ရောမသဘောတူစာချုပ် R2P နှင့် ကြက်ဥအရောင် တိမ်တောင်သဖွယ် (၂)

ရောမသဘောတူစာချုပ် R2P နှင့် ကြက်ဥအရောင် တိမ်တောင်သဖွယ် (၂)
Published 27 September 2018

နယူးယောက်ရှိ ကုလသမဂ္ဂတွင်ပြုလုပ်သည့် (၇၃) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပနေသည်ကို စက်တင်ဘာ ၂၅ ရက်က တွေ့ရစဉ် (Photo: AFP)

လူ့ဘုံခန်းဝါ၊ မျှော်လင့်ချက်၊ သောကနှင့် ပိုင်းဖြတ်မှု

စင်စစ် ရောမသဘောတူစာချုပ်သည် ယဉ်ကျေးသော လူ့အဖွဲ့အစည်း၏ ရိုင်းစိုင်းသော သမိုင်းအတွေ့အကြုံများကို ပေါင်းရုံး သုံးသပ်ချက်ပင်ဖြစ်သည်။ စိုးရိမ်ပူပန်မှု၊ နောင်တတရားနှင့် မျှော်လင့်ချက်တို့ကို ရောမစာချုပ်နိဒါန်းတွင် ညွှန်းဆိုထားသည်။

“လူသားမျိုးနွယ်မှန်သမျှ အမွေဆက်ခံခဲ့သည့် ဘုံနှောင်ကြိုးဖြင့် စည်းနှောင်ထားသည့် လူမျိုးနွယ်တို့၏ ယဉ်ကျေးမှုများမှာ ဆက်စပ်လျက် ရှိပါသည်။ လူ့ဘုံလောကကြီး၏ ဤနူးညံ့သိမ်မွေ့လှသော ရောင်စုံပြိုးပြက် ယဉ်ကျေးမှုသည် အချိန်မရွေး ပြိုလဲပျက်စီးသွားနိုင်သည်။

ဤရာစုအတွင်း သန်းပေါင်းများစွာသော ကလေးများ၊ မိန်းမများ၊ ယောကျ်ားများတို့သည် စဉ်းစားတွေးချင့်နိုင်ဖွယ်မရှိသည့် နိုင်ထက်စီးနင်းပြုမှုများ၏ သားကောင်ဖြစ်ခဲ့ကြရပြီ။ ဤအဖြစ်အပျက်ကြီးက လူသားမျိုးနွယ်တို့၏ ဆင်ခြင်တုံတရားတို့ နက်ရှိုင်းစွာ တုန်လှုပ်ချောက်ချားစေခဲ့သည်။ ယင်းသို့သော ကြေကွဲဝမ်းနည်းဖွယ် ရာဇဝတ်မှုကြီးများက ကမ္ဘာကြီး၏ ငြိမ်းချမ်းရေး လုံခြုံမှုနှင့် ကောင်းကျိုးချမ်းသာကို ခြိမ်းခြောက်လျက် ရှိနေပေသည်။

အလွန်ဆိုးရွား ပြင်းထန်လှသည့် ရာဇဝတ်မှုကြီးများကို ကျူးလွန်ခဲ့ကြသူများအား ကင်းလွတ်ခွင့် မပြုရန်၊ ယင်းအပြစ်သားတို့အား အမျိုးသားနိုင်ငံများနှင့် နိုင်ငံတကာ လူ့အသိုက်အမြုံမှ ပူးပေါင်းစီရင်ပြစ်ဒဏ်ခတ်ရန် ကျွနု်ပ်တို့ အတည်ပြုသည်။

“ဤရာဇဝတ်သားတို့၏ ပြစ်မှုများကို လျစ်လျူမရှုရန်နှင့် နောက်နောင် ဤသို့သော ရာဇဝတ်မှုကြီးများ ပေါ်ပေါက်ခြင်းမရှိစေရန် ပူးပေါင်းတားမြစ်ကြမည်”

ရောမစာချုပ်၏ နိဒါန်းတစ်စိတ်တစ်ပိုင်းအဖြစ် ဖော်ပြခဲ့သည့် ဤစာပိုဒ်များက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ပေါ်ထွန်းလာစေရန် စေ့ဆော်ချက်များဖြစ်သည်။

