IS အဖွဲ့အနေဖြင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန် အဖွဲ့ဝင်သစ်များ စုဆောင်းရာတွင် ဘင်္ဂါလီအရေးကို အသုံးပြုနေကြောင်း မလေးရှားနိုင်ငံ အကြမ်းဖက်မှု တိုက်ဖျက်ရေး အကြီးအကဲ ပြောကြား

IS အဖွဲ့အနေဖြင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန် အဖွဲ့ဝင်သစ်များ စုဆောင်းရာတွင် ဘင်္ဂါလီအရေးကို အသုံးပြုနေကြောင်း မလေးရှားနိုင်ငံ အကြမ်းဖက်မှု တိုက်ဖျက်ရေး အကြီးအကဲ ပြောကြား
Published 19 September 2017

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ခ်ဘဇားခရိုင် Ukhia ရှိ ကွမ်ဟမ်ရွာအနီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မြန်မာဘက်ခြမ်းတွင် ကင်းလှည့်နေသော တပ်မတော်သားများကို စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ်

IS အဖွဲ့အနေဖြင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ရန်အတွက် အဖွဲ့ဝင်သစ်များ စုဆောင်းရာတွင် ဘင်္ဂါလီအရေး (မူရင်းသတင်းတွင် ရိုဟင်ဂျာဟုသုံးနှုန်းထား) ကိုအသုံးပြုနေကြောင်း မလေးရှားနိုင်ငံ အကြမ်းဖက်မှု တိုက်ဖျက်ရေးအကြီးအကဲ အေရွတ်ခန်က ပြောကြားခဲ့သည်။

၎င်းက စက်တင်ဘာ ၁၇ ရက်က မလက်ကာတွင် ပြုလုပ်သော ISIS ခြိမ်းခြောက်မှု လူငယ်များသတိပြုရေး ဆွေးနွေးပွဲ ဖွင့်ပွဲအပြီးတွင် သတင်းထောက်များအား ပြောကြားခဲ့ခြင်းဖြစ်သည်။

IS အနေဖြင့် ဘင်္ဂါလီတို့၏ ဓာတ်ပုံများကို လူမှုမီဒီယာများတွင် ဖြန့်ချိကာ ကရုဏာရရှိရေးနှင့် လူသစ်စုဆောင်းရာတွင် အသုံးပြုနေကြောင်း မလေးရှားနိုင်ငံ အကြမ်းဖက်မှု တိုက်ဖျက်ရေးအကြီးအကဲ အေရွတ်ခန်က ပြောကြားခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံသည် မလေးရှားနှင့် နီးကပ်နေမှုကလည်း IS စစ်သွေးကြွများအနေဖြင့် ရခိုင်ပြည်နယ်တွင် အကြမ်းဖက်ရန် တွန်းအားဖြစ်စေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“မြန်မာနိုင်ငံက ပဋိပက္ခဆက်လက်ဖြစ်ပွားနေတဲ့ ဆီးရီးယား၊ ဖိလစ်ပိုင်တောင်ပိုင်းတို့ထက်စာရင် မလေးရှားနဲ့ ပိုနီးတယ်။ အခုဆိုရင် ရခိုင်ကလည်း ဂျီဟတ်အတွက် သူတို့ရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်လာတယ်” ဟု မလေးရှားနိုင်ငံ အကြမ်းဖက်မှု တိုက်ဖျက်ရေးအကြီးအကဲ အေရွတ်ခန်က ပြောကြားခဲ့သည်။

IS အလံများကို ပုံနှိပ်ဖြန့်ချိမှုမှတစ်ဆင့် အကြမ်းဖက်မှုကိုအားပေးရန် မသင်္ကာမှုဖြင့် မလက်ကာမှ မုန့်လက်ဆောင်းရောင်းသူတစ်ဦးအား စက်တင်ဘာ ၁၀ ရက်က ဖမ်းဆီးရမိခဲ့ကြောင်းလည်း အေရွတ်ခန်က ပြောကြားခဲ့သည်။

အသက် ၃၈ အရွယ်ရှိသူ မုန့်လက်ဆောင်းရောင်းသူက ဖိလစ်ပိုင်နှင့် ရခိုင်ရှိ IS စစ်သွေးကြွများနှင့် ပူးပေါင်းရန် စီစဉ်နေကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။

အရှေ့တောင်အာရှရှိ IS အကြီးအကဲ မိုဟာမက်ဝန်ဒီမိုဟာမက်ဂျယ်ဒီ သေဆုံးသွားပြီး ဖြစ်သော်လည်း အဖွဲ့ဝင်သစ်စုဆောင်းမှုမှာ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း အေရွတ်ခန်က ပြောကြားခဲ့သည်။

မလက်ကာဇာတိဖြစ်သည့် မိုဟာမက်ဝန်ဒီသည် ဧပြီလကုန်ပိုင်းက ဆီးရီးယားနိုင်ငံတွင် ဒရုန်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည်။

