ရေနဲ့ငွေအတွက် ရတက်မအေး မဖြစ်နိုင်စေဖို့

ရေနဲ့ငွေအတွက် ရတက်မအေး မဖြစ်နိုင်စေဖို့
Published 16 August 2018

ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်ရေး ကောင်တာတစ်ခုကို သြဂုတ် ၁၄ ရက် ညနေ ၅ နာရီက တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

(၁)  ရေ

ဇူလိုင်လအတွင်းမှာ မြန်မာနိုင်င ံနေရာအနှံ့ ဖြစ်ပေါ်ခဲ့တဲ့ အများပြည်သူတွေဒုက္ခ ဖြစ်နေကြတာတွေက ရေကြီးရေလျှံမှုဒဏ် ဖြစ်ပါတယ်။ နေ့စဉ်ထုတ် သတင်းစာ ဂျာနယ်တွေ ရုပ်မြင်သံကြား သတင်းတွေမှာ ရေကြီး ရေလျှံမှုကြောင့် စိုက်ပျိုးထားပြီးဖြစ်တဲ့ လယ်ယာမြေတွေ ရေလွှမ်းမိုးခံရတာကြောင့် ဆုံးရှုံးမှုတွေဖြစ်တာ၊ အိုးအိမ်တွေ ရေမြုပ်တာကြောင့် နေဖို့အခက်အခဲတွေ ဖြစ်နေကြတာတွေ့ရတော့ စိတ်မကောင်းဖြစ်မိတယ်။

၁၉၇၀ ပြည့်နှစ် စာရေးသူ ဘွဲ့ယူစာတမ်းအတွက် ပါမောက္ခရဲ့မေးခွန်းတွေ ဖြေကြားရပါတယ်။ အဲဒီ အင်တာဗျူးမှာ ပါမောက္ခက မြစ်တစ်ခုက အခါတိုင်းရေလျှံတာတွေ မဖြစ်ဘဲ အခုတော့ ရေလျှံလာတယ်။ အဲဒါ ဘာကြောင့်လဲလို့ မေးပါတယ်။ မြစ်တွေနံဘေးက သစ်ပင်တွေ ခုတ်လှဲပစ်လို့ မိုးရွာတဲ့အခါ မြေ ဆီလွှာထိန်းသိမ်းနိုင်မှု မရှိတော့တဲ့အတွက် မြေဆီတွေက မြစ်အတွင်းကိုကျရောက်ပြီး မြစ်တွေကတိမ်လာကာ မိုးရာသီမှာ နံဘေးကို ရေလျှံမှုတွေဖြစ်စေတာပါလို့ ဖြေလိုက်ပါတယ်။ မြစ်တွေနံဘေး ဝဲ - ယာ သစ်ပင်တွေက မြစ်အတွင်းကိုကျမယ့် မြေတွေကို ထိန်းထားပေးတာဖြစ်တယ်။ ကိုယ်ကျိုးရှာမှုသက်သက်နဲ့ သစ်ပင်တွေကို ခုတ်လှဲခဲ့ကြတာကြောင့် ရေကြီးရေလျှံဖြစ်ရုံမျှမကဘဲ မြစ်ကမ်းတွေပြိုတာကြောင့် မြစ်နံဘေးမှာ ရှိတဲ့ မြို့တွေရွာတွေက ကမ်းပါးတွေ ပြိုကျကုန်တာကြောင့် အနေမဲ့သွားတာတွေလည်း ဖြစ်စေပါတယ်။ အနာဂတ်အမြင်မရှိဘဲ ကိုယ်ကျိုးစီးပွားရှာသူတွေရဲ့လုပ်ဆောင်ချက်တွေကို အများပြည်သူ ခံစားကြရတော့တာ ဖြစ်ပါတယ်။