စီရင်ပိုင်ခွင့်ဆိုင်ရာ မူသဘောတရား (Jurisdiction ratione temporis)

ရောမစာချုပ် အပိုဒ် ၁၁ တွင် ဤမူသဘောတရားကို အောက်ပါအတိုင်း ပြဋ္ဌာန်းထားသည်။

အပိုဒ် ၁၁ - (၁) ရောမသဘောတူစာချုပ် စတင်အသက်ဝင်သည့်နေ့နှင့် နောက်ပိုင်းတွင်သာ အိုင်စီစီတွင် စီရင်ပိုင်ခွင့်အာဏာ သက်ရောက်သည်။

(၂) အမျိုးသားနိုင်ငံတစ်ခုက ဤစာချုပ်၏ အဖွဲ့ဝင်အဖြစ် မှတ်ပုံတင်သွင်းမှု ပြီးမြောက်သည့်အခါမှ အိုင်စီစီ၏ စီရင်ပိုင်ခွင့် စတင်အကျိုးသက်ရောက်သည်။ သို့တည်းမဟုတ် ယင်းအမျိုးသားနိုင်ငံက အပိုဒ် ၁၂ စာပိုဒ် ၃ အရ ကြေညာချက် ပြုလုပ်သည့်အခါမှသာ စီရင်ပိုင်ခွင့်ရှိသည်။

စီရင်ပိုင်ခွင့်အတွက် ကြိုတင်လိုအပ်ချက်များ (Preconditions to the exercise of jurisdiction)

အပိုဒ် ၁၂ (၁) အဖွဲ့ဝင်နိုင်ငံများသည် အပိုဒ် ၅ ပါ ရာဇဝတ်မှုကြီးများနှင့် ပတ်သက်၍ အိုင်စီစီ၏ စီရင်ပိုင်ခွင့်ကို လက်ခံရသည်။

(၂) အပိုဒ် ၁၃ အပိုဒ်ခွဲ (က) သို့မဟုတ် (ဂ) တို့အတွက် တစ်နိုင်ငံ (သို့မဟုတ်) နိုင်ငံအများက အဖွဲ့ဝင်နိုင်ငံများဖြစ်သည့်အခါ (သို့မဟုတ်) ယင်းတို့က အပိုဒ် ၃ ပါ အချက်များနှင့်အညီ အိုင်စီစီ၏ စီရင်ပိုင်ခွင့်ကို အသိအမှတ်ပြုသည့်အခါ

(က) အချင်းဖြစ်ပွားသည့်ဒေသတည်ရှိရာ အမျိုးသားနိုင်ငံ (သို့မဟုတ်) ကျူးလွန်မှုသည် ရေယာဉ်တစ်ခုပေါ်တွင် (သို့မဟုတ်) လေယာဉ်တစ်စီးပေါ်တွင် ဖြစ်ပွားသည့်အခါ ယာဉ်မှတ်ပုံတင်သွင်းရာနိုင်ငံ။

(ခ) ပြစ်မှုကျူးလွန်သည့်နိုင်ငံ

စီရင်ပိုင်ခွင့်ကျင့်သုံးနိုင်သည့် အခြေအနေ (Exercise of jurisdiction)

အပိုဒ် ၁၃ - ဤစာချုပ်အပိုဒ် ၅ တွင် ဖော်ပြထားသည့် ပြစ်မှုကြီးများနှင့် ပတ်သက်၍ အိုင်စီစီတွင် အောက်ပါအခြေအနေများ၌ စီရင်ပိုင်ခွင့်ရှိသည်။

(က) - အပိုဒ် ၅ ၌ ညွှန်းဆိုထားသော ပြစ်မှုကြီးတစ်ခု (သို့မဟုတ်) တစ်ခုထက်ပိုသော အမျိုးအစားများ ကျူးလွန်ခံရကြောင်း အဖွဲ့ဝင်နိုင်ငံတစ်ခုက အပိုဒ် ၁၄ နှင့်အညီ အိုင်စီစီ တရားစွဲအဖွဲ့အစည်းသို့ လျှောက်ထား တင်ပြလာသည့်အခါ

