စာရင်းစစ်အဖွဲ့ရဲ့ အစီရင်ခံစာနဲ့ မေးခွန်းထုတ်ရတော့မယ့် ရန်ကုန်အစိုးရအဖွဲ့ရဲ့ ပြည်သူ့ဘဏ္ဍာရှင်းတမ်း

စာရင်းစစ်အဖွဲ့ရဲ့ အစီရင်ခံစာနဲ့ မေးခွန်းထုတ်ရတော့မယ့် ရန်ကုန်အစိုးရအဖွဲ့ရဲ့ ပြည်သူ့ဘဏ္ဍာရှင်းတမ်း
Published 7 October 2018

ဓာတ်ပုံ - ပြည့်ဖြိုးအောင်

ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘဏ္ဍာငွေ သုံးစွဲမှုနှင့် ပတ်သက်ပြီး စာရင်းစစ်အဖွဲ့၏ အစီရင်ခံစာ ထွက်ပေါ်လာခဲ့သည်။

ယင်းအစီရင်ခံစာအား လွှတ်တော်သို့ တင်သွင်းအပြီးတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများမှာ ပြည်သူများအကြား ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာ ခဲ့သည်။

ထွက်ပေါ်လာသည့် အစီရင်ခံစာတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပြည်သူ့ဘဏ္ဍာသုံး စွဲမှုများအပေါ်တွင် ဝေဖန်မှုများ ဖြစ်သည်။ ယင်းတို့အနက် ဝေဖန်ခံ ရမှုအများဆုံးဖြစ်သည့် အကြောင်း အရာများမှာ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့က ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဖြည့်စွက်ခွင့်ပြုငွေ (အဖွဲ့အစည်းများတွင် ရင်းနှီးငွေ ခေါင်းစဉ်) မှ ခွင့်ပြုငွေ ကျပ် ၁၃၄ ဘီလျံအား Yangon Metropoliton Development Public Co.,Ltd တွင် ၅၄ ဘီလျံ၊ New Yangon Development Co.,Ltd တွင် ၁၀ ဘီလျံ၊ ရန်ကုန်ဘတ်စ်ကား အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YBPC) တွင် ၃၅ ဘီလျံ၊ ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YUPT) တွင် ၃၅ ဘီလျံ စုစုပေါင်း ကျပ် ၁၃၄ ဘီလျံနှင့် ကျောင်းကားများအတွက် ကျပ် ၁၀ ဒသမ ၅ ဘီလျံနှင့် ရန်ကုန်ညဈေးအတွက် ကျပ်သိန်းပေါင်း ၁၈၀၀ ရင်းနှီးမြှုပ်နှံ ထားမှုပင်ဖြစ်သည်။

“ဒီအစီရင်ခံစာကတော့ ပွဲတော်တော် ဆူသွားတယ်။ အထဲမှာပါတဲ့ တွေ့ရှိချက်တွေ အကုန်လုံးက မေးခွန်းထုတ်စရာတွေ ချည်းပဲလေ” ဟု ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ စာရင်းစစ်ချုပ် အစီရင်ခံစာမှာ ဒုတိယအကြိမ် ထွက်ရှိလာခြင်းဖြစ်ပြီး ယင်းသို့ထွက်ရှိလာခြင်းမှာ သတ်မှတ်ကာလထက်များစွာ နောက်ကျပြီးမှ ထွက်ရှိလာခြင်းဖြစ်သည်။

“ကာလအားဖြင့်တော့ နောက်ဆုံးကာလအထိ စစ်ထားတာကို တွေ့ရတယ်။ အခုအခြေအနေက အစိုးရအဖွဲ့ရဲ့ ပကတိအခြေအနေကို မြင်သာစေတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ဦးတင့်လွင် (ခ) မောင်လွင်မွန်က ပြောကြားသည်။

အစီရင်ခံစာမှာ ဘာတွေပါလဲ

ထွက်ရှိလာသည့် အစီရင်ခံစာတွင် ပြည်သူပိုင်မြေများကို ငှားရမ်းထားသည့် ဌားရမ်းခများ၊ ရုပ်ရှင်ရုံများ၊ ပန်းခြံများ၊ ဟိုတယ်များ စသည့်နေရာများကို ငှားရမ်းထားသည့် ဈေးနှုန်းများ၊ အစိုးရအဖွဲ့က သုံးစွဲထားသည့် ဘဏ္ဍာငွေများ၊ အစိုးရ အဖွဲ့က ပုဂ္ဂလိကဘဏ်များမှ ချေးယူထားသည့် ငွေကြေးများ၊ စီမံကိန်းများ ဆောင်ရွက်ရာတွင် ကုန်ကျမည့် ငွေကြေးများကို ဖော်ပြထားသည်ကို တွေ့ရသည်။

ယင်းကိစ္စရပ်များတွင် လက်ရှိပြဿနာများလည်း ပါဝင်သကဲ့သို့ ယခင်ပြဿနာများလည်း ပါဝင်သည်ကို တွေ့ရသည်။ ယခင်ပြသာနာများတွင် ပြည်သူပိုင် မြေကွက်များအား အစိုးရတစ်ခုနှင့် တစ်ခုအကြားတွင် ဂရန်အမည် ဖောက်ခဲ့သည့် ဖြစ်စဉ်များ၊ ပန်းခြံများတွင် မူလပေါက်ဈေးထက် များစွာလျော့နည်းကာ ငှားရမ်းထားမှုများ၊ အကြွေးမပေးသည့် လုပ်ငန်းရှင်များလည်း ပါဝင်သည်။

ယင်းဖြစ်စဉ်များနှင့် ပတ်သက်ပြီး လက်ရှိအစိုးရအနေဖြင့် ငှားရမ်းခ လျော့နည်းနေသည့် အခြေအနေများအား ထိုက်သင့်သည့် ဈေးနှုန်းများ ရရှိအောင် ဆောင်ရွက်သင့်ကြောင်း၊ အကြွေးမပေးသည့် လုပ်ငန်းရှင်များထံမှ အကြွေးများရရှိစေရန် တောင်းသင့်ကြောင်း ငွေစာရင်း အစီရင်ခံစာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

လက်ရှိပြဿနာများနှင့် မေးခွန်းထုတ်ရမည့် ပြဿနာများတွင် ရန်ကုန်အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲမှုတွင် အကြီးမားဆုံးဖြစ်သည့် ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေးစနစ် YRTA မှာ ထိပ်ဆုံးမှ ပါဝင်နေသည်ကို တွေ့ရသည်။ လွှတ်တော်တွင် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များတွင်လည်း ယင်းအကြောင်းအရာမှာ ထိပ်ဆုံးမှ ပါဝင်နေသည်ကို တွေ့ရသည်။

“YBS စတုန်းက ဘယ်သူမှ မနေရဘူး။ ဒီစနစ်ကို အောင်မြင်စေချင်လို့ အစိုးရက ဘာတာဝန်ပေးပေး အကုန်လုံး လုပ်ခဲ့တယ်။ ဝရုန်းသုန်းကားနဲ့ပဲ။ အခုချိန်မှာတော့ ငွေရေးကြေးရေး ပြဿနာက ပါလာပြီ” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် တိုင်းဒေသကြီးအစိုးရ၏ ကတိကဝတ်၊ အာမခံချက်များနှင့် လွှတ်တော်အခွင့်အရေး ကော်မတီအဖွဲ့ဝင် ဒေါ်ကြည်ပြာက ပြောကြားသည်။

