“ခုတစ်လော မင်းအမေကို မတွေ့ပါလား။ မင်းအမေ နေကောင်းရဲ့လား။ ငါတို့ဆီ လာခဲ့ဦးလို့ မင်းအမေကို ပြောလိုက်။ မင်းအမေကတော့ စံပါပဲ။ အမေ့ကို တွေ့မိလိုက်ကြသေးလား” ။ အမေ့ကို သတိရသည်။ အမေ့ကို မေးကြ မြန်းကြသည့်အခါ ဝမ်းနည်းဖွယ်ကောင်းသောအဖြေကို ကျွန်တော်က ပြောပြရလေ့ရှိသည်။ ယင်းမှာ အမေကွယ်လွန်သွားခဲ့ပြီဆိုခြင်းပင်။ အမေ မရှိတော့။ အမေ ကွယ်လွန်တော့ အသက် ၇၃ နှစ်။ အမေငယ်ငယ်က ဓာတ်ပုံကို နံရံမှာ ချိတ်ဆွဲထားသည်။ အိမ်အပေါ်ထပ်မှာ တစ်ပုံ။ အိမ်အောက်ထပ်မှာ တစ်ပုံ။ အိမ်အပေါ်ထပ်ကပုံမှာ ဘုရားရင်ပြင်တော်တွင် လူအများနှင့် ဖယောင်းဆီမီး ထွန်းညှိပူဇော်နေသော အမေ့ပုံဖြစ်သည်။ အိမ်အောက်ထပ်ကပုံမှာ ကောင်းမွန်သော အဝတ်အစားများဖြင့် ဓာတ်ပုံဆိုင်တွင် စနစ်တကျ ရိုက်ကူးထားသော အမေ့ပုံဖြစ်သည်။ နှစ်ခုစလုံး အဖြူအမည်းဓာတ်ပုံများဖြစ်ပြီး အမေအပျိုတုန်းက ပုံများလည်း ဖြစ်ပါသည်။ ကျွန်တော်တို့၏ မိခင်ဟူသော အဓိပ္ပာယ် ပြည့်ဝသည့် ဓာတ်ပုံများလည်း ဖြစ်ပါသည်။
ကျွန်တော်တို့ငယ်စဉ်က အဖေနှင့်အမေတွင် အဖေ့ကိုကြောက်သော်လည်း အမေ့ကိုမူ မကြောက်ပါ။ “အမေ့ကို ဘာဖြစ်လို့ မကြောက်တာလဲ” ဟု မမှတ်မိပါ။ ယခု အမေ မရှိတော့သော်လည်း အမေသည် ကျွန်တော်တို့ ညီအစ်ကို မောင်နှမများ၊ မိသားစုများကို စောင့်ရှောက်နေလျက်ပင် ရှိသည်ဟု ထင်မှတ်မိပါသည်။ လူတစ်ယောက်သည် သေဆုံး ကွယ်လွန်သွားပြီးနောက် သူ့သားသမီးများကို စောင့်ရှောက်နေနိုင်သေးသည်ဟုဆိုလျှင် ယင်းမှာ အမေပင် ဖြစ်ပါသည်။ ယင်းမှာ မေတ္တာတရားပင် ဖြစ်ပါသည်။ တစ်ရက်က ကျွန်တော်သည် အမေအသုံးပြုခဲ့သော ပိုက်ဆံအိတ်အဟောင်းတစ်ခုကို ဖွင့်ကြည့်ရာ အနက်ရောင် ပိုက်ကွန်သေးသေးလေးတစ်ခုကို တွေ့ရပါသည်။ ပိုက်ကွန်နက်ကလေးမှာ ဆွဲ၍ ဆန့်၍ရပြီး အမျိုးသမီးများ ဆံထုံးကို အုပ်သိမ်းရာတွင် အသုံးပြုကြဟန်တူပါသည်။ ကျွန်တော်သည် ယင်းပိုက်ကွန်နက်ကလေးကို သူ့နေရာသူ ပြန်ထားလိုက်ပြီး အမေ့ကို တရေးရေး သတိရနေမိပါသည်။ ကျွန်တော်တို့ မိသားစုမှာ တမ္ပဝတီရပ်ကွက်တွင် နေကြစဉ်က