(ခ) အဆိုပါ ပြစ်မှုတစ်မျိုး (သို့မဟုတ်) ယင်းထက်ပိုသော အမျိုးအစားများ ကျူးလွန်နေကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ (UNSC) က ကုလသမဂ္ဂပဋိညာဉ်စာတမ်း အခန်း(၇)နှင့်အညီ အိုင်စီစီ တရားစွဲအဖွဲ့အစည်းသို့ လွဲှအပ်ညွှန်ကြားသည့်အခါ

(ဂ) ဤစာချုပ်အပိုဒ် ၁၅ နှင့်အညီ ရာဇဝတ်မှုတစ်ခုကို အိုင်စီစီတရားစွဲ အဖွဲ့အစည်းတစ်ခုက စုံစမ်းမှု စတင်သည့်အခါ။

ဥပဒေပျော့ကွက်လား ဖြတ်ထုံးသစ်လား

အထက်ပါ ပြဋ္ဌာန်းချက်များအရ အနောက်တံခါးအရေးကိစ္စမှာ အဓိက အမှုသည် ဖြစ်သည့်မြန်မာနိုင်ငံသည် ရောမသဘောတူစာချုပ် အဖွဲ့ဝင်နိုင်ငံမဟုတ်၊ တိုင်ကြားသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။ စွပ်စွဲထားသည့် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည့် ရာဇဝတ်မှုကြီးများ ဖြစ်ပွားသည်မှာ မြန်မာနိုင်ငံ၏ ပိုင်နက်အတွင်း ဖြစ်သည်။ သို့ဖြစ်ရာ ရောမစာချုပ်အရ တိုင်ကြားခွင့်ရှိသည်မှာ အဓိကအားဖြင့် မြန်မာနိုင်ငံသာ ဖြစ်သည်။ သို့သော် မြန်မာက အဖွဲ့ဝင်နိုင်ငံမဟုတ်။ ထို့အပြင် အိုင်စီစီ၏ စီရင်ပိုင်ခွင့်ကို စာချုပ်အပိုဒ် ၄(၂)အရ အထူး သဘောတူညီချက်ဖြင့် လက်ခံကြောင်း ကြေညာထားသည့် နိုင်ငံမဟုတ်သရွေ့ အိုင်စီစီ စီရင်ပိုင်ခွင့် မရှိ။

ဤအခြေအနေတွင် မကြာသေးမီက ၆-၉-၂၀၁၈ ရက်နေ့က အိုင်စီစီ တရားစွဲအဖွဲ့အစည်းသည် စီရင်ဆုံးဖြတ်ပြီး စီရင်ထုံးမရှိ၊ ဖြတ်ထုံးမရှိသည့် ဥပဒေယူဆသစ် (New Legal Idea) တစ်ခု ပွဲထုတ်လာသည်။ မြန်မာနိုင်ငံက စာချုပ်အဖွဲ့ဝင် မဟုတ်သော်လည်း တိုင်လျှောက်သူ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဖွဲ့ဝင်ဖြစ်သည်။ ထို့ကြောင့် အဖွဲ့ဝင်နိုင်ငံ၏ တိုင်လျှောက်ချက်အရ တရားစွဲအဖွဲ့အစည်းက မြန်မာနိုင်ငံကို စုံစမ်းစစ်ဆေးခွင့်ရှိကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်။ အလွန်အငြင်းပွားဖွယ် အဆိုပြုချက်ဖြစ်သည်။

ထို့အပြင် အပိုဒ်-၁၃(၂)အရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း မြန်မာနိုင်ငံကိစ္စ စုံစမ်းရန် အိုင်စီစီသို့ လွဲှအပ်ခြင်းမရှိသေး။ လုံခြုံရေးကောင်စီတွင် တရုတ်နှင့် ရုရှားတို့၏ ဗီတိုတံတိုင်းကြီးကလည်း ရှိသေးသည်။ ဤ အခြေအနေတွင် နောက်ထပ် ဘွဲ့ဖြူလက်နက် တစ်ခုဇာတ်ခုံပေါ်ကျ ပေါက်ကွဲသည် R2P။

R2P ဆိုတာ ဘာလဲ

The Responsibility To Protect (R2P or R to P) သည် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေးသန္နိဋ္ဌာန်ကို ပေါင်းရုံးဖော်ပြခြင်းဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ကျင်းပသည့် ကမ္ဘာ့ထိပ်သီး အစည်းအဝေး၌ လူမျိုးသုဉ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးရှင်းလင်းသန့်စင်ရေးနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို တားမြစ်ကာကွယ်နိုင်ရန် အဖြေထုတ်ထားခြင်း ဖြစ်သည်။

