တိုက်ကြီးမြို့ထဲကိုရောက်ဖို့ ငါးမိနစ်လောက်အလိုမှာ ခရိုင်ချင်းဆက်လမ်းဆိုတာ ရှိပါတယ်။ တိုက်ကြီးတိုးဂိတ် အကျော်လေးမှာပါ။ တကယ်တော့ အဲ့ဒီလမ်းက တိုက်ကြီး၊ ဖောင်ကြီး၊ ဖူးကြီးနဲ့ ဘုရားကြီးဘက်ကို ဆက်သွယ်ထားလို့ အများအားဖြင့် ကြီးလေးကြီး လမ်းလို့ပဲ ခေါ်ဝေါ်သုံးနှုန်းလေ့ ရှိကြပါတယ်။
ဖြောင့်ဖြူးနေတဲ့ ကြီးလေးကြီးလမ်းထဲကို မော်တော်ဆိုင်ကယ်နဲ့ မိနစ် ၂၀ လောက်သွားရင် လမ်းမကြီးဘေးမှာ စည်းနှောင်ထားတဲ့ ဝါးစည်းတွေနဲ့ ဝါးခုတ်လုပ်သားတွေကို မြင်တွေ့ရပါလိမ့်မယ်။
ဝါးခုတ်လုပ်သားတွေ ခုတ်ထားတဲ့ဝါးကို ဒိုင်ခွဲတွေက လှည်းနဲ့တင်ပြီး တောထဲကနေ ကြီးလေးကြီး လမ်းပေါ်ကို သယ်ကြတယ်။ ဝါးအမျိုးအစားပေါ် မူတည်ပြီးတော့ တချို့ ဝါးခုတ်လုပ်သားတွေလည်း ကိုယ်တိုင်သယ်တာမျိုး ရှိတယ်။ မြို့ပေါ်မှာရှိတဲ့ ဝါးအရောင်း ဒိုင်တွေက အဲဒီဝါးတွေကို ကားနဲ့ပြန်သယ်ရတယ်။ ဒါက ဝါးခုတ်လုပ်သားတွေရဲ့ ဝါးခုတ် လုပ်ငန်းလည်ပတ်ပုံပါ။
သဘာ၀ သယံဇာတပေါတဲ့ မြန်မာနိုင်ငံမှာ ဝါးသယံဇာတက ဝါးခုတ်သမားတွေအတွက် လောပန်းလောင်းအိပ်မက် မမက်နိုင်ပေမယ့် ဝမ်းရေးအတွက် မမောမပန်းအောင်တော့ အထောက်အကူ ပြုနေပါတယ်။
“တခြား အလုပ်ကောင်းတော့လည်း တခြားအလုပ်လုပ်တယ်။ အလုပ် မကောင်းချိန်မှာ ဒီဝါး ပြန်ခုတ်ရတာပေါ့။ ဒီဘက်မှာလည်း ဒီလိုပဲ ဝါးခုတ်နေကြတာပဲ။ လမ်းပန်းကသာ ကောင်းနေတာ။ လုပ်ငန်းက ဘာမှမရှိဘူးလေ”လို့ ဝါးခုတ်လုပ်သား ကိုထွန်းထွန်းဦးက ခုတ်လာတဲ့ဝါးကို လွှနဲ့ဖြတ်နေရင်းက သူ့လုပ်ငန်းအကြောင်း ပြောပြပါတယ်။
အလုပ်အကိုင်အခွင့်အရေး အလှမ်းဝေးတဲ့ ကြီးလေးကြီးလမ်းပေါ်က ဝါးခုတ်လုပ်ငန်းဆိုတာ အရင်းအနှီးမလိုတဲ့ ကိုယ်ပိုင်လုပ်ငန်းအဖြစ် ဝါးခုတ်သမားတွေက လက်ခံထားကြတယ်။ ဒါကြောင့်ပဲ အိမ်ထောင်ရှင်အမျိုးသမီးတွေကိုယ်တိုင် တောတောင်ထဲ ဝါးခုတ်လိုက် လေ့ရှိပါတယ်။
အမျိုးသမီးတွေအနေနဲ့ တောထဲမှာ ဝါးမခုတ်ဘဲ တိုက်ကြီးမြို့ပေါ်မှာ အလုပ်လုပ်မယ်ဆိုရင် ဆိုင်ကယ်ကယ်ရီခ ကျပ်သုံးသောင်း ကုန်ကျပါလိမ့်မယ်။ ဒီလိုငှားစီးတယ်ဆိုရင်တောင် လူနှစ်ယောက်ငှားမှ ကယ်ရီသမားက လိုက်ပို့ပေးလေ့ရှိတယ်လို့ ကိုထွန်းထွန်းဦးရဲ့ ဇနီးက ပြောပါတယ်။