အမေသည် အနီးရှိ မြို့ဟောင်းဈေးသို့သွား၍ ဆန်ရောင်းပါသည်။ ဆိုင်နှင့် ကန္နားနှင့်တော့ မဟုတ်ပါ။ ဈေးလမ်းဘေးဝဲယာ ဈေးတန်းလိုဖြစ်နေသော နေရာမှာ မိုးကာစကို ခင်း၍ ဆန်များကို ပုံကာရောင်းချခြင်း ဖြစ်ပါသည်။ အမေရောင်းသောဆန်မှာ နှစ်စား သုံးစားခန့်ရှိရာ မိုးကာစပေါ်မှာ နှစ်ပုံ သုံးပုံခန့် ပုံ၍ ရောင်းရပါသည်။ မြို့ဟောင်းဈေး၏ အရှေ့မြောက်ယွန်းယွန်း ဂိုင်ရွာထဲမှ ကုလားမကြီးများသည် အမေ၏ ဖောက်သည်များ ဖြစ်ပါသည်။ အမေသည် နှုတ်ချို၍ လက်ပေါသူဖြစ်ရာ အမေ့ဆိုင်ကလေး၏ ရောင်းအားမှာ မဆိုးလှပါ။ မနက်မနက် စောစောထ၍ ဆိုင်သွားခင်းရန် ပြင်ပြီဆိုလျှင် ထိုစဉ်က ကျွန်တော်တို့ ငှားရမ်းနေသော ဦးစိန်တို့ အိမ်ကလေး၏ ဓားလွယ်ခုတ်က မဝင်းမေတို့ အိမ်ကလေးကို နှင်းမှုန်မှုန်ထဲမှာ တွေ့ရသည်။ မဝင်းမေကလည်း စောစောနိုးနေလေပြီ။ ကျွန်တော်က ဆန်အိတ်ပိုင်းများကို စက်ဘီးပေါ်တင်ကာ နှစ်ခေါက် သုံးခေါက် ပို့ပေးရပါသည်။ ပြည်တောင်း၊ ဇလုပ်တိုက်သော ပိုက်လုံး၊ ပိုက်ဆံထည့်သည့် သံဘူးစသည်တို့ အစုံအလင်ပါအောင် ကျွန်တော်က သယ်ယူပေးပါသည်။ ဆောင်းတွင်းရက်များဆိုလျှင် မြို့ဟောင်းဈေးမှာ နှင်းမှုန်မှုန်များထဲဝယ် ပြာမှိုင်း အေးစက်လျက် တလှုပ်လှုပ်သွားနေကြသော လူသူအစအနကို မြင်တွေ့ရပါသည်။ ထိုစဉ်က ကျွန်တော်သည် မဝင်းမေနှင့် သိကျွမ်းခင်မင်ခြင်း မရှိသေးပေ။ လမ်းဘေး ဆန်ဆိုင်ကလေးမှာ အမေနေသားတကျဖြစ်လျှင် ပန်းခြံလမ်းထောင့်က ငွေဇင်ယော်ကဖေးဆိုင်မှ လက်ဖက်ရည်ပူပူကို အမေ့အတွက် ဝယ်ယူပေးရပါသည်။ တစ်ခါတစ်ရံ ဆောင်းတွင်း နံနက်စောစောတွင် ထူပိန်းပိတ်နေသော နှင်းများကို တွေ့ရသည်။ ကဖေးဆိုင် နံပြားဖိုမှ မီးရောင်ရဲရဲကို ထူပိန်းအောင် ကျဆင်းနေသော နှင်းများထဲမှာ တွေ့ရသည်မှာ နွေးနေသလိုပင်။ တဖွဲဖွဲကျဆင်းနေသော နှင်းမှုန်များထဲမှာ လူရိပ်သဏ္ဌာန်များ ရောထွေး မှုန်ဝါးနေပါသည်။ ကျွန်တော်တို့ မိသားစုသည် မဝင်းမေ၏ အိမ်အောက်ထပ်သို့ ရောက်လာကြပါသည်။ မဝင်းမေ၏ အိမ်မှာ နှစ်ထပ်ဖြစ်ပြီး အတော်ပင်ကျယ်ဝန်းကာ ဝိုင်းထဲမှာ မြေကွက်လပ်နေရာများလည်း ရှိပါသည်။ တစ်ညနေ ကျွန်တော် မူးလာတော့ မဝင်းမေက အဖေနှင့် အမေ မသိအောင် ကျွန်တော့်ကိုတွဲခေါ်ကာ အိမ်အပေါ်ထပ်က သူ့အိပ်ရာမှာ သိပ်ထားပါသည်။ ကျွန်တော် အမူးပြယ်ပြီး နိုးလာတော့ အိမ်အောက်သို့ ဆင်းလာပါသည်။ ညသည် အမှောင်သန်းစပြုနေပါပြီ။ နောက်တစ်နေ့ နံနက်မိုးလင်းတော့ အန်ဖတ်များ ပေကျံနေသော အိပ်ရာခင်းကို ရေကန်မှာ မဝင်းမေက လျှော်ဖွပ်နေပါသည်။ အမေ့အကြောင်းကိုပြောလျှင် (သို့မဟုတ်) မဝင်းမေ အကြောင်းကိုပြောလျှင် ကျွန်တော် သတိကြီးစွာ ထားရပါသည်။ သူတို့သည် မရှိကြသော သူများဖြစ်ပြီး ကျွန်တော့်အပေါ်တွင် မိုးနှင့် မြေပမာ ကျေးဇူးပြုသောသူများလည်း ဖြစ်ကြသောကြောင့်ပါတည်း။ အမေသည် မဝင်းမေနှင့် ခပ်တန်းတန်းနေရန် ကျွန်တော့်ကို ပြောပါသည်။ “မင်း ခံစားရလိမ့်မယ်”ဟုလည်း ဆိုပါသည်။ ထိုစဉ်က မဝင်းမေ၏ ရင်ထဲ၌ မည်သို့သော သဘောထားများ ရှိနေခဲ့သည်ကို ကျွန်တော် မသိခဲ့ပါ။ မည်သူမျှလည်း မသိခဲ့ပါဟု ထင်ပါသည်။
သားကြီးသည် ညဉ့်အတော်နက်မှ အိမ်သို့ ပြန်လာပြီး သူမူးလာပါသည်။ ကျွန်တော်က အမေ မသိအောင် အိမ်ပေါ် တွဲခေါ်၍ အိပ်ရာထဲမှာ သိပ်ရပါသည်။ အိပ်ရာထဲရောက်တော့ သားကြီး အန်ပါသည်။ ကျွန်တော်က အန်ဖတ်များကို ကျုံး၍ သန့်ရှင်းပေးပြီး အိမ်အောက်ထပ်သို့ ဆင်းကာ အဝတ်ပေများကို ရေစိမ်ထားလိုက်ပါသည်။ သားကြီး အိပ်ပျော်သွားပါပြီ။ ယနေ့ ၁၀ တန်း အောင်စာရင်းထွက်တော့ သူကအောင်ပြီး သူ့သူငယ်ချင်းများက ကျ၍ သူတို့ သောက်လာကြခြင်းဖြစ်သည်။ သားကြီးသည် သူ့အမေ မဝင်းမေနှင့် တူသည်များရှိသကဲ့သို့ ကျွန်တော်နှင့် တူသည်များလည်း ရှိပါသည်။ “ကျွန်တော် ငယ်ငယ်တုန်းက အဖေကြီးနဲ့ အမေကြီးက ‘အကြော် ကလေးရေ’ လို့ ခေါ်ရင် ‘ဂျာ’ လို့ ပြန်ထူးတာ” ဟု သားကြီးက ပြောဖူးသည်။ သူသည် “အဖေ အမေ သေတာ တကယ်လား” ဟု မေးခဲ့သူဖြစ်ပါသည်။ သားငယ်ကလေးသည် ရုပ်သံအစီအစဉ်ကို ကြည့်နေရင်း ဤသို့ဆိုသည်။ “အဖေ အမေသေတာ နည်းနည်းစောသွားတယ်နော်” ဟု။ ရုပ်သံအစီအစဉ်တွင် ကင်ဆာရောဂါကို