စာမျက်နှာ ၃၀၀ ကျော်ပါဝင်သည့် ယင်းအစီရင်ခံစာအား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ကိုယ်စားလှယ် ၂၀ ကျော်က ဝင်ရောက်ဆွေးနွေးရန် စာရင်းပေးထားခြင်းဖြစ်ပြီး အစီရင်ခံစာအရ ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် စာရင်းရှင်းလင်းရန်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ မေးခွန်းများကို ဖြေကြားရန် လိုအပ်လျက်ရှိသည်။

လွှတ်တော်ခွင့်ပြုချက် မရယူဘဲနဲ့ အစိုးရအဖွဲ့က ငွေလုံးငွေရင်း မြှုပ်နှံထားသည့် ကုမ္ပဏီနှစ်ခု

ဓာတ်ပုံ - နေဝန်းထက်

ရန်ကုန်မြို့တွင် အိမ်ရာစီမံကိန်း အပါအဝင် စီမံကိန်းများ လုပ်ဆောင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အများပိုင်ကုမ္ပဏီနှစ်ခု ထူထောင်ထားသည်။ ယင်းကုမ္ပဏီများမှာ Yangon Metropoliton Development Public Co.,Ltd နှင့် New Yangon Development Co.,Ltd တို့ဖြစ်သည်။

Yangon Metropoliton Development Public Co.,Ltd အတွက် ထည့်ဝင်ရင်းနှီးငွေ ကျပ်သန်း ၆၄၀၀၀ ရှိပြီး ယင်းတို့အနက် စီမံခန့်ခွဲမှု စရိတ်အဖြစ် ကျပ်သန်း ၁၁ ဒသမ ၄၆၀ ရှိသည်။ ယင်းကြောင့် အသားတင်အရှုံးမှာ ၁၁ ဒသမ ၄၆၀ သန်းဖြစ်သည်။ ယင်းငွေကြေးများမှာ ၂၀၁၇ ခုနှစ် မတ် ၃ ရက်မှ မတ်လကုန်အထိ ရုံးလုပ်ငန်းနှင့် စီမံခန့်ခွဲရေး လုပ်ငန်းများအတွက် အသုံးပြုထားခြင်းဖြစ်သည်။ သို့သော် လုပ်ငန်းမစတင်နိုင်သေးပေ။

ယင်းကုမ္ပဏီတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ ဦးမျိုးအောင်ဌေး၊ ဒေါ်မေမေသွယ်၊ ဦးမြင့်နိုင်တို့က အစိုးရအဖွဲ့ကိုယ်စား အစုရှင်အဖြစ် ပါဝင်နေပြီး ဦးဝင်းအောင်က စီးပွားရေး လုပ်ငန်းရှင်အဖြစ် အစုရှယ်ယာ ဝင်ထားသည်ကို တွေ့ရသည်။

အစုတစ်စုလျှင် ကျပ်တစ်သိန်းနှုန်းဖြင့် ထူထောင်ထားပြီး အများဆုံး ပိုင်ဆိုင်သူမှာ ဦးမြင့်သောင်းဖြစ်ကာ အစုရှယ်ယာပေါင်း ၆၃၉၅၀၀ အထိ ပိုင်ဆိုင်ထားပြီး ကျန်သူများမှာ အစု ၁၀၀ စီသာ ပါဝင်သည်။

ကုမ္ပဏီ စည်းမျဉ်းစည်းကမ်းနှင့်အညီ ထူထောင်ထားသည်ဟု ဆိုသော်လည်း အစုရှယ်ယာ အများအပြား ပိုင်ဆိုင်ထားသူမှာ အစိုးရအဖွဲ့ ဝန်ကြီးတစ်ဦးဖြစ်နေပြီး နောက်ပိုင်းတွင် ငွေကြေးအရှုပ်အရှင်းများ ပေါ်လာနိုင်မည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ထောက်ပြသည်။

“အစုရှယ်ယာတွေကို အစိုးရရဲ့ အများပိုင်ငွေတွေနဲ့ အစုရှယ်ယာ ဝယ်တဲ့အခါမှာ ပုဂ္ဂလိကနာမည် တွေနဲ့ သုံးထားမယ်ဆိုရင် အကြောင်း တစ်စုံတစ်ခုခုကြောင့် အလွဲ အမှား ဖြစ်ခဲ့မယ်ဆိုရင် ပြည်သူ့ဘဏ္ဍာ ငွေဆုံးရှုံးနိုင်မယ်လို့ သုံးသပ်လို့ရပါတယ်” ဟု ဦးသိန်းစိန် အစိုးရလက်ထက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဖြစ်ခဲ့သူ ဦးတင်ဝင်းက ပြောကြားသည်။

ယင်းကုမ္ပဏီတွင် အစုရှယ်ယာအဖြစ် ထည့်ဝင်ထားသည်မှာ ပြည်သူ့ဘဏ္ဍာငွေများဖြစ်ပြီး ဝန်ကြီးဌာန အနေဖြင့် ဝယ်ယူထားခြင်း မဟုတ်ဘဲ အမည်ပေါက်ဖြင့် ဝယ်ယူထားခြင်း ဖြစ်သည်။

အလားတူ ရန်ကုန်မြို့ တစ်ဖက်ကမ်းတွင် အကောင်အထည်ဖော်မည့် ရန်ကုန်မြို့သစ် စီမံကိန်း လုပ်ဆောင်ရန်အတွက် New Yangon Development Co.,Ltd ကို တည်ထောင်ခဲ့ပြီး ယင်းကုမ္ပဏီကို ရန်ကုန်အစိုးရက ရာခိုင်နှုန်း ၁၀၀ ပိုင်ဆိုင်သည်။

ကုမ္ပဏီဥက္ကဋ္ဌအဖြစ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က တာဝန်ယူထားပြီး စီးပွား ရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည့် ရိုးမလုပ်ငန်းစုပိုင်ရှင် ဦးသိမ်းဝေ(ခ) Serge Pun က ဒုဥက္ကဋ္ဌ၊ ရန်ကုန် တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီး ဦးဟန် ထွန်း၊ စင်ကာပူနိုင်ငံခြားရေး ဝန်ကြီးဟောင်း Mr George Yeo နှင့် ဦးထွန်းမြတ်တို့က ဒါရိုက်တာများအဖြစ် တာဝန်ယူထားသည်ကို တွေ့ရသည်။

ရင်းနှီးမြှုပ်နှံငွေမှာ ကျပ် ၁၀ ဘီလျံဖြစ်ပြီး ၂၀၁၈ ခုနှစ် ဧပြီ ၄ ရက် အထိ ဝင်ငွေမရရှိသေးဘဲ အသုံးစရိတ်မှာ လစာစရိတ် ကျပ် ၄၉ ဒသမ ၅၇၀ သန်းဖြစ်ပြီး အထွေထွေစရိတ်အဖြစ် ကျပ် ၇ ဒသမ ၁၄၄ သန်းဖြစ်ကာ စုစုပေါင်း ကျပ် ၉၂ ဒသမ ၆၁၁ သန်း သုံးစွဲထားသည်။

လက်ကျန်ငွေများကို ကမ္ဘောဇ ဘဏ်တွင် ကျပ် ၃၉၀၆ ဒသမ ၈၄၄ သန်းနှင့် ဧရာဝတီဘဏ်တွင် ၅၉၈၈ ဒသမ ၅၇၄ သန်း အပ်နှံထားသည်။ Cash In Hand အဖြစ် ကျပ် ၁၁ ဒသမ ၁၂၁ သန်း ကိုင်ဆောင်ထားသည်။