စာရေးသူတို့နိုင်ငံက လူမှန်နေရာမှန် မဖြစ်မှု၊ လွဲမှားတဲ့စီမံခန့်ခွဲမှု၊ အနာဂတ်အမြင် မရှိမှုတွေကြောင့် နိုင်ငံက ဘက်ပေါင်းစုံမှာ ယိုယွင်းမှုတွေဖြစ်လာခဲ့ရတယ်။ သစ်ပင်တစ်ပင်ကိုခုတ်တာက အချိန်တိုအတွင်း ခုတ်လှဲပြီးစီးနိုင်ပေမဲ့ သစ်ပင်တစ်ပင်ရှင်သန်ကြီးထွားလာဖို့ နှစ်ပေါင်းများစွာအချိန်ယူကြရတာ ဖြစ်ပါတယ်။ ဒါတွေကို အနာဂတ် အမြင်ကောင်းတွေရှိကြဖို့  စာများများဖတ်လာအောင် အသိဉာဏ်တွေ မြင့်မားလာအောင် လုပ်ဆောင်ပေးနိုင်ပါမှ အကျိုးရှိလာစေမှာ ဖြစ်ပါတယ်။ အခုဆိုရရင် အတိတ်ကာလက အနာဂတ်အမြင်မရှိဘဲ သစ်ပင်တွေကို ခုတ်လှဲခဲ့ကြတာကြောင့် ပြည်သူ တစ်သိန်းဝန်းကျင် ရေဘေးဒုက္ခကြုံတွေ့နေရ တယ်လို့ ဆိုတယ်။ ရေကြီးမှုဒဏ်ကြောင့် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာရှိတဲ့ စစ်တောင်းမြစ်ကို ကာထားတဲ့ မုက္ခဓုရေကာတာဆိုရင် ဇူလိုင် ၂၀ ရက်က ပေ ၁၀၀ ခန့်ကျိုးကျခဲ့ တယ်လို့ ဆိုပါတယ်။ တံတားတွေ ကျိုး၊ မြေ ထိန်း နံရံတွေပြို၊ မြစ်ကမ်းနံဘေးအိမ်တွေပြို ပြီး ရေထဲ မျောပါ စတဲ့လူတွေကို ဒုက္ခပေါင်းစုံ တွေ့စေတာ ဖြစ်ပါတယ်။

စာရေးသူတို့နိုင်ငံမှာ မြောက်ကနေ တောင်ဘက်ကိုစီးဆင်းနေတဲ့ အဓိကမြစ်ကြီးလေးစင်းနဲ့ အဲဒီမြစ်ကြီး လေးစင်းအတွင်းကို အမြင့်ပိုင်းဒေသတွေကနေ စီးဝင်လာတဲ့မြစ် ချောင်းကြီး၊ ငယ်တွေလည်း များစွာရှိနေပါ တယ်။ မြောက်ကနေ တောင်ဘက်ကို စီးဆင်းလာရာကနေ ဧရာဝတီဒေသမှာ မြစ်ဝှမ်းဒေသ တစ်ခုကိုဖြစ်လာစေပါတယ်။ မြစ်ဝှမ်းတွေကနေ စီးဆင်းလာတဲ့ ရေတွေက နောက်ဆုံးမှာ ပင်လယ်အတွင်းကို စီးဝင်သွားကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဘူမိရုပ်သွင်အနေအထားအရ အရှေ့တောင်တန်းတွေကလည်း သစ်ပင်တွေနဲ့ စိမ်းစိုပြီး နိုင်ငံရဲ့အလှ ပိုမိုမြင့်မားစေခဲ့ပေမဲ့ ဒီကနေ့အချိန်မှာတော့ မြစ်ချောင်းတွေ နံဘေးက သစ်ပင်ကြီးငယ်တွေကို အနာဂတ်အမြင်မရှိဘဲ ကိုယ်ကျိုးစီးပွားသက်သက် ခုတ်လှဲခဲ့ တာကြောင့် မြေဆီလွှာတွေကို မထိန်းနိုင်စေဘဲ တိုက်စားစေတာကြောင့် မြစ်တွေချောင်းတွေအတွင်း မြေဆီအနည်တွေ ပို့ချမှုတွေကနေ မြစ်ကြောင်းတွေက တိမ်လာပြီး မိုးတွင်းအခါ နံဘေးကို ရေလျှံတက်လာစေတာကို ဖြစ်စေတာကနေ ပြည်သူတွေများစွာက ရေဘေးဒုက္ခသည်တွေ ဖြစ်လာကြရတယ်။

မြန်မာနိုင်ငံတစ်နိုင်ငံလုံးရဲ့ နှစ်စဉ် ပျမ်းမျှ မိုးရေချိန်က တစ်နှစ်ကို လက်မ ၉၀ ဝန်းကျင်ရှိပေမဲ့ ဒီနှစ်မိုးများတဲ့အခါ ရေကြီး ရေလျှံတာတွေက မြန်မာနိုင်ငံအနှံ့ဖြစ်နေတယ်။ စာရေးသူတို့ ငယ်ရွယ်စဉ်က တပေါင်သဘောဆိုခဲ့ကြတာက “ဘူတာရုံမှာ သင်္ဘောကြီးတွေ ဆိုက်လို့လေ” ကို ကြားခဲ့ဖူးပါတယ်။ ၁၉၇၄ ခုနှစ်က ပြည်မှာ ရေလျှံတော့ ပြည်ဘူတာရုံမှာ ရေလွှမ်းခဲ့တာ ပြန်လည် မြင်ယောင်မိပါတယ်။ ရှေးလူကြီးတွေရဲ့ ပြောစကားက ဒီကနေ့ခေတ်မှာလာပြီး မှန်နေတယ်။

အမှန်ကတော့ ရေက လူတစ်ဦးချင်းအတွက် မရှိမဖြစ် လိုအပ်တဲ့အရာဖြစ်ပြီး တစ်ရက်တာ ရေမသောက်ရလျှင်သော်မှ သေစေနိုင်တယ်လို့ ဆိုပါတယ်။ လူတစ်ဦးချင်းစီရဲ့ ခန္ဓာကိုယ်မှာလည်း ရေကပါဝင်မှုများတယ်။ သို့ပေမဲ့ ရေကြီးရေလျှံတာတွေကို သဘာဝဘေးအန္တရာယ်ကို မဖြစ်နိုင်စေဖို့ တတ်နိုင် သမျှ ကာကွယ်မှုတွေပြုလုပ်ကြရမှာက လူတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။

 

(၂) ငွေ

ငွေကလည်း လူတစ်ဦးချင်းအတွက် လိုအပ်ချက်ဖြစ်ပါတယ်။ စာရေးသူတို့ မူလတန်း ကျောင်းသားဘ၀ လွန်ခဲ့သောနှစ်ပေါင်း ၆၀ ကျော်က ကျောင်းသွားရင် မုန့်ဖိုး ၁၀ ပြားသာ ရပါတယ်။ အဲဒီအချိန်က မုန့်ဟင်းခါး တစ်ပွဲ ငါးပြား ဖြစ်ပါတယ်။ တက္ကသိုလ် တက်တဲ့အချိန်မှာသော်မှ တစ်နှစ်ကို ကျပ် ၅၀၀၀ သော်မှ မကုန်ပါ။ အခုအချိန်မှာ နာမည်ကြီး ကျောင်းတစ်ကျောင်းရဲ့ ကျောင်းသားတွေကိုပေးတဲ့ တစ်နေ့တာမုန့်ဖိုးက တစ်ရက်ကို တစ်သောင်းခွဲကနေ နှစ်သောင်းအထိ ရှိတယ်လို့ သိရပါတယ်။ ဒါကတော့ ငွေကြေး ဖောင်းပွလာမှု တစ်နည်း  ငွေတန်ဖိုးကျဆင်းလာမှုသဘောကို သိသာဖို့ ဖြစ်ပါတယ်။