ကာကွယ်ပေးရန် တာဝန်ရှိမှု (R2P) ၏ အခြေခံမှုမှ အချုပ်အခြာအာဏာပိုင်မှုက ပိုင်နက်နယ်မြေရှိ မှီတင်းနေထိုင်သူများကို အစုလိုက်အပြုံလိုက် တာဝန်ရှိကြောင်း အတည်ပြုခြင်းဖြစ်သည်။ ယင်းမူဝါဒများသည် အပြည်ပြည်ဆိုင်ရာ ဥပဒေများ၏ စံနှုန်းနှင့် စည်းမျဉ်းများကို လေးစားလိုက်နာခြင်းပင် ဖြစ်သည်။ အထူးသဖြင့် အချုပ်အခြာအာဏာ၊ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ လူအခွင့်အရေးနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ မူသဘောထားဆောင်သည့် ဥပဒေများကို အခြေပြုမှီငြမ်းခြင်း ဖြစ်သည်။

R2P သည် တည်ရှိပြီးသား ပဋိပက္ခဖြေရှင်းမှုဆိုင်ရာ နည်းလမ်းများမှာ ညှိနှိုင်းဆွေးနွေးခြင်း၊ စောစီးစွာ သတိပေးချက် ထုတ်ပြန်မှု နည်းလမ်း၊ စီးပွားရေးပိတ်ဆို့မှုနှင့် အခန်း (၇) အင်အားသုံးဖြေရှင်းခြင်းတို့ ဖြစ်သည်။ ရည်ရွယ်ချက်မှာ အနိုင်အထက်ပြုကျင့်မှုဆိုင်ရာ ရာဇဝတ်မှုများနှင့် ယင်းတို့မဖြစ်ပွားမီ ကြိုတင်ကာကွယ်နိုင်ရန်အတွက် လက်နက်မဲ့ အရပ်သား လူ့အဖွဲ့အစည်းကို အခိုင်အမာ ကာကွယ်ရန်ဖြစ်သည်။

R2P အရ အင်အားသုံး ဖြေရှင်းရန် မူဘောင်မှာ ကုသသမဂ္ဂလုံခြုံရေးကောင်စီ အပေါ်တွင် လုံးလုံးလျားလျား တည်မှီနေသည်။ အင်အားသုံးဖြေရှင်းခြင်းကို နောက်ဆုံးနည်းလမ်းအဖြစ် အသုံးပြုသည်။ လစ်ဗျား၊ ဆီးရီးယား၊ ဆူဒန်၊ ကင်ညာတို့ကဲ့သို့ ရှုပ်ထွေးပွေလီလှသည့် နိုင်ငံရေးဖြစ်စဉ်များ အတွက် အပြစ်မဲ့ လက်နက်မဲ့ ပြည်သူများကို ကာကွယ်ရန် ရည်စူးခြင်းဖြစ်သည်။

R2P ၏ ရေသောက်မြစ်

R2P ၏ ရေသောက်မြစ်မှာ ၂၀၀၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ထိပ်သီးညီလာခံ၌ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်စာတမ်းမှ အပိုဒ် (၁၃၈) (၁၃၉) တို့အရ ဖြစ်သည်။ ထိုအစည်းအဝေးတွင် ကုလသမဂ္ဂအထွေထွေညီလာခံ အဖွဲ့ဝင်နိုင်ငံများအားလုံးက တညီတညွတ်တည်း ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။

အပိုဒ် (၁၃၈) နိုင်ငံတစ်ခုချင်းစီတိုင်းသည် မိမိပြည်သူများအား လူမျိုးသုဉ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးသန့်စင် ရှင်းလင်းမှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများမှ အကာအကွယ်ပေးရန် တာဝန်ရှိသည်။