ရန်ကုန်မြို့သစ် စီမံကိန်းအား အကောင်အထည်ဖော်ရန် ယခင်အစိုးရ လက်ထက်တွင် စီစဉ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအစိုးရ လက်ထက်တွင် ယခင်အစီအစဉ်များကို ဖျက်သိမ်းကာ လုပ်ငန်း Plan အသစ်များ ချမှတ်ကာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ယင်းကုမ္ပဏီနှစ်ခုတွင် တူညီသည့်အချက်မှာ ကုမ္ပဏီများ၏ ငွေကြေးလည်ပတ်မှုနှင့် သုံးစွဲမှုများကို ပြင်ပစာရင်းစစ် အဖွဲ့ဖြင့် အသေးစိတ် စစ်ဆေးထားခြင်း မရှိသေးဘဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လွှဲပြောင်းရယူထားသည့် နိုင်ငံပိုင် မရမ်းကုန်း ဗီလာရှိ မြေ ၁၁ ဒသမ ၈၉ ဧကနှင့် ဆူးလေဘုရားလမ်းရှိ နိုင်ငံပိုင် အဆောက်အအုံအား ကုမ္ပဏီက ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်ထားခြင်းဖြစ်သည်။

ယင်းကြောင့် အစိုးရအဖွဲ့က တည်ထောင်ထားသည့် ကုမ္ပဏီများတွင် နောင်ကာလများ၌ အရှုပ်အရှင်းများ ပေါ်ထွက်လာနိုင်ကြောင်း တိုင်းဒေသကြီး စာရင်းစစ်ချုပ်က ထောက်ပြထားသည်။

ထို့ပြင် စီမံကိန်းများ လုပ်ဆောင်ရာတွင် သေချာစိစစ်ပြီးမှသာ လုပ်ဆောင်ရန်နှင့် လက်ရှိစီမံကိန်းများကိုသာ အာရုံစိုက် လုပ်ဆောင်ရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မှာကြားထားသော်လည်း ရန်ကုန်မြို့တွင် စီမံကိန်းများ ဆောင်ရွက်ရန် ပြည်သူ့ဘဏ္ဍာငွေဖြင့် ကုမ္ပဏီများကို တည်ထောင်ထားပြီး ရှေ့ဆက်လုပ်ဆောင်မည့် အခြေအနေများကိုလည်း တွေ့မြင်နေရသည်။

ပြည်သူများထံမှ ရရှိသည့် အခွန်ငွေကြေးများကို ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အနည်းငယ်သာ အသုံးပြုထားပြီး စီမံကိန်းများ လုပ်ဆောင်ရန် ကုမ္ပဏီများ ထူထောင်နေခြင်းက သမ္မတ၏ ညွှန်ကြားချက်နှင့် ဆန့်ကျင်ရာ ရောက်နေသည်။

“သမ္မတက မှာထားတာလည်း ရှိတယ်။ အခုက အချိန်ကလည်း မရှိတော့ဘူး။ ပြည်သူတွေအတွက် ထင်သာမြင်သာ အကျိုးရှိမယ့် လုပ်ဆောင်ချက်ပဲ လုပ်ရတော့မှာ” ဟု မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ဝေဖန်သည်။

လုပ်ငန်းစီမံကိန်းများမှာလည်း ကြီးမားကျယ်ပြန့်ပြီး ယခုအစိုးရ လက်ထက်တွင် အကောင်အထည် ဖော်နိုင်ရန် အလားအလာနည်းပါးပြီး စွန့်စားမှုများစွာဖြင့် လုပ်ကိုင်ရမည့် စီမံကိန်းများလည်း ဖြစ်ရာ မမျှော်လင့်နိုင်သည့် ပြဿနာများ ပေါ်ပေါက်လာပါက နိုင်ငံတော် ဘဏ္ဍာငွေ ဆုံးရှုံးသွားမည့် အခြေအနေများလည်း ရှိနေသည်။

ထို့ပြင် New Yangon Development Co.,Ltd ကုမ္ပဏီတွင် ထည့်သွင်းထားသည့် ငွေကြေးများမှာလည်း လွှတ်တော်သို့ အသိမပေးဘဲ အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ဖြင့်သာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့လုပ်ဆောင်မှုမှာ အာဏာကို အလွဲသုံးစား ပြုလုပ်ခြင်း ဖြစ်သည်ဟု ဆိတ်ကြီးခနောင်တိုမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက လွှတ်တော်တွင် ဝေဖန်ခဲ့သည်။

“နိုင်ငံပိုင် ပိုက်ဆံတွေကို သူတို့ကိုယ်ပိုင်လို သဘောထားပြီး သုံးစွဲတဲ့ လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။ တိုင်း အစိုးရက သူ့ကိုပေးအပ်ထားတဲ့ အခွင့်အာဏာထက် ကျော်လွန်ပြီး လုပ်ဆောင်နေပါတယ်” ဟုဒေါ်စန္ဒာမင်းက ဆိုသည်။

လုပ်ပိုင်ခွင့်ရှိသူများက မိမိနိုင်ငံရေး ရည်မှန်းချက် ပြည့်ဝစေရန် ရည်ရွယ်လုပ်ဆောင်မှု များကိုလည်း တွေ့နေရကြောင်း Yangon Watch အဖွဲ့မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်းက ဆိုသည်။

“လုပ်ပိုင်ခွင့်ရှိတဲ့သူတွေက နိုင်ငံရေး ရည်မှန်းချက်အတွက် လုပ်နေတာလား။ လွှတ်တော်က မသိဘဲနဲ့ ဒီလိုလုပ်လိုက်တာတော့ ဥပဒေတွေကို ချိုးဖောက်နေပြီ” ဟု ဒေါ်ညိုညိုသင်းက ပြောကြားသည်။

ရန်ကုန်အစိုးရအဖွဲ့၏ ပထမဆုံးခြေလှမ်းဖြစ်သည့် YBS (သို့မဟုတ်) ရှုံးနေသည် ဟုဆိုသည့် ရန်ကုန်မြို့၏ အကြီးမားဆုံး စီးပွားရေး

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဒုတိယတစ်နှစ်တာ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်း အခန်း (၈) အမှတ်စဉ် ၁၈ တွင် YBS စနစ်သစ် ဆောင်ရွက်ချက်များကို ဖော်ပြထားသည်။

ယင်းစာမျက်နှာတွင် YBS နှင့် ပတ်သက်သည့် ဆောင်ရွက်ချက်များကို ဓာတ်ပုံများဖြင့် ဝေေ၀ဆာဆာ ဖော်ပြထားသည်ကို တွေ့ရမည် ဖြစ်သည်။ နည်းပညာ အထောက်အကူပြု ပစ္စည်းများ အသုံးပြုပြီး စီမံခန့်ခွဲမှု မြှင့်တင်ခြင်း၊ Complain Center ဖွင့်လှစ်ပြီး စည်းကမ်းထိန်းသိမ်းမှုနှင့် ပြည်သူများ တိုင်ကြားခြင်းကို ဖြေရှင်းပေးခြင်း၊ စစ်ဆေးရေး အဖွဲ့များဖြင့် ယာဉ်လိုင်းများကိုလည်း စစ်ဆေးကာ စည်းကမ်းထိန်းသိမ်းခြင်း  စသည့် ခေါင်းစဉ်များဖြင့် ရေးသားထားသည်ကိုလည်း တွေ့မြင်ရမည် ဖြစ်သည်။

သို့သော် စက်တင်ဘာ ၁၃ ရက် တွင် ပြုလုပ်သည့် တိုင်းဒေသကြီး လွှတ်တော်ကျင်းပချိန်တွင်မူ ရန်ကုန်တိုင်း အစိုးရအဖွဲ့၏ YBS မှာ လွှတ်တော်ကိုယ်စားလှယ်များ အကြားတွင် ရေပန်းစားခဲ့သည့် စကားလုံးဖြစ်ပြီး နောက်ဆက်တွဲ အနေဖြင့် ကျောင်းကားကိစ္စလည်း ပါဝင်ခဲ့သည်။

ယခင် မ.ထ.သ စနစ်မှ YBS စနစ်သို့ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် စတင်ပြောင်းလဲခဲ့သည်။ ယခင်က အဆိုပါ နေ့ရက်ထက် စောကာ ဇန်နဝါရီလဆန်းပိုင်းတွင် စတင်ရန် စီစဉ်ခဲ့သော်လည်း ယာဉ်ပိုင်ရှင်များ အဆင်သင့် မဖြစ်သေးခြင်းကြောင့် နောက်ဆုတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ယင်းနေ့တွင်လည်း ရန်ကုန်တစ်တိုင်းလုံးရှိ လွှတ်တော်ကိုယ်စားလှယ်များပါမကျန် လူမှုအသင်းအဖွဲ့များ၊ ပရဟိတ လုပ်ကိုင်သူများသာမက ပြည်သူအများအပြားက ကူညီဆောင်ရွက် ခဲ့ကြသည်။

YBS စနစ်ကို ဖော်ဆောင်ရာတွင် မထသမှ လွှဲပြောင်းရယူထားသည့် ကျပ်သိန်းခြောက်သောင်း ရရှိခဲ့သည်။ ယာဉ်လိုင်းများ ပြေးဆွဲနေသည့် လမ်းကြောင်းများတွင် အများပိုင်ကုမ္ပဏီများ ဖွဲ့စည်းကာ ပြေးဆွဲစေခဲ့သည်။ ထို့ပြင် အချို့သော ယာဉ်လိုင်းများတွင်မူ ကုမ္ပဏီအဖြစ် ဖွဲ့စည်းထားခြင်း မရှိသေးဘဲ Operator အဖြစ် ပြုလုပ်ပြီး ပြေးဆွဲခဲ့သည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ YBS စနစ်အကောင်အထည် ဖော်ရာတွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ကို ဖွဲ့စည်းပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နာယကအဖြစ် တာဝန်ယူကာ ဥက္ကဋ္ဌအဖြစ် လျှပ်စစ်နှင့် စက်မှုလက်မှု လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က တာဝန်ယူခဲ့သည်။

လက်ရှိတွင် YBS စနစ်၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရင်းနှီးငွေ ထည့်ဝင်ထားသည့် ကုမ္ပဏီ နှစ်ခုအပါအဝင် ကုမ္ပဏီ ၂၅ ခု က ယာဉ်စီးရေ ၆၂၇၂ ဖြင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။

ယာဉ်လိုင်းများတွင် ပြေးဆွဲနေသည့် ယာဉ်များမှာ တစ်ရက်လျှင် ကျပ် ၄၀၀၀ နှုန်းဖြင့် YRTA သို့ စီမံခန့်ခွဲမှု စရိတ်အဖြစ် ပေးသွင်းရသည်။ ကောက်ခံမှု စတင်သည် ဟုဆိုသည့် ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၁၈ ခုနှစ် မတ် ၃၀ ရက်အထိ YBS ယာဉ်လိုင်းများမှ ပေးသွင်းငွေ ကျပ်သန်း ၆၁၇၂ ဒသမ ၄၃၂ ရရှိခဲ့သည်ဟု စာရင်းစစ်ချုပ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အစိုးရက ထည့်ဝင်ရင်းနှီးထားသည့် ငွေမှာ ကုမ္ပဏီနှစ်ခုတွင် ကျပ်ဘီလျံ ၇၀ ရှိပြီး ထွက်ပေါ်လာသည့် စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ဧရာဝတီဘဏ်မှ ကျပ်ရှစ်ဘီလျံ ချေးယူထားကြောင်း ဖော်ပြထားသည်။

ကနဦး ထည့်ဝင်ထားသည့် ကျပ်ဘီလျံ ၇၀ ဖြင့်  မော်တော်ယာဉ်များ ဝယ်ယူရာတွင် လုံလောက်မှုမရှိ ဟုဆိုကာ ထပ်မံချေးယူခဲ့ခြင်းဖြစ်သည်။

YBS ယာဉ်လိုင်းများတွင် ပြေးဆွဲမည့် မော်တော်ယာဉ် အစီးရေ ၁၀၀ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး တစ်စီးလျှင် Yutong အမျိုးအစားနှင့် Anaki အမျိုးအစား ယာဉ်များဖြစ်သည်။ တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၅၆၀၀၀ တန်ဖိုးရှိပြီး စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၅၆ သန်းကျော် ကုန်ကျခဲ့သည်။ ငွေလဲနှုန်း ၁၃၇၆ ကျပ်ဖြင့် တွက်ပါက ကျပ်သန်းပေါင်း ၇၇၀၀၀ ကုန်ကျခဲ့သည်ဟု စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဝယ်ယူရာတွင် တရုတ်နှင့် မြန်မာအစိုးရ အချင်းချင်း ဝယ်ယူမှုဖြစ်သည်။

အရှုံးအမြတ်များကို တွက်ချက်ရာတွင် ကုမ္ပဏီများက တင်ပြသည့် ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာရေးအတွက် အနှစ်ချုပ် စာရင်းများအရ ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YBPC) သည် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၄၉ ဒသမ ၃၄၄ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၁၀၉၂ ဒသမ ၅၂၀ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၂၉၃၈ ဒသမ ၉၃၉ သန်း အရှုံးပေါ်ခဲ့ကြောင်း၊ ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီ (YUPT) သည် ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၂၅ ဒသမ ၅၄၁ သန်း အမြတ်ရရှိသော်လည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၆၀၃ ဒသမ ၀၇၉ သန်း အရှုံးပေါ်ခဲ့ကြောင်း တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ပြောကြားသည်။

ဓာတ်ပုံ - ကြည်နိုင်

အလားတူ YBS နှင့်အပြိုင် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းတစ်ခုမှာ ကျောင်းကားဖြစ်သည်။ ကျောင်းကားအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ယခင် မ.ထ.သ စနစ်မှ လွှဲပြောင်းရယူခဲ့သည့် ငွေကြေးများအနက်မှ ကျပ်ငါးဘီလျံဖြင့် ကျောင်းကားများကို ဝယ်ယူခဲ့သည်။

သို့သော် လောက်ငှမှုမရှိ ဟုဆိုကာ ကမ္ဘောဇဘဏ်မှ ကျပ် ၅ ဒသမ ၅ ဘီလျံကို ထပ်မံချေးယူခဲ့သည်။ ကျောင်းကားများကို ကိုရီးယားနိုင်ငံ ဟွန်ဒိုင်းကုမ္ပဏီထံမှ အစီးရေ ၂၀၀ ဝယ်ယူခဲ့သည်။ တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၃၆၈၄၀ ကုန်ကျသည်။