“ဆိုင်ကယ် ကယ်ရီသမားဘက်ကလည်း ဟုတ်ပါတယ်။ နှစ်ယောက်မှခြောက်သောင်းပဲ ရမှာလေ။ လိပ်ကြည်ရွာကနေ အသွားအပြန် အကြိုအပို့ လုပ်ပေးရတာ။ ဝါးမခုတ်ဘဲ တခြား အလုပ်လုပ်ဖို့က ကိုယ်ပိုင်ဆိုင်ကယ်ရှိမှ အဆင်ပြေမှာ။ ဒါတောင် အချိန်ပေးရဦး မှာ” လို့ ကိုထွန်းထွန်းဦးရဲ့ ဇနီးက ဝါးချောင်းတွေ ရေတွက်နေတာကို ခဏရပ်ပြီး ပြောပါတယ်။
နေရာဒေသအရ အလုပ်အကိုင် ရှားပါးပေမယ့် ဝါးခုတ်လုပ်သားတွေရဲ့တစ်ရက်ဝင်ငွေဟာ ခြောက်ထောင်ကနေ တစ်သောင်းအထိ အပင်ပန်းခံရင် ခံနိုင်သလောက် ရရှိပါတယ်။ ဒီဝင်ငွေ ပမာဏဟာ လူဦးရေများတဲ့ မိသားစုအတွက်တော့ ပြည့်စုံလုံလောက်မှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း ဝါးခုတ်သမားတွေက ဝါးဒိုင်တွေဆီမှာ ငွေကြိုယူတဲ့စနစ်ကို ကျင့်သုံးကြရပါတယ်။
မြို့တွင်းက ဝါးဒိုင်ဆီမှာ ဒိုင်ခွဲလုပ်တဲ့သူက ကြိုတင်ငွေယူထားပြီး ဝါးခုတ်လုပ်သားတွေက ဒိုင်ခွဲဆီက ကြိုတင်ငွေ ပြန်ယူကြရတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ငွေကြေး အခက်အခဲကို ဖြေရှင်းရာရောက်ပေမယ့် အားနည်းချက် အားသာချက်တွေတော့ အနည်းငယ်ရှိတဲ့ ဝါးဒိုင်တွေနဲ့ဝါးခုတ်လုပ်သားတွေကြားက သဘောတူညီချက်တစ်ခု ဖြစ်နေပြန်တယ်။
“လုပ်ငန်းရှင်က နွေရော မိုးရော ဝါးယူမယ်ဆိုရင် ငွေကိုကြိုချပေးတယ်။ အဲဒီလိုချပေးတယ်ဆိုရင် အပြင်ပေါက်ဈေးထက် ၁၀၀၊ ၂၀၀ လျော့တယ်။ လိုမှယူမယ် တွေ့မှဝယ်မယ်ဆိုရင်တော့ ဈေးတော့ကောင်းတယ်။ ၁၀ လုံးစည်း ဝါးတစ်စည်းကို ကျပ် ၁၂၀၀၊ ၁၃၀၀ လောက်အထိတက်တယ်။ ဝါးလတ်တစ်လုံးကို ဒိုင်က ကျပ် ၃၀၀ ဈေးသိမ်းတယ်။ အပြင်မှာဆိုရင်တော့ ကျပ် ၃၅၀၊ ၄၀၀ ရှိ တယ်။ သူ့ကားနဲ့သူ သူ့အလုပ်သမားနဲ့ လာတင်တယ်။ ကျွန်တော်တို့က လမ်းပေါ်ထုတ်ထားပေးရုံပဲ” လို့ ဒိုင်ခွဲတစ်ဦးဖြစ်တဲ့ ကိုကျော်စန်းယုက ပြောပါတယ်။