ထို့ပြင် အေရွတ်ခန်က ဆီးရီးယားတွင် မလေးရှားနိုင်ငံသား လေးဦးရှိနေကြောင်းနှင့် ၎င်းတို့သည် မလေးရှားနိုင်ငံသားများကို တက်ကြွစွာ အဖွဲ့ဝင်သစ်စုဆောင်းနေသည်ဟု ယုံကြည်ရကြောင်းလည်း ပြောကြားခဲ့သည်။

IS အဖွဲ့သည် ဆီးရီးယားနှင့် အီရတ်တို့တွင် စစ်မြေပြင်၌ အရေးနိမ့်နေသော်လည်း အွန်လိုင်းတွင် ၎င်းတို့အား ခိုင်မာသော ထောက်ခံမှုရရှိထားဆဲဖြစ်ကြောင်း ဥရောပရဲတပ်ဖွဲ့ (ယူရိုပို) က စက်တင်ဘာ ၁၅ ရက်တွင် သတိပေးခဲ့သည်။

ဂျီဟတ်အဖွဲ့များသည် အကြမ်းဖက်ဝါဒ ဖြန့်ချိမှုများပြုလုပ်ရန် ယခုအခါ သေးငယ်သော အင်တာနက် လမ်းကြောင်းများနှင့် ဖိုရမ်များအား အသုံးပြုနေကြောင်း ယူရိုပိုက ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သောလတွင် IS ၏ တရားဝင်ဝါဒဖြန့်မှု အတော်အသင့်ကျဆင်းလာမှုက IS လိုလားသော အသုံးပြုသူများအတွက် ယင်းအကြောင်းအရာများဖြန့်ချိရန် နေရာပိုမိုရရှိစေခဲ့ကြောင်း၊ ယင်းအတွက်ကြောင့် IS ဟုခေါ်သော ယင်းအဖွဲ့သည် အင်တာနက်တွင် ၎င်းတို့အားထောက်ခံသည့် ခိုင်မာသော အင်အားစုတစ်ရပ်ကို ဆက်လက်ရရှိနေသည်ဟု ဖော်ပြနေကြောင်း သည်ဟိဂ်အခြေစိုက် ယူရိုပိုက ထုတ်ပြန်ခဲ့သည်။

ဘင်္ဂါလီမွတ်စလင်တို့ကို ‘ရာဇဝတ်မှု’ ကျူးလွန်ခြင်းအတွက် မြန်မာနိုင်ငံသည် ‘အပြစ်ပေးမှု’ နှင့်ရင်ဆိုင်ရမည်ဟု အယ်ကေးဒါးတို့က သတိပေးခဲ့ကြောင်း အကြမ်းဖက်မှု စောင့်ကြည့်လေ့လာရေးအဖွဲ့ STTE က စက်တင်ဘာ ၁၃ ရက်က ပြောကြားခဲ့သည်။

၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်က အမေရိကန်တွင် တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့သည့် အစ္စလာမ္မစ်အဖွဲ့ အယ်ကေးဒါးက မြန်မာနိုင်ငံရှိ မွတ်စလင်တို့အား လက်နက်နှင့် စစ်ရေးအကူအညီများ ပံ့ပိုးပေးရန် ကမ္ဘာတစ်ဝန်းရှိ မွတ်စလင်တို့ကို တိုက်တွန်းကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်ဟု STTE ကပြောကြားခဲ့သည်။

“ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဖိလစ်ပိုင်က အားလုံးသော မူဂျာဟစ်ညီနောင်တွေအနေနဲ့ သူတို့ရဲ့ မွတ်စလင်ညီနောင်တွေကို ကူညီဖို့ မြန်မာနိုင်ငံကို သွားရောက်ကြဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်။ အဲဒီအပြင် လေ့ကျင့်မှုနဲ့ ဖိနှိပ်မှုကို တွန်းလှန်ရေးဆိုင်ရာ လိုအပ်တဲ့ပြင်ဆင်မှုတွေ ဆောင်ရွက်ကြဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်” ဟု အယ်ကေးဒါးအဖွဲ့က ကြေညာချက်တွင် ပြောကြားခဲ့သည်။

ဆီးရီးယားနှင့် အီရတ်တွင် နယ်မြေများ ဆုံးရှုံးနေသော ဂျီဟတ်အဖွဲ့ IS ကလည်း ဘင်္ဂါလီမွတ်စလင်တို့အား စစ်ရေးထောက်ပံ့မှုများ ကူညီရန် မွတ်စလင်တို့အား တောင်းဆိုချက် ထုတ်ပြန်ထားသည်။

အာရေဗျကျွန်းဆွယ် အယ်ကေးဒါးအဖွဲ့ AQAP ၏ သြဇာအကြီးဆုံး လက်ရုံးအဖွဲ့ ခေါင်းဆောင်တစ်ဦးက မြန်မာအာဏာပိုင်များကို တိုက်ခိုက်မှုများဆောင်ရွက်ရန် အလားတူကြေညာချက် ထုတ်ပြန်ခဲ့ဖူးသည်။

Most Read

Most Recent