ယင်းတာဝန်ရှိမှု၌ အဆိုပါ ရာဇဝတ်မှုကြီးများအား ကာကွယ်တားဆီးရန် လှုံ့ဆော်မှုများမှ ကြိုတင်ကာကွယ်ရန် သင့်လျော်၍ လိုအပ်သမျှ နည်းလမ်းများ သုံးစွဲကာကွယ်ရန် ပါဝင်သည်။ တာဝန်ရှိမှုနှင့် လိုက်လျောညီထွေသော ပြုမူဆောင်ရွက်မှုများကို ကျွန်ုပ်တို့အားလုံး အတည်ပြုသည်။

နိုင်ငံတကာအသိုင်းအဝိုင်းက အားပေး ထောက်ခံသင့်လျော်စွာကူညီ၍ နိုင်ငံတိုင်းက “တာဝန်ယူမှု” အခွင့်အာဏာသုံးစွဲခြင်းကို မလွဲမသွေ ထောက်ခံသင့်သည်။ ကုလသမဂ္ဂအနေဖြင့် ကနဦး သတိပေးစနစ် ထူထောင်နိုင်စေရန် အားပေးထောက်ခံရမည်။

အပိုဒ် (၁၃၉) ကမ္ဘာ့ပြည်သူများအား လူမျိုးသုဉ်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးသန့်စင် ရှင်းလင်းရေးနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများမှ ကာကွယ်နိုင်ရန် နိုင်ငံတကာမိသားစုသည် ကုလသမဂ္ဂမှတစ်ဆင့် သင့်မြတ်သော သံတမန်နည်းလမ်း၊ လူသားချင်းစာနာမှုနှင့် ငြိမ်းချမ်းသော နည်းလမ်းများကို ကုလသမဂ္ဂပဋိ ညာဉ်စာတမ်း အခန်း (၆)၊ အခန်း (၈)တို့နှင့် အညီ ဆောင်ရွက်ရမည်။

ဤနောက်ခံအခြေအနေများအရ ကျွန်ုပ်တို့သည် အချိန်နှင့်တစ်ပြေးညီ ထိရောက်သော ပြုမူဆောင်ရွက်ချက်များကို လုံခြုံရေးကောင်စီမှတစ်ဆင့် ပူးပေါင်းအရေးယူ ဆောင်ရွက်နိုင်ရန် ပြင်ဆင်ရမည်။ ထိုသို့ ဆောင်ရွက်ရာတွင် အခန်း (၇) အရ အင်အားသုံးစွဲမှုကို ဖြစ်ရပ်တစ်ခုချင်းစီအလိုက် စိစစ်၍ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်စွမ်း မရှိသည့်အခါ (သို့မဟုတ်) ပျက်ကွက်သည့်အခါ ငြိမ်းချမ်းသော နည်းလမ်းများဖြင့် မဖြေရှင်းနိုင်တော့သည့် အခြေအနေ ဆိုက်ရောက်သည့်အခါ နောက်ဆုံးနည်းလမ်းအဖြစ် သုံးစွဲခွင့်ရှိသည်။

ကုလသမဂ္ဂအထွေထွေညီလာခံကြီးက R2P ဖြင့် ကမ္ဘာ့ပြည်သူများကို ဤရာဇဝတ်မှုကြီးလေးမျိုးမှ ကာကွယ်ရန် ဖြစ်တန်စွမ်းနှင့် တန်ဖိုးကို အလေးအနက်သုံးသပ်ရန် ကျွန်ုပ်တို့ အခိုင်အမာ ဆန္ဒပြုသည်။ ဤသို့ သုံးသပ်ရာတွင် ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် နိုင်ငံတကာဥပဒေများအရ ခြုံငုံစဉ်းစားရမည်။

နိုင်ငံတိုင်းက သက်ဆိုင်ရာပြည်သူများကို ဤရာဇဝတ်မှုကြီးလေးမျိုးမှ ကာကွယ်နိုင်စွမ်းရှိစေရန် ကူညီပံ့ပိုးရန်လည်း ကျွန်ုပ်တို့ ရည်ရွယ်သည်။ ပဋိပက္ခများ၊ အကျပ်အတည်းများဒဏ်ကို ခံစားနေရသော နိုင်ငံများကိုလည်း ဤဝင်္ကပါမှ ဖောက်ခွင်းထွက်စေနိုင်ရန် ကျွန်ုပ်တို့ ကူညီကြရမည်။

(ဆက်လက်ဖော်ပြပါမည်။)

Most Read

Most Recent