ကြိုတင်ငွေယူလို့ ဝါးဈေးလျော့ပေမယ့် ကြိုတင်ငွေယူတဲ့အတွက် ရလာတဲ့အားသာချက်တွေကလည်း ဝါးခုတ်လုပ်သားတွေအတွက် ခုသာခံသာ ဖြစ်ပါတယ်။ ဝါးခုတ်လုပ်သားတွေအနေနဲ့ အလုပ်ပြတ်လပ်တာမျိုး မဖြစ်တော့ဘဲ အလုပ်သေချာမှု ရှိသွားပါတယ်။ ဒိုင်တွေက ကြိုတင်ငွေချပေးထားရတဲ့အတွက် ဝါးခုတ်လုပ်သားတွေရဲ့ဝါးကိုလိုလို မလိုလို ယူရမှာဖြစ်ပါတယ်။ ပြီးတော့ အဓိက အရေးကြီးတဲ့ တရားဝင် ဝါးခုတ်နိုင်ဖို့ အတွက် က.ပ.စ တပ်ကို ပေးဆောင်ရတဲ့ငွေကိုလည်း ဒိုင်ခွဲတွေက ဝါးခုတ်လုပ်သားတွေ ကိုယ်စား ပေးသွင်းပေးပါတယ်။ ဒီလိုမျိုး အလျှော့အတင်းလေးတွေနဲ့ ဝါးခုတ်လုပ်သားတွေနဲ့ ဒိုင်တွေက အလုပ်လုပ်လေ့ ရှိပါတယ်။
“စစ်တပ်ကို လစဉ်ကြေးပေးရတယ်။ ဒါကလည်း ဝါးခုတ်တော့ စစ်တပ်အပိုင်ထဲ ခုတ်ရတာ ရှိတယ်လေ။ ပြီးတော့ စစ်တပ်က တစ်နှစ်ကိုတစ်ခါ လေ့ကျင့်ရေးတပ်တွေ လာပြီးတော့ လာလေ့ကျင့်တဲ့အခါ ကြေညာပေးတယ်။ အဲဒီကာလ အတွင်းမှာ ဝါးမခုတ်ဖို့။ အုပ်ချုပ်ရေးမှူးတွေဆီကို စာတွေပို့တယ်။ ဝင်ခုတ်လို့ ထိမိခိုက်မိတာတွေ မဖြစ်အောင်ပေ့ါ” လို့ ကိုကျော်စန်းယုက ဆိုပါတယ်။
ပဲခူးရိုးမအပိုင် ကြီးလေးကြီးလမ်းပေါ်မှာ ဝါးခုတ်ပြီး ဝမ်းစာရှာတဲ့ ဝါးခုတ်လုပ်သားတွေအတွက် သဘာဝရဲ့လက်ဆောင်ကို အပြည့်အဝရရှိသလို သဘာဝကပေးတဲ့ အန္တရာယ်တွေကိုလည်း တွေ့ကြုံရပါတယ်။ အဲဒါကတော့ တောဆင်ရိုင်းတွေရဲ့အန္တရာယ်ပါ။ အလုပ်အကိုင်ရှားပါး၊ အရင်းအနှီးနည်းပါးလို့ တောတောင်ထဲဝါးခုတ်ရင်း ဆင်နင်းခံရလို့ သေဆုံးသွားတဲ့ ဝါးခုတ်လုပ်သားတွေ ရှိပါတယ်။
“သူ့ယောကျ်ားကို ဆင်ကလိုက်တာ။ သူ့ယောကျ်ားက ကမ်းပါးရံပေါ် မိန်းမကို တင်ပေးခဲ့ပြီးပြေးတယ်။ မိန်းမကလည်း စိတ်ပူပြီး သူ့ယောကျ်ားနောက်ကို ပြန်လိုက်တော့ ဆင်နဲ့တိုးပြီး အကန်ခံရတာ။ ဆေးရုံမှာပဲ သေသွားတယ်”လို့ ဝါးခုတ်လုပ်သားတစ်ဦးက ဆင်ရိုင်း အန္တရာယ်အကြောင်း ပြောပြပါတယ်။
အရင်က ကြီးလေးကြီးလမ်းဟာ တောဆင်ရိုင်းတွေ ဖြတ်သန်းသွားလာတတ်တဲ့ လမ်းတစ်ခုဖြစ်ပြီးတော့ လမ်းပန်းသာသွားလို့ ဖြတ်သွားတာမျိုး မရှိတော့ပေမယ့် တောတောင်ထဲ ဝမ်းစာရှာရတဲ့ ဝါးခုတ်လုပ်သားတွေကတော့ အမြဲသတိထား လုပ်ကိုင်နေကြ ရတာဖြစ်ပါတယ်။
ငွေကြေးအရင်းအနှီးမလိုတဲ့ ဝါးခုတ်လုပ်ငန်းက အလုပ်အကိုင်အတွက် ပူပန်စရာ မလိုပေမယ့် ၁၂ ရာသီလုံး လုပ်ငန်းကောင်း နေတာတော့ မဟုတ်ပါဘူး။ အခုလို မိုးကာလ ဝါဆို၊ ဝါခေါင်မှာတော့ ဝါးလုပ်ငန်း မကောင်းသလို ဝါးဈေးကလည်း မကောင်းပါဘူး။ ဒါဟာ မြန်မာ့ဓလေ့အရ ဝါတွင်းကာလမှာ အိမ်ပြင်၊ အိမ်ဆောက်လေ့ မရှိတာကြောင့်လို့ ဝါးခုတ်လုပ်သားတွေက ယုံကြည်ထားကြပါတယ်။ ဒါကြောင့် ဒိုင်ခွဲတွေကလည်း ဝါတွင်းကာလမှာ ဝါးခုတ်သား အရေအတွက်ကို လျှော့ချထားတတ်ကြပါတယ်။
ဝါတွင်းကာလအလွန် သီးတင်းကျွတ် ရောက်ရင်တော့ ဝါးဈေးကောင်းသလို လုပ်ငန်းလည်းကောင်းလာပြီ။ တစ်ခါတလေ ပုံမှန်ပေးနေကျ ဝါးအရေအတွက်ထက် အရေးကြီး အော်ဒါတွေအတွက် မြို့ပေါ် အရောင်းဆိုင်တွေက မှာလေ့ရှိတယ်။ ဒီလို ဈေးကွက်ကောင်းတာကတော့ နယ်ဘက်တွေမှာ ရေဘေး ပြန်လည်ထူထောင်ရေးအတွက် ဝါးအရေအတွက် များများလိုတာ ဖြစ်တယ်လို့ ဝါးခုတ်လုပ်သားတွေက သူတို့ ဈေးကွက်အကြောင်း ရိုးရှင်းစွာ သိထားကြပြန်တယ်။
သွားလာရေးအခက်အခဲကြောင့် အပြင်ထွက် အလုပ်လုပ်လေ့မရှိတဲ့ ဝါးခုတ်လုပ်သားတွေသာမက သူတို့ရဲ့သားသမီးတွေကလည်း သွားလာရေးကြောင့်ပဲ ရွာကမူလတန်းကျောင်းမှာပဲ ကျောင်းတက်ရလေ့ ရှိပါတယ်။ မူလတန်းပြီးလို့ အလယ်တန်းတက်ချင်တဲ့ ကလေးတွေအတွက် မိဘရဲ့စီးပွားရေးပြေလည်မှုအပေါ် အဓိက မူတည်နေပြန်တယ်။
ငွေကြေးပြေလည်သူတွေရဲ့ သားသမီးတွေက ဆိုင်ကယ်ကယ်ရီနဲ့ က.ပ.စ တပ်မှာ အလယ်တန်းတက်ခွင့် ရကြပေမယ့် နွမ်းပါး မိသားစုဝင်ကလေးတွေကတော့ မူလတန်း ပညာရေးနဲ့ ဆုံးခန်းတိုင်ကြရတယ်။ တချို့လူတွေကတော့ အလယ်တန်းကျောင်း ရှိတဲ့ နေရာက ဆွေမျိုးသားချင်းတွေအိမ်မှာ သားသမီးတွေကိုပို့ထားပြီး ကျောင်းတက်နိုင်ဖို့ စီစဉ်ကြတယ်လို့ လာမယ့်ပညာသင်နှစ်မှာ ကျောင်းတက်တော့မယ့် ကလေးငယ်ရဲ့ မိခင် ဝါးခုတ် လုပ်သားတစ်ဦးက ဆိုပါတယ်။
“ကျောင်းထားတော့လည်း ကလေးတွေ သွားရေးလာရေးကအစ ဒုက္ခရောက်တယ်။ ကယ်ရီခ တက်နိုင်တဲ့ သူတွေကတော့ ထားကြပါတယ်။ ကယ်ရီခ မပေးနိုင်တဲ့ ကလေးတွေကတော့ ကျောင်းထွက်ပေ့ါ။ ကယ်ရီခက တစ်လကို ကလေးတစ်ယောက်အတွက် တစ် သောင်းခွဲနှစ်သောင်း ပေးရတယ်”လို့ ၎င်းက ဆက်လက်ပြောပြပါတယ်။