ကုသပေးနိုင်မည့် ဆေးတွေ့ရှိပြီဟု ပြောပြနေပါသည်။ ဆောင်းရက်များကို ပြန်လည်ရောက်ရှိလာပါသည်။ နှင်းမှုန်မှုန်များ တဖွဲဖွဲ ကျဆင်းလာနေပါသည်။ လမ်းမတစ်လျှောက်နှင်းများ ပိတ်ဆည်းနေပါသည်။ မဝင်းမေဈေးသို့ သွားသည်။ ကျွန်တော်က အိပ်ရာထဲ အိပ်၍ကောင်းတုန်း။ ဤသို့ ဆောင်းရက်များဆိုလျှင် မဝင်းမေ၏ မုံညင်းစောဟင်းကို ကျွန်တော် စားရတတ်သည်။ ညဉ့်ယံက တိတ်ဆိတ်နေပါသည်။ မဝင်းမေ အိပ်ပြီ။ ကလေးများက သူ့အနီး အိပ်ပျော်နေကြပြီ။ ကျွန်တော်က မအိပ်စက်နိုင်သေး။ ထင်းရှူးသေတ္တာ ကလေးပေါ် စာရွက်များ ဖြန့်ခင်းကာ စာရေးနေသည်။ အပြင်ဘက်မှာ နှင်းမှုန်မှုန်များ ကျဆင်းနေလိမ့်မည်။ ကျွန်တော်က ဟောင်းမြင်းသော ကုတ်အင်္ကျီကြီးကို ဝတ်ဆင်ကာ စာရေးနေသည်။ ဤသို့သော ညများ၌ ‘ပြန်ပေးဆွဲခံရသော မန္တလေးညများ’ ကို ကျွန်တော် ရေးနိုင်ခဲ့သည်။ ယင်းမှာ တရုတ်စာရေးဆရာ ယူတာဖူ၏ ရေးဟန်လွှမ်းမိုးသော ဝတ္ထုတစ်ပုဒ်ဖြစ်သည်။ “ကျွန်တော်တို့ မြို့ကလေးဟာ နွေဦးပေါက်တာနဲ့ နံရိုးအပြိုင်းပြိုင်းထလာတော့တာပဲ” အစရှိသဖြင့် ဝတ္ထုကို ဖွဲ့စည်းထားခဲ့သည်။ ရန်ကုန်မြို့ရှိ ဟန်သစ်မဂ္ဂဇင်းတိုက်မှ အယ်ဒီတာက ကျွန်တော့်ကို ဆက်သွယ်ကာ ဝတ္ထုတိုများ ရေးသားပေးပို့ရန် ပြောထားသည်။ ညဉ်နက်သည်အထိ ကျွန်တော်စာရေး နေလေ့ရှိပြီး လင်းအားကြီးပိုင်းတွင် ကျွန်တော် အိပ်ပျော်သွားသည်။
ကျွန်တော်သည် သမီးကလေးနှင့်အတူ မဝင်းမေ၏ဇာတိ နမ့်ခမ်းမြို့သို့ ရောက်ရှိခဲ့သည်။ ကျွန်တော့်စာအုပ်တစ်အုပ်မှ ရရှိသော စာမူခ အနည်းငယ် ပါရှိလာခဲ့သည်။ ယင်းစာမူခငွေကို မဝင်းမေအတွက် ရည်စူး၍ ကောင်းမှုကုသိုလ်ပြု လှူဒါန်းနိုင်ခဲ့သည်။ နမ့်ခမ်းမြို့လယ်မှ ဘုရားကိုသွား၍ ကျွန်တော်တို့ ဖူးကြသည်။ ဘုရားထဲရှိ နိပါတ်ပန်းချီလက်ရာများကို ကျွန်တော်တို့ ကြည့်ရှုကြသည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ခမ်းမြို့မှ ဘုရားဖူးရင်း ကြည့်ရှုခဲ့ရသော နိပါတ်ပန်းချီလက်ရာများမှာ စိတ်ဝင်စားဖွယ်ကောင်းသည်။ ဘုရားအလောင်း သိဒ္ဓတ္ထမင်းသား