NCA ရေးထိုးရန် ကျန်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးရန် အသင့်ရှိကြောင်း တရုတ် အာရှရေးရာ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

NCA ရေးထိုးရန် ကျန်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးရန် အသင့်ရှိကြောင်း တရုတ် အာရှရေးရာ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Published 18 October 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန်တို့ တွေ့ဆုံစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး)

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးရန်ကျန်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးရန် အသင့်ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာ ၁၇ ရက်တွင် ပြောကြားသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန်အား အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်မှုတွင် ပါရှိသည်။

NCA သည် ငြိမ်းချမ်းရေးအတွက် ကနဦးခြေလှမ်းဖြစ်ကြောင်း၊ ပစ်ခတ်တိုက် ခိုက်မှုရပ်စဲပြီးမှသာ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်ရမည်ဖြစ် ကြောင်း၊ နိုင်ငံရေးတွင် လက်နက်ကိုင်လမ်းစဉ်ဖြင့်သွား၍ မရနိုင်ကြောင်း၊ သို့ဖြစ်၍ NCA လက်မှတ်ရေးထိုးရန်မှာ ကနဦးလိုအပ်ချက် ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် လက်မှတ်ရေးထိုးရန် ကျန်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးရန် အသင့်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

တရုတ်နိုင်ငံအစိုးရ၏ ရပ်တည်ချက်မှာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ခိုင်ခိုင်မာမာ ထောက်ခံကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကောင်းမွန်သည့် အလားအလာများ ရှိသည်ဟုလည်း ယုံကြည်ကြောင်း ပြောကြား၍ မြန်မာနိုင်ငံမြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်  ပိုမိုနီးကပ်စွာ ဆက်ဆံ၍ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ရခိုင်ပြည်နယ်အရေးကိစ္စတွင် မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်အနေဖြင့် နိုင်ငံ၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွက် ထိန်းသိမ်းလုပ်ဆောင်နေသည်ကို သိရှိထောက်ခံပြီး အိမ်နီးချင်းမိတ်ဆွေကောင်း ပီသစွာဖြင့် ဆက်လက်ရပ်တည် ကူညီလုပ်ဆောင်သွားမည့် အခြေအနေများ၊ အကြမ်းဖက်မှု ကာကွယ်တားဆီးရေး လုပ်ငန်းများတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှု အပါအဝင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များ၊ တရုတ်နိုင်ငံတွင် ပြုလုပ်တော့မည့် (၁၉) ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ကွန်ဂရက်နှင့် ပတ်သက်သည်များကို မစ္စတာဆွန်ကော့ရှန်က ဆွေးနွေးပြောကြားကြောင်း သိရသည်။

ထိုသို့ ဆွေးနွေးမှုများအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်မှု၊ ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ မျက်နှာစာတွင် မြန်မာနိုင်ငံဘက်မှ မှန်ကန်စွာ ထောက်ခံရပ်တည်ခဲ့မှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြားခဲ့ပြီး နိုင်ငံတည်ငြိမ်အေးချမ်းမှုအတွက် ငြိမ်းချမ်းရေး မဖြစ်မနေ ရရှိအောင် ဆောင်ရွက်ရန်လိုအပ်မှု၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်း ၁၆ ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပြီး NCA ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်း အဖွဲ့ ရှစ်ဖွဲ့နှင့်သာ လက်မှတ်ရေးထိုးနိုင်ခဲ့မှု၊ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းနှင့် ဒို့တာဝန်အရေးသုံးပါးကို လက်ခံထိန်းသိမ်းလိုမှုအပေါ် အခြေခံပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး NCA တွင် ပါဝင်လက်မှတ်ရေးထိုး နိုင်ရေးအတွက် တပ်မတော်အနေဖြင့် လက်မှတ်ရေးထိုးရန် ကျန်ရှိသည့်အဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် အသင့်ရှိမှုများအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ထို့အတူ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် တရားဥပဒေနှင့်အညီ မှန်ကန်စွာ လုပ်ဆောင်နေသော်လည်း နိုင်ငံတကာမှ သိရှိထားသည့် အချက်အလက်များမှာ မှားယွင်းနေကြောင်း၊ တရုတ်နိုင်ငံ သံအမတ်ကြီးတို့ကိုယ်တိုင် ယင်းဒေသကို ရောက်ရှိပြီး မျက်မြင်တွေ့ရှိခဲ့ပြီးဖြစ်၍ ပြီးပြည့်စုံသည် မဟုတ်သည့်တိုင် ခိုင်မာသည့် သက်သေ အထောက်အထားအချို့ ရရှိမည်ဟု ယုံကြည်ကြောင်း၊ ရခိုင်ဒေသ အခြေအနေမှန်များကို နိုင်ငံတကာမှ မှန်ကန်စွာ သိရှိစေရန် ဝိုင်းဝန်းကူညီ လုပ်ဆောင်ပေးစေလိုကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ဆက်လက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အပါအဝင် အိမ်နီးချင်းနိုင်ငံ အားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံ၍ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်လုပ်ဆောင် နေကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် မြေပြင်တွင်ဖြစ်ပျက်နေသည့် အရှိတရားများကို မှန်မှန်ကန်ကန် သိရှိလက်ခံရန် အရေးကြီးကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသည့် ဘင်္ဂါလီများနှင့်ပတ်သက်၍ ရပ်တည်ပြောဆိုချက် အချို့မှာ ပုံကြီးချဲ့ပြောဆိုမှုများရှိပြီး မမှန်ကန်ကြောင်း၊ မိမိတို့အနေဖြင့် အပြုသဘောဆောင်သော ကောင်းမွန်သည့် လုပ်ဆောင်ချက်များကို ညှိနှိုင်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှု ကာကွယ်တားဆီးရေးတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှု အပါအဝင် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများလည်း ပိုမိုမြှင့်တင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြား၍ တရုတ်ပြည်သူ့ကွန်မြူနစ်ပါတီ၏ (၁၉) ကြိမ်မြောက် ကွန်ဂရက်နှင့်ပတ်သက်ပြီး အောင်မြင်ပါစေကြောင်း ပြောကြားသည်။

အဆိုပါတွေ့ဆုံမှုသို့  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.H. Mr Hong Liang၊ စစ်သံမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။

တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန်သည် မြန်မာအစိုးရနှင့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များတွင် ကြားဝင်ဆောင်ရွက်နေသူ တစ်ဦးဖြစ်သည်။

Most Read

Most Recent