သို့သော် ဝယ်ယူထားသည့် ကျောင်းကားအစီး ၂၀၀ တွင် ၅၆ စီးသာ ကျောင်းနှစ်ကျောင်းတွင် ပြေးဆွဲနိုင်ခဲ့ပြီး ကျန်ရှိသည့် ကျောင်းကားများမှာ လွှတ်တော်ဝင်းအတွင်း ရပ်နားထားရသည်ကို တွေ့ရသည်။

အဆိုပါ YBS ယာဉ်များ ဝယ်ယူရန်နှင့် ကျောင်းကားများ ဝယ်ယူရန် လိုအပ်သည့် ငွေကြေးများကို ပုဂ္ဂလိကဘဏ် နှစ်ဘဏ်မှ ချေးယူခဲ့ ရာတွင် လူတစ်ဦး တစ်ယောက်က ချေးယူထားကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

အစိုးရအဖွဲ့က လိုအပ်သည့် ငွေကြေးအား လွှတ်တော်သို့ အသိပေးခြင်း မရှိဘဲ မိမိသဘောဖြင့် မိမိ ချေးယူခြင်းမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ချိုးဖောက်ရာရောက်ကြောင်း နိုင်ငံရေး လေ့လာသူများနှင့် လွှတ်တော် ကိုယ်စားလှယ်များက ဆိုသည်။

“တော်တော်စိတ်ပျက်စရာ ကောင်းတယ်။ လုပ်နည်းလုပ်ဟန်တွေက လွဲနေတယ်” ဟု ကျောက်တံတားမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ဆိုသည်။

တိုင်းဒေသကြီး အစိုးရအနေဖြင့် ခွင့်ပြုငွေ မလုံလောက်၍ ထပ်မံလိုအပ်သဖြင့် အခြားမှ ချေးငွေယူရမည်ဆိုလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၃၀ အရ လွှတ်တော်သို့ တင်ပြအတည်ပြုချက် ယူရမည်ဖြစ်ကြောင်း၊ သို့သော် ဧရာဝတီဘဏ်နှင့် ကမ္ဘောဇဘဏ်တို့မှ ချေးငွေရယူထားခြင်းကို လွှတ်တော်၏ ခွင့်ပြုချက်မရှိကြောင်း ဒေါ်စန္ဒာမင်းက ပြောကြားခဲ့သည်။

ထို့ပြင် ကျောင်းကားများအတွက် လိုအပ်သည့် ငွေကြေးအား ချေး ယူရာတွင် မည်သူက ချေးယူထားသလဲ ဆိုသည်မှာ မေးခွန်းထုတ်ရမည့် အခြေအနေ ဖြစ်နေသည်။

ကျောင်းကားလုပ်ငန်း လုပ်ကိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရွှေလက် (Golden Hand) ဆိုသည့် ကုမ္ပဏီအား လုပ်ပိုင်ခွင့် ချထားပေးခဲ့သည်။ သို့သော် တစ်နှစ်ကျော်ကြာချိန်တွင် စီးပွားရေး တွက်ခြေကိုက်မှု မရှိဟုဆိုကာ အဆိုပါကုမ္ပဏီက ပြန်လည်အပ်နှံခြင်းကြောင့် ရန်ကုန်အစိုးရအဖွဲ့က အစားထိုး ပြေးဆွဲပေးမည်ဟု ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၂၂ ရက် မြောက်နေ့တွင် တိုက်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော် ဦးတင်ရှိန်၏ မေးခွန်းအား ဝန်ကြီး ဒေါ်နီလာကျော်က ပြန်လည် ဖြေကြားခဲ့သည်။

ယင်းကြောင့် ကျောင်းကားအတွက် ချေးငွေရယူရာတွင် ရန်ကုန် အစိုးရအဖွဲ့က ချေးယူခြင်းလား၊ ရွှေလက်ကုမ္ပဏီက ချေးယူခြင်းလား ဆိုသည်မှာ တိတိကျကျ မသိရှိသေးပေ။ အောက်တိုဘာ ၅ ရက်ကလည်း လွှတ်တော်သို့ လာရောက်ဖြေကြား သည့် YRTA ဥက္ကဋ္ဌ ဝန်ကြီး ဒေါ်နီလာကျော်မှာလည်း တိတိကျကျ ဖြေကြားနိုင်ခြင်း မရှိခဲ့ချေ။

ထို့ပြင် ကျောင်းကားနှင့် ပတ်သက်ပြီး တိတိကျကျ ဖြေဆိုနိုင်ခြင်း မရှိသည့်အပြင် ဝန်ကြီးဒေါ်နီလာကျော်၏ ဖြေကြားချက်မှာ ရှေ့နောက် လွဲနေကြောင်း ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဆိုသည်။

“လွဲတာကတော့ တော်တော်လွဲတယ်။ ရွှေလက်ကုမ္ပဏီက ဘယ်ကနေ ဝင်လာပြီး လုပ်သွားလဲ ဆိုတာကို ကိုယ်စားလှယ်တွေ ဂဃနဏ မသိရဘူး” ဟု ဦးကျော်ဇေယျက ဆိုသည်။

လွှတ်တော်တွင် ဝန်ကြီး ဒေါ်နီလာကျော်က ဖြေဆိုရာတွင် ချေးငွေကိစ္စနှင့် ပတ်သက်ပြီး တိတိကျကျ မသိသေးကြောင်း၊ ဘဏ္ဍာရေး တာဝန်ခံကို မေးမြန်းမှသာ ဖြေကြားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းကြောင့် ကျောင်းကားအတွက် ကမ္ဘောဇဘဏ်မှ ချေးယူ ထားသည့် ငွေမှာ မည်သူချေးယူထား မှန်းမသိသည့် ငွေများဖြစ်နေသည်။ ယင်းကြောင့် ပွင့်လင်းမြင်သာမှုနှင့် ပတ်သက်ပြီး မေးခွန်းထုတ်ရမည့် အခြေအနေ ဖြစ်နေသည်ကို တွေ့ရသည်။

လွှတ်တော်၏ အတည်ပြုချက် ရယူခြင်းမရှိ၊ လွှတ်တော်ကိုယ်စားလှယ်များကို ဆွေးနွေးခြင်းမရှိဘဲ ငွေချေးယူခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်မှာ မေးခွန်းထုတ်ရမည့် အနေအထား ဖြစ်သည်။

လမ်းဘေးဈေးသည် ၁၆၀၀ အတွက် ကျပ်သိန်းပေါင်း ၁၈၀၀၀ အသုံးပြုခဲ့ပြီး အောင်မြင်မှုမရသည့် လမ်းဘေးညဈေးတန်း

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရတက်ပြီး မကြာမီတွင် ရန်ကုန်ကမ်းနားညဈေးအား ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် ဈေးသည်ပေါင်း ၁၆၀၀ ကျော်ဖြင့် စတင်ဖွင့်လှစ်ခဲ့သည်။

ရန်ကုန်မြို့ လသာလမ်းရှိ လမ်းဘေးဈေးသည်များနှင့် ဆူးလေပတ်ဝန်းကျင်ရှိ လမ်းဘေးဈေးသည်များ အတွက် ရည်ရွယ်လုပ်ဆောင်ခဲ့ပြီး ကျပ်သိန်းပေါင်း ၁၈၀၀၀ ကျော် သုံးစွဲခဲ့သည်။