ငွေကြေးဖောင်းပွမှုဖြစ်လာရင် ကုန်ပစ္စည်းတွေ ဈေးမြင့်လာတာကြောင့် အဲဒီကုန်ပစ္စည်း မြင့်မားမှုဒဏ်ကို အခံရဆုံးက ဆင်းရဲသား အောက်ခြေလူတန်းစာတွေ ဖြစ်ပါတယ်။ စာရေးသူတို့ နိုင်ငံမှာ လွဲမှားတဲ့ စီမံ ခန့်ခွဲမှုပုံစံကို ကျင့်သုံးခဲ့တာကြောင့်  ကြောက်စိတ် (Fear) ၊ ဆင်းရဲတွင်းနက်စေမှု  (Poverty) နဲ့ ပညာမတတ်စေမှု (Ignorance) တွေ ကြောင့် အာဏာရှင်ပုံစံနဲ့ အုပ်ချုပ်ခဲ့သူတွေကို သက်တမ်းရှည်စေခဲ့ပါတယ်။ ဒီကနေ့အထိ အဲဒီအကျိုးဆက်ကို ဆက်လက်ခံစားနေကြ ရတယ်။ အဓိက,ကတော့ စိတ်ဓာတ်ပျက်ပြားမှုဖြစ်တာကြောင့် စိတ်ဓာတ်ပျက်ပြားမှု ကောင်းမွန်အောင်လုပ်ဆောင်ကြရမှာက တစ်ဖက်မှာ အသိပညာပေးမှုတွေ များများလုပ် အခြားတစ်ဖက်မှာ Law Inforcement လို့ခေါ်တဲ့ ဥပဒေနဲ့ခိုင်မာအောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒါမှ ဥပဒေလွှမ်းမိုးစေပြီး လူတွေရဲ့စိတ်ဓာတ်တွေကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံတိုးတက်စေဖို့ နိုင်ငံကို အုပ်ချုပ်သူတွေရဲ့ မှန်ကန်တဲ့စိတ်ဓာတ်က အရေးကြီးပါတယ်။ လူမှန်နေရာမှန် မဖြစ်စေမှုတွေကနေ ဥပဒေကိုလျစ်လျူရှုပြီး အရာရာကို ဥပဒေက မည်သို့ပင်ဆိုစေကာမူဆိုတဲ့ အတိုင်း ဥပဒေကိုမျက်ကွယ်ပြုလာတာကြောင့် နိုင်ငံကလာဘ်ပေး လာဘ်ယူအများဆုံးနဲ့ အကျင့်ပျက်ခြစားမှုအများဆုံးနိုင်ငံ ဖြစ်လာခဲ့ရတယ်။

နိုင်ငံမှာအဓိကအနေနဲ့  အလုပ်အကိုင်အခွင့်အလမ်းတွေ များများပေါ်ထွန်းလာပြီး မိမိနိုင်ငံအတွင်းမှာ အလုပ်လုပ် ထိုက်သင့်တဲ့ ဝင်ငွေတွေရရင် ဘဝရပ်တည်မှုကောင်းလာစေမှာ ဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံတစ် နိုင်ငံမှာ Public Company လို့ခေါ်တဲ့ အများနဲ့ သက်ဆိုင်တဲ့ ကုမ္ပဏီတွေ များများပေါ်ထွန်းလာစေရမှာ ဖြစ်ပါတယ်။ အဲဒီ ကုမ္ပဏီတွေကို အစုရှယ်ယာဝင်တွေရဲ့ အစုအပေါ် အမြတ်ခွဲဝေပေးနိုင်မှု မြင့်မားလာအောင် လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