ကိုယ်တိုင်ပညာမတတ်ပေမယ့် သားသမီးတွေအတွက် ကြီးမားတဲ့ ရည်ရွယ်ချက်ထားတတ်ကြတဲ့ မိဘတိုင်းရဲ့ မေတ္တာတရားကို ငြင်းချက်ထုတ်ဖို့ လိုမယ် မထင်ပါဘူး။ ဒီလို ရည်ရွယ်ချက်မျိုးကို ကိုယ်တိုင် ၁၀ တန်းထိ ပညာသင်ယူခဲ့ပြီး သားသမီးတွေကိုလည်း ပညာရေးဆုံးခန်းတိုင်အောင် ထောက်ပံ့ပေးမယ်ဆိုတဲ့ ဝါးခုတ်လုပ်သား ကိုထွန်းထွန်းဦးမှာလည်း ရှိနေပါတယ်။
“ကလေးတွေကျတော့လည်း ကျွန်တော်တို့လို တောအလုပ်၊ တောင်အလုပ်က ရှားပါးသွားတော့ အဆင်မပြေဘူးလေ။ ကလေးတွေတော့ ပညာတတ်အောင်ထားမယ်လို့ ဆုံးဖြတ်ထားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်နိုင်တဲ့ အနေအထားတော့ လိုက်လုပ်ပေးတယ်။ကိုယ်တွေလည်း ၁၀ တန်းအထိ တက်ခဲ့တယ်။ ကလေးတွေလည်း ဒီလိုပဲအောင်အောင်ကြိုးစားခိုင်းမယ်။ ရွာထဲ အလုပ်တော့မထားဘူး။ မိဘ ဘယ်လိုပဲ ဒုက္ခရောက်ရောက် ကျောင်းတော့ ရအောင်ထားပေးမယ်လို့ ဆုံးဖြတ်ထားတယ်” လို့ တံမြက်စည်းလုပ်တဲ့ ဝါးချောင်းတွေကို ကြိုးနဲ့အားပါပါ စည်းနှောင်နေရင်းက ပြောပါတယ်။
သဘာဝရဲ့လက်ဆောင် ဆိုတာကလည်း အကန့်အသတ်နဲ့ ရှိနေတော့ ခုတ်ယူတာများလေ ဝါးကောင်းဝါးသန့်တွေက ကြီးလေးကြီး လမ်းပေါ်က တောစပ်မှာ ရှားပါးလာပါတယ်။ ထိုနည်းတူပဲ သစ်မာစိုက်ခင်း ဧရိယာတွေကလည်း ဝါးခုတ်မြစ်ချိုးတာကို လက်မခံကြ ဘူး။ ဈေးကွက်လိုအပ်ချက်ကြောင့် ဒိုင်တွေ စိတ်ကြိုက် ဝါးမျိုးရဖို့ လျှိုတွေနဲ့ တောနက်နက်ထဲကို ဝါးခုတ်လုပ်သားတွေ သွားရပါတယ်။
ကျွမ်းကျင်ရာ လိမ္မာရာဆိုတဲ့အတိုင်း နေရာဒေသကွဲပြားကြလို့ လုပ်ကိုင်ကြရတဲ့ အလုပ်၊ ရုန်းကန်နေရတဲ့ ပုံစံတွေ ကွဲပြားခြား နားနေပေမယ့် ဝမ်းစာအတွက်တော့ လူတိုင်းလူတိုင်း နေ့စဉ်ရှာဖွေ ရုန်းကန်နေကြရပါတယ်။
ကြီးလေးကြီး လမ်းပေါ်က ဝါးခုတ်လုပ်သား ကိုထွန်းထွန်းဦး တစ်ယောက်လည်း နောက်တစ်နေ့မှာ ဝါးခုတ်ဖို့ လျှိုထဲတောထဲကို သားသမီးတွေအတွက် အိပ်မက်တွေ တစ်ပွေ့တစ်ပိုက်နဲ့ ပြန်လာရဦးမှာ မုချမလွဲ သေချာနေပါတယ်။