ညဈေးအတွက် ရေပေးဝေရေးစနစ်၊ အိမ်သာစနစ်၊ လျှပ်စစ်မီးရရှိရေး စသည့်လုပ်ငန်းများအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဦးဆောင်က၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ကမ်းနားလမ်း ညဈေးတွင် ဈေးဌာနမှ  ငွေလုံးငွေရင်း ကျပ်သန်း ၆၀၀ ကျော်နှင့် ရေသန့်ဌာနမှ ငွေလုံးရင်း ကျပ်သန်း ၉၀၀ ကျော် စုစုပေါင်း ကျပ်သန်း ၁၅၀၀ ကျော်သုံးစွဲထားပြီး အခြားသော ဌာနများကလည်း သုံးစွဲမှုများရှိသည်။

သို့သော် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာနှင့် စပ်လျဉ်းပြီး ရန်ကုန်မြို့ ညဈေးတန်း ကုန်ကျငွေအား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သို့သော် ညဈေးအကောင်အထည်ဖော်ရာတွင် ကုန်ကျငွေများကို အသေးစိတ် တင်ပြထားခြင်း မဟုတ်ဘဲ ငွေလုံးငွေရင်း ကုန်ကျငွေများကိုသာ ဖော်ပြထားခြင်းဖြစ်သည်။

“လမ်းဘေးဈေးသည် ၁၆၀၀ အတွက် အဲဒီငွေပမာဏ ကုန်ကျသွားတယ်ဆိုတာက တော်တော်အံ့အားသင့်စရာ ကောင်းတယ်။ အခုတော့ အောင်မြင်မှုရလား မရလားဆိုတာ မြင်တဲ့အတိုင်းပဲလေ” ဟု ကျောက်တံ တားမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ဆိုသည်။

လက်ရှိတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ကော်မတီများ၏ အခက်အခဲမှာ အစိုးရအဖွဲ့က ငွေစာရင်း ရှင်းလင်းမှုများနှင့် ပတ်သက်ပြီး မေးမြန်းရန် လိုအပ်သည့်အချိန်တွင် ဌာနများ၏ ပြန်လည်ဖြေကြားမှုကို မရရှိခြင်းပင်ဖြစ်သည်။

“အခု စာရင်းစစ် အစီရင်ခံမှာတော့ ငွေသုံးထားတဲ့ဟာတွေကို တွေ့ တာပေါ့။ ကျွန်တော်တို့ ပြည်သူ့ငွေ စာရင်းကလည်း အစီရင်ခံစာတွေ လွှတ်တော်ကို တင်တယ်။ တွေ့ရှိချက်တွေပေါ့။ အဲဒီမှာ ဘာအခက်အခဲဖြစ် လဲဆိုတော့ ကိုယ်စားလှယ်တွေက မေးစရာ ထပ်ရှိလာပြီဆိုရင် ဌာနတွေ ဘက်က ပြောခွင့်မရဘူး။ အဲဒီတော့ ကိုယ်စားလှယ်တွေ ထပ်သိချင်တာ တွေရှိလာတော့ မေးမရတော့ဘူး” ဟု ပြည်သူ့ငွေစာရင်းကော်မတီဥက္ကဌ ပုဇွန်တောင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့် လွင် (ခ) မောင်လွင်မွန်(ကသာ) က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ အောင်မြင်မှု မရှိသေးသည့် စီမံကိန်းတစ်ခုတွင် အပါအဝင်ဖြစ်သည့် ရန်ကုန်ညဈေးတန်းကြောင့် ပြည်သ့ဘဏ္ဍာငွေများ အလဟဿ ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

“ရန်ကုန်ညဈေးစီမံချက်မှာ ကျပ်သိန်းပေါင်း ၁၈၀၀၀ သုံးစွဲထား တာ တွေ့ရသော်လည်း မြေပြင်ကွင်း ဆင်းကြည့်တဲ့အခါမှာ ဘာကြောင့် ဒီလောက်ငွေကြေးတွေ ကုန်သွားရ ကြောင်း ဆက်စပ်လို့မရအောင် ဖြစ် ရပါတယ်။ ယင်းအတွက် ကုန်ကျစရိတ် ကျပ်သိန်း ၁၈၀၀၀ ကျော်ရဲ့ အသေးစိတ်စာရင်းကို မြို့တော်စည် ပင် တာဝန်ရှိသူများက လွှတ်တော်ကို အမြန်ဆုံးရှင်းလင်း တင်ပြပေးရန် လွှတ်တော်မှ တောင်းဆိုပါတယ်” ဟု မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးရန်ရှင်းက ဆိုသည်။

မြေပြင်အခြေအနေကို စူးစမ်းလေ့လာမှုမရှိဘဲ လုပ်ဆောင်ခြင်း၊ ပြည်သူ့ကိုယ်စားလှယ်များဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆွေးနွေးခြင်းမရှိဘဲ လုပ်ဆောင်ခဲ့ခြင်း မရှိသဖြင့် လက်ရှိရန်ကုန် ညဈေးတန်းမှာ ပျက်စီးနေပြီဖြစ်သည်။

ရန်ကုန်မြစ်ရေ မြင့်တက်ပါက ဈေးဆိုင်များအထိ ရေနစ်မြုပ်ခြင်း၊ လမ်းဘေးတွင် ရှိသဖြင့် ကွန်တိန်နာ ယာဉ်များ မကြာခဏ တိမ်းမှောက် ခြင်းနှင့် ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ရန်ကုန်ညဈေးမှာ အောင်မြင်မှု မရှိဘဲ ပြည်သူ့ဘဏ္ဍာငွေများ ဆုံးရှုံးခဲ့ပြီဖြစ်သည်။

“လုပ်နည်းလုပ်ဟန် တွေကလည်း မေးခွန်းထုတ်စရာတွေ ဖြစ်နေသလို လက်ရှိမှာလည်း အစ်မတို့ကတော့ ထောက်ပြဝေဖန်နေတုန်းပဲ” ဟု ဒေါ်ကြည်ပြာကဆိုသည်။

လက်ရှိအချိန်တွင် ဈေးသည်ပေါင်း ၂၀၀ ခန့်သာ ကမ်းနားလမ်း ညဈေးတွင် ရောင်းချလျက်ရှိသည်။

တိုးကောက်ထားတဲ့အခွန်၊ ၁၃၄ ဘီလျံနဲ့ အကြွေးတင်နေတဲ့ ရန်ကုန်အစိုးရရဲ့ စီးပွားရေး

ရန်ကုန်မြို့ ကမ်းနားလမ်း ညဈေးတန်းတွင် မိုးရွာပြီးနောက် ဈေးသည်များ ရေထဲတွင် ဈေးရောင်းနေရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စီးပွားရေး လုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်ရန်အတွက် ကျပ် ၁၃၄ ဘီလျံကို သုံးစွဲထားသည်။

ယင်း ၁၃၄ ဘီလျံမှာ Yangon Metropoliton Development Public Co., Ltd တွင် ၅၄ ဘီလျံ၊ New Yangon Development Co., Ltd တွင် ၁၀ ဘီလျံ၊ ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YBPC) တွင် ၃၅ ဘီလျံ၊ ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YUPT) တွင် ၃၅ ဘီလျံ စုစုပေါင်း ကျပ် ၁၃၄ဘီလျံကို ရင်းနှီးမြှုပ်နှံထားသည်ဟု စာရင်းစစ်ချုပ် အစီရင်ခံစာအရ သိရသည်။

