လေ့ကျင့်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း၊ မိမိတို့အား တာဝန်ပေးသည့်အခါ အခြားပါတီများထက် တိုင်းပြည်ကို ပိုမိုအေးချမ်းအောင် ဆောင်ရွက်နိုင်ရန် ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးအတွက် လုပ်ဆောင်သည့်အခါ အင်အားစုအားလုံး ပူးပေါင်းရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

Most Read

Most Recent