(၁) အချိန်ရရင် ရသလို အမေ ကြွပ်ကြွပ်အိတ်လေးတွေကို ခေါက်ပြီး သိမ်းနေတာ အမြဲတွေ့ရတတ်တယ်။ သုံးပြီးသားဆိုပေမဲ့ ပြန်ထည့်သုံးလို့ရတဲ့ အိတ်အသန့်လေးတွေပေါ့။ အဲဒီလို အိမ်နံရံမှာ ချိတ်ထားတဲ့ အိတ်တစ်လုံးထဲ လုံးထွေးစုထည့်ထားတဲ့ ပွရောင်းရောင်း ကြွပ်ကြွပ်အိတ်တွေကို ရှေ့မှာပုံပြီး အမေက အကြီးဆို အကြီး၊ အသေးဆို အသေး တစ်အိတ်ချင်း ပြန်စီတတ်တယ်။ အသစ်နီးပါး ခေါက်ရာမပျက် ဖြစ်နေတာလည်းရှိ၊ တွန့်ကြေနေတဲ့အိတ်တွေလည်း ရှိပေါ့။ အားလုံးကတော့ အိတ်အသန့်လေးတွေချည်းပါပဲ။ ဈေးဝယ်စင်တာတွေဆီကနေ၊ စူပါမတ်ကက်တွေ၊ ဈေးဆိုင်တွေဆီကနေ ပစ္စည်းထည့်ပေးလိုက်တဲ့ အိတ်တွေ၊ လက်ဆောင်ပစ္စည်း ထည့်ပေးလိုက်တဲ့ အိတ်တွေ၊ မုန့်ထည့်လာတဲ့ အိတ်ခွံအဟောင်းလေးတွေလေ။ ကြွပ်ကြွပ်အိတ်တွေ အိမ်ကိုပါလာတဲ့အခါ ပစ္စည်းကြီးကြီးမားမား ထည့်လာတဲ့ အိတ်အကြီးတွေကိုတော့ အိမ်သားတွေက ခေါက်ရာမပျက်ခင် ပြန်ခေါက်ပြီး ထည့်ထားတတ်ပေမယ့် တစ်ခါတလေ အချိန်မရတဲ့အခါ ဒီအတိုင်းပဲ ကြွပ်ကြွပ်အိတ်တွေ စုထားတဲ့ အိတ်ထဲကို အလွယ်တကူ လုံးထည့်ထားမိတတ်တယ်။ အဲဒါကို အမေက သူ အချိန်ရရင်ရသလို သေသေချာချာ ပြန်ခေါက်နေတတ်တာပါ။ နယ်ကို ပြန်ခါနီးအခါမျိုးတွေ ဆိုရင်တော့ တကူးတကကို ကြွပ်ကြွပ်အိတ်ဟောင်းလေးတွေ ထိုင်ခေါက်နေလေ့ ရှိပါတယ်။ နယ်ကိုပြန်ရင် သူနဲ့တစ်ပါတည်း သယ်သွားလို့ရအောင်ပေါ့လေ။
အိမ်မှာ အမှိုက်ပစ်တဲ့တောင်းနှစ်လုံး ရှိတယ်။ တစ်လုံးက အိမ်အခန်းထဲမှာထားတဲ့ တံမြက်စည်းလှည်းတုန်းက ဖုန်တွေ၊ ပစ္စည်းအဟောင်း အကျိုးအပဲ့တွေနဲ့ စက္ကူစုတ်တွေ ဘာတွေလိုထည့်လို့ရတဲ့ အမှိုက်တောင်းပါ။ နောက်တစ်လုံးကတော့ မီးဖိုချောင်ထဲမှာ စားကြွင်းစားကျန်တွေနဲ့ မီးဖိုချောင်သုံး အမှိုက်တွေထည့်ဖို့ နောက်ဖေးအိမ်နံရံထောင့်မှာ ထားထားတယ်။ ဈေးက ဝယ်လာတဲ့ ဟင်းချက်စရာတွေကို