ထို့ပြင် YBS ယာဉ်ဝယ်ယူရာ တွင် ငွေကြေးလုံလောက်မှု မရှိသဖြင့် ဧရာဝတီဘဏ်မှ ချေးယူထားသည့် ကျပ် ရှစ်ဘီလျံနှင့် ကျောင်းကားများ ဝယ်ယူရန် ကမ္ဘောဇဘဏ်မှ ချေးယူ ထားသည့် ကျပ်သန်း ၅၅၀၀ နှင့် ပေါင်းလိုက်မည်ဆိုပါက ရန်ကုန် တိုင်းအစိုးရအဖွဲ့၏ စီးပွားရေးလုပ် ငန်းများအတွက် ရင်းနှီးမြုပ်နှံထားမှု မှာ ကျပ် ဘီလျံ ၂၀၀ ကျော်ရှိလာပြီ ဖြစ်သည်။

ယင်းတို့အနက် ဘဏ်များမှ ချေးယူထားသည့် ငွေများသာမက ရင်းနှီးမြှုပ်နှံထားသည့် ကျပ် ၁၃၄ ဘီလျံမှာ တိုင်းဒေသကြီးလွှတ်တော် သို့ ပွင့်လင်းမြင်သာစွာချပြထားခြင်း မရှိသည့် ငွေကြေးများဖြစ်သည်။

ယခုထွက်ရှိလာသည့် တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ အစီရင်ခံ စာမှာလည်း အသေးစိတ် စစ်ဆေး နိုင်ခြင်းမရှိသေးသည့် အစီရင်ခံစာ ဖြစ်သည်။

အကြောင်းမှာ ကုမ္ပဏီပုံစံဖွဲ့ စည်းထားခြင်းဖြစ်သဖြင့် ပြင်ပစာ ရင်းစစ်အနေဖြင့်သာ စစ်ဆေးထား ခြင်းဖြစ်ပြီး ပြည်ထောင်စုစာရင်း စစ်ချုပ် ဥပဒေနှင့်အညီ တာဝန်ပေး အပ်လာပါက ပြန်လည်စစ်ဆေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စာရင်းစစ်ချုပ် ဒေါ်ခင် သန်းလှက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ပြောကြားထား သည်။

ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေပုဒ်မ ၂၅(င) အရ ပြည်ထောင် စု စာရင်းစစ်ချုပ်က ဖြစ်စေ၊ တိုင်း ဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်က ဖြစ်စေ၊ ဥပဒေနှင့်အညီ ပေးအပ် သည့် အခြားတာဝန်များထမ်း ဆောင်ခြင်း၊ ပုဒ်မ ၂၅ (စ)  သက်ဆိုင် ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည် နယ်အဆင့် အဖွဲ့အစည်းများ၊ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းများ၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများကို စစ်ဆေးရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်မှ တာဝန်ပေးအပ်ပါက စစ်ဆေး၍ တိုင်းဒေသကြီးသို့ မဟုတ် ပြည်နယ်လွှတ်တော်များသို့ အစီရင်ခံစာ တင်ပြခြင်း၊ ပုဒ်မ ၂၅ (ဇ) အရ နိုင်ငံပိုင် ရေ၊ လေ၊ မြေ၊ သယံဇာတများကို အသုံးပြုပြီး အကျိုးခံစားခွင့်ပေးသည့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည် နယ်အစိုးရအဖွဲ့နှင့် စာချုပ်ပုံစံအမျိုးမျိုး၊ နည်းစနစ် အမျိုးမျိုးဖြင့် ဖက်စပ်လုပ်ကိုင်ဆောင်ရွက်သည့် လုပ်ငန်းများ၏ လုပ်ငန်းနှင့် စာရင်း များကို လိုအပ်၍ တာဝန်ပေးအပ်လာပါ စစ်ဆေးခြင်းဟု ဖော်ပြထားသည်။

လက်ရှိထက် ပိုမိုတိကျသည့် စာရင်းများကို ရရှိလိုပါက သက်ဆိုင် ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များက တိုင်းဒေသကြီး စာရင်းစစ်ချုပ်အား တာဝန်ပေးအပ်ရန် လိုအပ်သည်။

အခြားတစ်ဖက်တွင်လည်း ယခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းသွားလာနေသည့် မော်တော် ယာဉ်ဘီးခွန်များကိုလည်း တိုးမြှင့်ကောက်ခံလျက်ရှိသည်။

မတ် ၂၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းခဲ့ သည့်  အခွန်အခဥပဒေကြမ်းမှာ အတည်ပြုခဲ့ပြီးနောက်တွင် ရန်ကုန် တိုင်းအတွင်းသွားလာနေသည့် မော် တော်ယာဉ်အများစုမှာ ဘီးခွန်အား တန်ချိန်ဖြင့် ကောက်ခံနေသည့် အစား အင်ဂျင်ပါဝါပေါ်မူတည်ကာ ပြောင်းလဲကောက်ခံခဲ့သည်။

ယင်းသို့ တိုးမြှင့်ကောက်ခဲ့ခြင်း ကြောင့် တိုင်းဒေသကြီးအစိုးရအနေ ဖြင့် ယခင်က တစ်နှစ်လျှင် ကျပ် နှစ် ဘီလျံခန့်မှ ခန့်မှန်း ၁၅ ဆခန့်အထိ တိုးကာ ကျပ်ဘီလျံ ၃၀ ခန့်အထိ ပိုမိုရရှိမည်ဖြစ်သည်။

ဘီးခွန်အနိမ့်ဆုံးနှုန်းထားပေး ရသည့် မော်တော်ဆိုင်ကယ်ဆိုလျှင် ယခင်က တစ်နှစ် ၉၃၅ ကျပ်သာ ရှိခဲ့သော်လည်း စနစ်သစ်တွင် အနိမ့်ဆုံးအဖြစ် တစ်ရက်ကျပ် ၁၀၀ နှုန်း ဖြင့် တစ်နှစ်အတွက် ၃၆၅၀၀ ကျပ် အထိ ကျသင့်မည်ဖြစ်သည်။

အင်ဂျင်ပါဝါဖြင့် ပြောင်းလဲ လိုက်သည့် စနစ်သစ်တွင်  ၆၆၀ စီစီ မှ ၁၃၀၀ စီစီအထိ တစ်ရက် ကျပ် ၁၅၀ သတ်မှတ်ထားသဖြင့် တစ်နှစ်လျှင် ကျပ် ၅၄၇၅၀ ကုန်ကျမည်ဖြစ်သည်။

တန်ချိန်အမြင့်ဆုံးယာဉ်များ ပေးဆောင်ခဲ့ရသည့် နှုန်းထားကို ကြည့်မည်ဆိုပါက  ၄၀၀၀ စီစီ အထက်ကို တစ်နှစ်ကျပ် ၂၀၄၀ ကောက်ခံရာကနေ အခုစနစ်သစ်မှာ ၄၃၀၁ စီစီအထက်ဆိုပါက တစ်ရက် ကျပ် ၃၀၀ နှုန်းဖြင့် တစ်နှစ်ကျပ် ၁၀၉၅၀၀ အထိ ပေးဆောင်ရ မည် ဖြစ်သည်။

ရန်ကုန်မြို့တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ ယာဉ် စီးရေ ၅၂၉၄၃၇ စီးရှိသဖြင့် မော် တော်ယာဉ်မှ အခွန်ရရှိမှုမှာ ကျပ် ဘီလျံ လေးဆယ်ခန့် တိုးမြင့်ရရှိမည် ဖြစ်သည်။