အဲဒီ အများပိုင်ကုမ္ပဏီတွေများပါမှ စတော့ရှယ်ယာဈေးကွက်မှာ လုပ်ဆောင်ချက်ကောင်းမွန်တဲ့ အများပိုင်ကုမ္ပဏီတွေကို Securities Exchange Commission (SEC) ကနေတစ်ဆင့် စာရင်းဝင်အများပိုင် ကုမ္ပဏီဖြစ်လာစေပြီး စတော့ရှယ်ယာ ရောင်းဝယ်တဲ့ ဈေးကွက်မှာ ဝင်ရောက်စေနိုင်မှာ ဖြစ်ပါတယ်။ ဒါနဲ့တစ်ဆက်တည်း အကြံပြုလိုတာက Securities Exchange Law ကို ငွေ ချေး သက်သေခံလက်မှတ် ရောင်းဝယ်ရေး ဥပဒေလို ထုတ်ပြန်ထားတာကလည်း မှားယွင်းနေတာကို ထောက်ပြခဲ့ဖူးပါတယ်။ ယခင်တာဝန်ရှိ ပုဂ္ဂိုလ်ကို အဲဒီမှားယွင်းမှုကို သူသိတဲ့အကြောင်း ဝန်ခံပေမဲ့လည်း မပြင်နိုင်ခဲ့ပါ။ နောက်တစ်ခုထပ်မံရေးပြလိုတာက ငွေထုတ်ဝေမှုကို အများပြည်သူ ထင်သာမြင်သာဖြစ်အောင် ငွေစက္ကူရိုက်နှိပ်ထုတ်ဝေတဲ့ စက်ရုံကနေ ရိုက်ထုတ်တဲ့ ငွေကြေးပမာဏကိုလည်း ပြည်သူကိုချပြသင့်ပါတယ်။ အဓိက,ကတော့ လွန်ကဲတဲ့ ရိုက်နှိပ်မှုတွေ မဖြစ်စေဖို့ပါ။ ငွေကြေးကိုအတိုင်းထက် အလွန်ရိုက်နှိပ်ထုတ်ဝေမှုကလည်း ငွေကြေးဖောင်းပွမှုကိုဖြစ်စေလို့ပါ။

ငွေကြေးဖောင်းပွမှုဖြစ်စေတဲ့ အခြားအကြောင်းရင်းနှစ်ချက်က ကုန်ကျစရိတ်တွေရဲ့ တွန်းအား (Cost- Push Inflation) နဲ့ ဝယ်လိုအားရဲ့ဆွဲအား (Demand – Pull Inflation) တွေကြောင့်ဖြစ်လာတဲ့ ငွေကြေး ဖောင်းပွမှုကတော့ ဒီကနေ့ နည်းလမ်းပေါင်းစုံနဲ့ကြော်ငြာနေကြတဲ့ ကြော်ငြာတွေ ဖြစ်ပါတယ်။  အဝယ်လိုက်တဲ့ပစ္စည်းတွေကို ရောင်းသူတွေက ဈေးပိုမိုတင်လိုက်တဲ့အတွက် ဈေးနှုန်းတွေ မြင့်တက်လာစေတာ ဖြစ်ပါတယ်။ မတရားနည်းနဲ့ ငွေကြေးရထားသူအချို့က သူတို့ရဲ့ငွေတွေကို ငွေအဖြစ်မသိမ်းဆည်းဘဲ ရွှေချောင်းတွေ ဝယ်ယူမှုမြင့်မားလာတဲ့အခါ ရွှေဈေးနှုန်းတွေ မြင့်တက်လာစေတာ ဖြစ်ပါတယ်။

နိဂုံးအနေနဲ့ဆိုရရင် အများစုက ဒီကနေ့ကာလမှာ ရေဘေးနဲ့ငွေဘေးတွေ့နေကြပါတယ်။ ဒါကိုစနစ်တကျနဲ့ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ပါမှ ရေနဲ့ငွေကြောင့် ရတက်မအေးမှုတွေကနေ ကင်းဝေးနိုင်စေမှာ ဖြစ်ကြောင်းပါ။

Most Read

Most Recent