ဆေးကြောသန့်စင်ပြီးတာနဲ့ အမေကတော့ ပိုတဲ့အမှိုက်တွေကို အသားငါးထည့်ပေးလိုက်တဲ့ အိတ်အစိုထဲ တစ်ခါတည်း စုထည့်ချည်နှောင်ပြီး အမှိုက်တောင်းထဲ ထည့်လေ့ရှိပါတယ်။ တစ်ခါတည်း စုချည်ထားတဲ့အခါ ဝန်လည်းကျုံ့သွားသလို ပုရွက်ဆိတ်တို့၊ ကြွက်တို့ သောင်းကျန်းမှာလည်း မပူရတော့ဘူးပေါ့။ တစ်ခါတစ်ခါ အဲဒီစိုစိစိုဖတ် အိတ်လေးတစ်လုံးတည်းကိုပဲ အမှိုက်ပုံသွားပစ်ချင် ပစ်နေပြန်ရော။ “အမေရာ အိတ်အကြီးထဲစုထည့်ပြီးမှ ပစ်ပါလား” ဆိုတော့ “သွားပစ်ရတာ ဘာပင်ပန်းတာမှတ်လို့။ အိတ်အကြီးထဲလည်း နေရာစားသက်သာ အမှိုက်စိုတွေဆိုတော့ အနံ့အသက်လည်း မကောင်းဘူးလေ။ လူပင်ပန်းတာထက် အကုန်အကျ သက်သာ ရောဂါကင်းတာပေါ့” တဲ့။
(၂) ငယ်ငယ်တုန်းက ကြွပ်ကြွပ်အိတ်တွေ အိမ်ကို စရောက်လာတဲ့အချိန်ကို အမှတ်ရမိသေးတယ်။ အဲဒီမတိုင်ခင်က ဈေးသွားတဲ့အခါ ဈေးခြင်းတောင်းထဲ အင်ဖက်တွေနဲ့ ထည့်သယ်ခဲ့ကြ၊ မုန့်ဝယ်တဲ့အခါ အိမ်ကနေချိုင့်ကို တစ်ပါတည်း သယ်သွားကြရတာလေ။ ကြွပ်ကြွပ်အိတ်တွေ စပေါ်စတုန်းကဆို အထူးအဆန်းပေါ့။ ပေါ့ပေါ့ပါးပါး ထည့်သယ်လို့လည်းရ၊ ဈေးပေါပေါနဲ့ အလွယ်ဝယ်လို့ရနေတော့ အမေတို့၊ အဘွားတို့ အကြိုက်တွေ့ခဲ့သေးတာပေါ့။ ဒါပေမဲ့ သိပ်တော့မကြာလိုက်ဘူး။ ကြွပ်ကြွပ်အိတ်တွေကို ချွေတာသုံးလာတာ တွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလွယ်တကူ ပျောက်ပျက်မသွားဘဲ ပိုပြီးအမှိုက်ရှုပ်လို့တဲ့။ အဲဒီတုန်းက အမှိုက်ပစ်ချင်တဲ့အခါ မြို့ပြင်က အမှိုက်ပုံလို နေရာမျိုးတွေရောက်အောင် တကူးတက သွားပစ်ကြရတာ။ အဲဒီတော့ အမှိုက်မပစ်နိုင်သေးတဲ့အချိန်ဆို ခြံဝင်းထဲမှာတင် အလွယ်တကူပဲ ပုံထားတတ်ကြတယ်။ ကြွပ်ကြွပ်အိတ်တွေကို အစတုန်းကတော့ အမှိုက်တွေ စုပုံမီးရှို့တဲ့အခါ ရောရှို့တတ်ကြတာပေါ့။ မီးမွှေးတဲ့အခါ မီးစွဲအောင် ကြွပ်ကြွပ်အိတ်တွေ စုမွှေးတတ်ကြတယ်လေ။ ဒါပေမဲ့ ကြွပ်ကြွပ်အိတ်မီးရှို့တဲ့အနံ့က တော်တော့်ကိုဆိုးတာ မဟုတ်လား။ ကြာတော့ မခံနိုင်တော့ဘူး။ နောက်တစ်မျိုး စဉ်းစားကြရတော့တယ်။ အဲဒါ ဘာလဲဆိုတော့ တချို့အိတ်တွေကို ဆေးပြီးပြန်သုံးတာပါပဲ။ ရှေးလူကြီးတွေ ထုံးစံအတိုင်း ကြွပ်ကြွပ်အိတ်အသေးလေးပဲဖြစ်ပါစေ အလေအလွင့် အဖြစ်မခံဘဲ ပြန်သုံးတတ်တယ်။
ခြံထောင့်က ဗာဒံပင်အောက်မှာ သစ်ရွက်ကြွေသစ်ရွက်ခြောက်တွေ တံမြက်စည်းလှည်းပြီး ပုံထားတတ်တဲ့ မြေဆွေးပုံတစ်ပုံ ရှိတယ်။ အမှိုက်ပုံမှာ သွားပစ်ရမယ့် အမှိုက်တွေကတော့ အမှိုက်တောင်းထဲ သက်သက်ထည့်ပေါ့။ တချို့အမှိုက်တွေက ကြာတဲ့အခါ မြေဆွေးဖြစ်သွားတတ်တယ် မဟုတ်လား။ ဒါကြောင့်မို့ လူကြီးတွေက အမှိုက်တွေ အများကြီးလည်း သွားမပစ်ရအောင် မြေဆွေးဖြစ်မယ့်အမှိုက် တကယ်ပစ်ရမယ့်အမှိုက်ဆိုပြီး ခွဲထားလေ့ရှိတယ်။ သစ်ရွက်ခြောက်တို့ ဘာတို့က ကြာရင် မြေဆွေးဖြစ်သွားတော့ အပင်စိုက်လို့ကောင်းတယ်လေ။ ဒါကြောင့် လှည်းကျင်းပြီးရင် တစ်နေရာမှာ အဲဒီလိုပဲ ပုံထားတတ်ကြတာ လူကြီးတွေရဲ့ စနစ်ကျမှုတွေ ပါပဲ။ တစ်ခါတစ်ခါ ကြွပ်ကြွပ်အိတ်တွေက အဲဒီအမှိုက်ပုံထဲရောပြီး ပါသွားတတ်တယ်။ ကျန်တဲ့အမှိုက်တွေက မြေသြဇာမြေဆွေး ဖြစ်သွားပေမယ့် ကြွပ်ကြွပ်အိတ်တွေကတော့ မြေကြီးတွေကြားထဲမှာ ဒီအတိုင်း ရှိနေတာပေါ့။ မြေဆွေးကျုံးတဲ့အခါ အဲဒီကြွပ်ကြွပ်အိတ်တွေ ဖယ်ရတာကလည်း အပိုအလုပ်တစ်ခုပါပဲ။ ကြွပ်ကြွပ်အိတ်တွေ အပင်စိုက်တဲ့အထဲ ပါသွားရင် အပင်တွေက သိပ်မဖြစ်ထွန်းဘူးဆိုတာ သတိထားမိကြတာလည်း ပါမှာပေါ့။ မြေကြီးထဲမှာ နှစ်ပေါင်းများစွာ မပျက်မစီး ရှိတတ်တဲ့ ကြွပ်ကြွပ်အိတ်တွေအကြောင်းကို လူကြီးတွေက သူ့နည်းသူ့ဟန်နဲ သတိထားမိခဲ့ကြတာပါ။ တစ်ခါတလေ ရေမြောင်းဖော်လို့ ဆယ်ထားတဲ့နုန်းတွေထဲမှာလည်း ကြွပ်ကြွပ်အိတ်တွေက ပါလာတာပါပဲ။ အမှိုက်ပုံ မီးရှို့တဲ့အခါ ကြွပ်ကြွပ်အိတ်ကို လောင်တဲ့အနံ့က ဘယ်လိုမှ ခံလို့မရတတ်ဘူး။ အဲဒီလို ဒုက္ခပေးတတ်လွန်းလို့ ကြွပ်ကြွပ်အိတ်တွေကို ချွေတာသုံးရမယ်ဆိုတာ လူကြီးတွေ ပိုသတိထားမိလာတာဖြစ်မှာပါ။ အခုလို သဘာဝပတ်ဝန်းကျင် အသိတရားတွေ ဘာတွေ မကြားဖူးခင် အချိန်ကတည်းကပေါ့လေ။
(၃) ရန်ကုန်ကိုရောက်တော့ အထင်နဲ့အမြင် တက်တက်စင်အောင်ကို လွဲခဲ့တော့တာပါပဲ။ ရန်ကုန်မြို့ကြီးဆိုတာ တကယ်ကို သန့်ရှင်းသာယာတဲ့ မြို့ကြီးလို့ ထင်ထားခဲ့တာကိုး။ ဒါပေမဲ့ အဲဒီအမှိုက်တွေနဲ့ပဲ စပြီးပတ်သက်ခဲ့ရတယ်။ ရေမြောင်းထဲမှာ ပိတ်နေတဲ့အမှိုက်တွေ၊ နောက်ဖေးလမ်းကြားမှာ စုပုံနေတဲ့ အမှိုက်တွေ၊ လှေကားမှာ ရှုပ်ပွနေတဲ့ အမှိုက်တွေ ဆိုတာလေ။ အမှိုက်ဆိုတာ စွန့်ပစ်ရတယ် ဆိုပေမဲ့ အမှိုက်ပုံလိုနေရာမျိုးမှာ မဟုတ်ဘဲ လမ်းပေါ်မှာ အလွယ်တကူ စွန့်ပစ်နေကြတယ်။ နောက်ဖေးလမ်းကြားထဲကို တိုက်ခန်းပေါ်ကနေ အလွယ်တကူ ပစ်ချနေကြတယ်။ လက်ထဲက လွတ်ထွက်သွားရင် ပြီးရောလို့ ထင်နေကြသလား မသိပါဘူး။ ရန်ကုန်မြို့မှာ အပေါများဆုံးက လူတွေမှ မဟုတ်တာ။ လူတွေ စည်းကမ်းမရှိဘဲ စွန့်ပစ်လိုက်တဲ့ အမှိုက်တွေ ဖြစ်နေခဲ့တယ်။ အဲဒီထဲကမှ ကြွပ်ကြွအိတ်တွေက အများဆုံး ဖြစ်နေပြန်တယ်လေ။ အဲဒီလို ရန်ကုန်မြို့ နေရာအနှံ့မှာ အလွယ်တကူ စွန့်ပစ်ထားတာ ကြွပ်ကြွပ်အိတ်တွေချည်းပေါ့။ တစ်ခါတစ်ခါဆို သုံးလို့ရသေးတဲ့ အိတ်အကောင်းတွေ အထပ်လိုက် အမှိုက်ပုံထဲ အံ့သြစရာကောင်းလောက်အောင် တွေ့ရတတ်ပြန်သေးတယ်။ ရန်ကုန်က နေရာကျဉ်းကျဉ်း တိုက်ခန်းတွေထဲမှာတော့ ကြွပ်ကြွပ်အိတ်တွေဟာ တစ်ခါသုံးတစ်ရှူးတွေလို ဖြစ်နေသလားမသိဘူး။ လမ်းထိပ် စူပါမတ်ကက်ထဲ ဈေးသွားဝယ်တာနဲ့ အလွယ်တကူ ရလာတတ်ကြတာဆိုတော့ အလွယ်ပဲ ပစ်တတ်ကြတာပေါ့။ ဈေးဆိုင်တွေ ဈေးဝယ်စင်တာတွေမှာလည်း ပစ္စည်းဝယ်တိုင်း အဲဒီအိတ်တွေနဲ့သာ ထည့်ပေးတတ်ကြတာ မဟုတ်လား။ နေ့စဉ်နဲ့အမျှ အိမ်ထဲမှာပိုနေတဲ့ ကြွပ်ကြွပ်အိတ်တွေဟာ အမှိုက်တွေလို့ သတ်မှတ်ခံရပြီး သစ်သစ်ဟောင်းဟောင်း အမှိုက်ပုံးထဲကိုသာ အလွယ်တကူနဲ့ မြန်မြန်ဆန်ဆန် ရောက်သွားပါတော့တယ်။