ယင်းသို့ တိုးမြင့်ရရှိလာသည့် အခွန်ငွေများကို မည်သည့် နေရာ တွင် သုံးစွဲခဲ့သည်ဆိုသည်ကိုပြည်သူ များအား ပွင့်လင်းမြင်သာစွာချပြရန် လိုအပ်လာမည်ဖြစ်သည်။

ဘဏ္ဍာရေး စည်းမျဉ်းစည်း ကမ်းများကိုကျော်လွန်ကာ လူပုဂ္ဂိုလ်အရ ချေးယူထားသည့် ငွေကြေးများ အား ပြန်လည်ပေးဆပ်ရန် လွှတ် တော်တွင် တာဝန်မရှိကြောင်း လွှတ် တော်ကိုယ်စားလှယ်များက စာရင်း စစ်ချုပ်အစီရင်ခံစာ ဆွေးနွေးမှုတွင် ပြောကြားထားကြသည်။

ယင်းကြောင့် ပြည်သူများထံမှ ရရှိသည့် အခွန်ငွေကြေးများကို ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးမပြုဘဲ ချေးငွေပေးဆပ်ခြင်းများတွင် အသုံးမပြုနိုင်စေရန် စောင့်ကြည့်ရမည်ဖြစ်သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖောက်ဖျက်နေသည့် ရန်ကုန်အစိုးရ ဖြေဆိုရမည့် မေးခွန်းများ

အသေးစိတ် စစ်ဆေးထားခြင်း မရှိသေးသည့် စာရင်းစစ်ချုပ် အစီရင်ခံစာ ထွက်ပေါ်လာပြီး နောက်ပိုင်းတွင် လွှတ်တော်ကိုယ်စားလှယ်များမှ ဝေဖန်မှုများ ဆက်တိုက်ထွက်ပေါ် လာခဲ့သည်ကို တွေ့ရသည်။

အများစု ဝေဖန်ထောက်ပြသည့် အကြောင်းအရာမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လွှတ်တော်သို့ တင်ပြခြင်း မရှိသည့် လုပ်ဆောင်မှုများဖြစ်သည်။

“အစီရင်ခံစာက အသေးစိတ် မကျသေးဘူး။ ထပ်သိရအောင် လုပ်ရဦးမယ်။ အခုထွက်လာတဲ့ အချိန်မှာ ဥပဒေနဲ့ မညီတာတွေ အများကြီးပဲ” ဟု ဦးကျော်ဇေယျက ဆိုသည်။

အလားတူ စီမံကိန်းများ လုပ်ဆောင်ရာတွင်လည်း လွှတ်တော်၏ သဘောထား မေးမြန်းခြင်း၊ ဆွေးနွေးခြင်းများ မရှိဘဲ လုပ်ဆောင်ခဲ့သည့် ဖြစ်စဉ်များလည်းရှိသည်။

ထင်ရှားသည့် သာဓက တစ်ခုမှာ YBS စနစ်စတင်ချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များအား ကြိုတင်အသိပေး ညှိနှိုင်းမှုများ ပြုလုပ်မှုမရှိခြင်း၊ ပုဂ္ဂလိကဘဏ်များမှ ချေးငွေရယူခြင်း၊ အမြန်လမ်းမကြီး သုံးမိုင်တစ်ဖာလုံ လှည်းကူးမြို့နယ်ရှိ ဧက ၁၄၀၀ ကျော်တွင် Eco Green City အိမ်ရာစီမံကိန်း အကောင်အထည်ဖော်ရန် ဆောင်ရွက်ခြင်း၊ ရန်ကုန်မြို့သစ် စီမံကိန်းနှင့် ပတ်သက်ပြီး လွှတ်တော်တွင် အသေးစိတ် ချပြနိုင်မှုမရှိခြင်း စသည်တို့ ဖြစ်သည်။

လက်ရှိတွင် သမ္မတရာထူး ရယူထားသည့် ဦးဝင်းမြင့်မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတာဝန် ထမ်းဆောင်စဉ်က ရန်ကုန်တိုင်းရှိ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံစဉ် စီမံကိန်းမှန်သမျှ လွှတ်တော်သို့ မဖြတ်ဘဲ အကောင်အထည်ဖော်ခွင့် မပြုနိုင်ကြောင်း ပြောကြားထားသည်။

ဖွဲ့စည်းပုံ ပြင်ဆင်မည်ဟု ကြွေးကြော်ကာ အာဏာရယူခဲ့သည့် အမျိုးသားဒီမိုကရေစီ အစိုးရလက်ထက်တွင် ပြင်ဆင်မှု မပြုနိုင်သေးသည့် ကာလတွင် ပြဋ္ဌာန်းချက်များကို လေးစားလိုက်နာရမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လက်ရှိလုပ်ကိုင် ဆောင်ရွက်နေမှုများမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ကျော်လွန်နေပြီး မေးခွန်းထုတ်စရာ များစွာကျန်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်းက ဆိုသည်။

“အခုတင်နေတဲ့အကြွေးကို ဘယ်သူကဆပ်မှာလဲ။ ကားတစ်စီး ၄၀၀၀ ပေးရတဲ့ငွေတွေက ဘယ်ရောက်နေလဲ။ စာရင်းထဲမှာ ကျန်နေတာ ဘယ်လောက်လဲ။ သုံးစွဲတာတွေကရော ဘယ်နေရာမှာလဲ။ အဲဒါတွေက မေးခွန်းတွေ မေးရမှာ ဖြစ်သလို အဂတိတွေ ကင်းရှင်းရဲ့လား ဆိုတာလည်း မေးရတော့မယ်” ဟု ဒေါက်တာဒေါ်ညိုညိုသင်းက ပြောကြားသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ငွေစာရင်း အစီရင်ခံစာမှာ ကျော်စောသတင်း ဖြစ်နေပြီဖြစ်သည်။ ကော်ထိုင်ခုံ တစ်လုံးလျှင် ကျပ် ခုနစ်သောင်းဟု ဖော်ပြထားခြင်းအား လွှတ်တော်ကိုယ်စားလှယ်က ဝေဖန်ထောက်ပြမှသာ စာရိုက်မှားယွင်းခြင်း ဖြစ်ကြောင်း အစိုးရအဖွဲ့က လွှတ်တော်တွင် ပြန်လည်ဖြေဆိုခဲ့သည်။

ယင်းကဲ့သို့ အခြေအနေများ တွင် ကွာဟနေသည့် ငွေကြေးများ မရှိစေရန် စာရင်းစစ်အဖွဲ့အား တာ ဝန်ပေးအပ်ရန် လိုအပ်သလို ကျော်စောသတင်းအဖြစ် သတ်မှတ်ကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အနေဖြင့်လည်း စောင့်ကြည့်ရမည့် အခြေအနေတစ်ခု ဖြစ်သည်။

“ပထမနှစ်မှာ မြတ်တယ်လို့ ပြောထားတယ်။ အခုဒီနှစ်မှာ ရှုံးနေတယ်လို့ပြောတဲ့ YBS က နောက်ကွယ်မှာ ဘာတွေရှိမလဲ။ အဲဒါကို စောင့်ကြည့်ရမယ်” ဟု ဒေါ်ညိုညိုသင်းက ပြောကြားသည်။

အလားတူ ဆုံးရှုံးသွားသည့် ဘဏ္ဍာငွေများအတွက် မည်သူက တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် လုပ်ဆောင်မည် ဆိုသည်မှာလည်း မေးခွန်းထုတ်ရမည့် အခြေအနေ ဖြစ်သည်။

 

Most Read

Most Recent