အမှိုက်တွေကို ကိုယ့်အနီးအနား ပတ်ဝန်းကျင်မှာ မမြင်ချင်ဘူးဆိုပေမဲ့ ကြာလာတော့ တစ်ယောက်တည်း လုပ်နိုင်တဲ့အလုပ်မျိုး မဟုတ်ဘူးဆိုတာ သိသွားခဲ့တယ်။ မြို့ထဲ တိုက်ခန်းမှာ နေစဉ်တုန်းကဆို ပတ်ဝန်းကျင် သန့်ရှင်းဖို့အတွက် စိတ်လိုလက်ရ လုပ်ခဲ့မိပါသေးတယ်။ တိုက်သစ်ကို ပြောင်းလာကာစ သန့်သန့်ရှင်းရှင်းလေး နေချင်ထိုင်ချင်တဲ့စိတ်နဲ့ပေါ့လေ။ ဒါပေမဲ့ အချည်းနှီးဖြစ်ခဲ့တာပါပဲ။ အောက်ထပ်အခန်းက လူမနေတော့ တိုက်ရှေ့မှာ တချို့ကလည်း အမှိုက်တွေ လာပုံတတ်ကြတယ်။ ခဏနေ တိုက်ပေါ်က အညစ်အကြေးတွေ သွန်ချပြန်ပြီ၊ အမှိုက်တွေ ပစ်ချပြန်ပြီ။ ညဘက်ဆို နောက်ဖေးလမ်းကြားထဲကို တိုက်ပေါ်က အမှိုက်ထုပ်တွေ ပစ်ချတဲ့ အသံက ဘုတ်ခနဲ ဘုန်းခနဲပဲ။ ဘယ်လောက်များ စည်းကမ်းမဲ့လိုက်တဲ့ လူတွေလဲလို့လေ။ လမ်းကြားထဲ အမှိုက်ပစ်တဲ့သူကလည်း ပစ်၊ စည်ပင်ဆိုတာကလည်း အမှိုက်တွေ ပြည့်လာမှ တစ်ခန်းဘယ်လောက် ကျသင့်ပါတယ်ဆိုပြီး လမ်းကြားက အမှိုက်တွေ လာကောက်တတ်ပါတယ်။ အဲဒီလို နောက်ဖေးလမ်းကြားက အမှိုက်တွေကို နောက်ဖေးလမ်းကြားမှာပဲ ရေနုတ်မြောင်းနှုတ်ခမ်းပေါင်ပေါ် ကောက်တင်လိုက်ရုံ၊ အမှိုက်တွေတစ်ခါ ပုံလာလိုက် ရှင်းလိုက် လုပ်နေရုံလောက်နဲ့တော့ စည်းကမ်းပျက်တဲ့ သံသရာက လွတ်မှာမဟုတ်ပါဘူး။
(၄) ကြွပ်ကြွပ်အိတ်ရဲ့ ဆိုးကျိုးတွေအကြောင်း သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ကို ဘယ်လောက်အထိ ထိခိုက်ပျက်စီးစေတယ်ဆိုတဲ့အကြောင်း ပညာရှင်တွေ သတိမပေးခင်အချိန် ဟိုးတုန်းကတည်းကိုက လူကြီးတွေဟာ သူတို့အသိဉာဏ်၊ အတွေ့အကြုံ ရင့်ကျက်မှုတွေနဲ့အတူ စဉ်းစားဆင်ခြင်မိခဲ့ကြတာပေါ့။ ကိုယ်တွေ ငယ်ငယ်ကတည်းက အမှိုက်တွေကိုလည်း စနစ်တကျ စွန့်ပစ်တတ်ဖို့ လေ့ကျင့်ပေးခဲ့ကြတာပါ။ ဒါပေမဲ့ အားလုံးဟာ တစ်ကိုယ်ရည်အတ္တတွေနဲ့အတူ စည်းကမ်းကို လျစ်လျူရှုလာတဲ့အခါ မလိုလားအပ်တာတွေ ဖြစ်ခဲ့ကြတာပါပဲ။ အမှိုက်ပုံကြီး ရက်သတ္တပတ်လောက် မီးလောင်တော့မှ အလန့်တကြား ဖြစ်ကြရသလိုမျိုး၊ ရေနုတ်မြောင်းတွေ ပိတ်ပြီး လမ်းပေါ် ရေကျော်လာတော့မှ အရေးပေါ် သတိပြုမိကြသလိုပါပဲ။ အမှိုက်တွေကို စွန့်ပစ်တဲ့သူကတော့ စွန့်မှာပဲပေါ့။ အချိန်မီကောက်တဲ့သူကကောက်ပေါ့ လို့ဆိုပေမဲ့ အစကတည်းက စနစ်တကျ စွန့်ပစ်တတ်ရင် ပိုမကောင်းဘူးလားလို့ စဉ်းစားနေမိတာပါ။ ကြွပ်ကြွပ်အိတ်တွေ လျှော့ချသုံးစွဲဖို့ သတိပေးကြပေမဲ့ ဈေးသက်သက်သာသာနဲ့ ပေါပေါများများ မရအောင် ထုတ်လုပ်မှုကိုပါ စည်းစနစ်နဲ့ ထိန်းချုပ်ထားမယ်ဆိုရင် တန်ဖိုးမြင့်ပြီး ရှားလည်းရှားသွားမယ်။ အလွယ်တကူ ပစ်တတ်တဲ့အကျင့်ကိုလည်း အတန့်အသင့်တော့ ဆင်ခြင်ပြီးသား ဖြစ်သွားမယ်လို့ ထင်တာပေါ့လေ။
အိမ်မှာ အမေကတော့ အားရင်အားသလို ကြွပ်ကြွပ်အိတ် အဟောင်းလေးတွေကို သေသေချာချာခေါက်ပြီး သိမ်းနေတုန်းပါပဲ။ နယ်က အဘွားရဲ့ ကုန်စုံဆိုင်လေးမှာ ဝယ်သူကို ထုပ်ပေးလို့ရအောင်ပေါ့။ ပစ္စည်းထည့်ပေးဖို့အတွက် တကူးတက ကြွပ်ကြွပ်အိတ်တွေ မဝယ်ရတော့သလို ကြွပ်ကြွပ်အိတ်အသစ်တွေ အပိုမကုန်တော့ဘူးလေ။ အဲဒါကလည်း သူတတ်နိုင်သလောက် သူ့ထောင့်ကနေ ကမ္ဘာမြေကြီးကို စိမ်းလန်းအောင် အကျိုးပြုနေတာပဲ မဟုတ်လား။ သူကိုယ်တိုင် သတိမထားမိတာမျိုးပဲ ဖြစ်ဖြစ်ပေါ့လေ။ အားလုံး အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ပြီး ကြွပ်ကြွပ်အိတ်တွေကို ချွေတာသုံးတတ်မယ်ဆိုရင် အခုထက်ပိုပြီး ကမ္ဘာကြီးဟာ ပိုပျော်စရာကောင်းမှာတော့ အမှန်ပါပဲ။