တောထွက်ခန်းကို ရေးဆွဲထားရာတွင် သိဒ္ဓတ္ထမင်းသားသည် ရှမ်းဘောင်းဘီဝတ်ဆင်ထားသည်ကို တွေ့ရသည်။ ကမ္ဘောဇအငွေ့အသက် လွှမ်းနေသော နိပါတ်တော်ပန်းချီလက်ရာများကို တစ်ဝကြီး ကြည့်ရှုခဲ့ရသည်။ နမ့်ခမ်းညဈေး တန်းမှာ သမီးကလေး စားချင်သည်ကို ကျွန်တော် ဝယ်ကျွေးခဲ့သည်။ နမ့်ခမ်းမြို့ကား သမီးကလေး၏ မိခင်မြို့ဖြစ်ပေရာ ကျွန်တော်နှင့်လည်း အရင်းအချာကျသော မြို့ဖြစ်ပါသည်။ ဘယ်တော့မှ ရိုးအီမသွားနိုင်သောမြို့၊ ဘယ်တော့မှ မေ့ပျောက်သွားမည်မဟုတ်သော မြို့လည်း ဖြစ်ပါသည်။ မဝင်းမေသည် နေ့လယ်ခင်း နေရောင်ထဲမှာ ကလေးများ၏ ကျောင်းဝတ်စုံကို လျှော်ဖွပ်ကာ ကြိုးတန်းထက်၌ လှန်းနေပါသည်။ အဝတ်လျှော်ပြီးလျှင် သောက်ရေအိုး ရေဖြည့်မည်။ သောက်ရေအိုး ရေဖြည့်ပြီးလျှင် ဘုရားပန်းအိုးများ ရေလဲမည်။ ဘုရားပန်းအိုးများ ရေလဲပြီးလျှင် ဆန်ရွေးမည်။ ဆန်ရွေးပြီးလျှင် အိမ်ဝိုင်းထဲ တံမြက်စည်းလှည်းမည်။ အိမ်ဝိုင်းထဲမှာ တံမြက်စည်း လှည်းပြီးလျှင် ကြိုးတန်းမှာ လှန်းထားသော အဝတ်များ ခြောက်ပေတော့မည်။ အဝတ်များခြောက်သွားလျှင် ရုပ်ပြီးညကျလျှင် မီးပူထိုးရပေလိမ့်မည်။ ညစာအတွက် ထမင်းအိုးတည်မည်လေ။ “အမေ့ရင်ခွင်ဟာ ငါ့အတွက် ခံတပ်ဟောင်း၊ စမ်းချောင်းနဲ့ လက်ဖက်ရည်ဆိုင်ပါပဲ” ဟု ကျွန်တော် လူငယ်ဘဝက ရေးဖူးသည်။ အမေဒေါ်စိန်တင် နှင့် မဝင်းမေ မြို့ဟောင်းဈေးထဲသို့သွားလျှင် သားအမိဟု ထင်ကြသည်။ ထိုသို့ပြောလျှင် အမေ ဒေါ်စိန်တင်ရော မဝင်းမေပါ ကျေနပ်ကြလေ့ရှိသည်။ မဝင်းမေက အမေဒေါ်စိန်တင်ကို အမေဟု ခေါ်ခဲ့သည်။ (ခြေဆင်းပါပဲ။ ကဗျာတစ်ပုဒ်ကို တင်ဆက်ဖို့ ပြင်ဆင်တဲ့ ခြေဆင်းပါပဲ။ အမေနှစ်ယောက်ကို တပေါင်းတည်း ရည်ညွှန်းနိုင်တဲ့ ကဗျာတစ်ပုဒ်ကို တင်ဆက်နိုင်ဖို့ ကြိုးပမ်းအားထုတ်မှုပါပဲ။ ကျွန်တော့် မှတ်ဉာဏ်ထဲကို သတိရခြင်း ခဲလုံးကလေးတွေ ပစ်ချလိုက်တော့ ပေါ်ထွက်လာတဲ့ ဂယက်ဝိုင်းကလေးတွေပါပဲ။ ရေပွက်ငယ် ကလေးတွေပါပဲ။ ကောင်းပါပြီ။ ကဗျာတစ်ပုဒ်ကို ကျွန်တော် တင်ဆက်လိုပါတယ်)
ငါ့အမေကို ဘာလုပ်တာလဲ (စကားပြေကဗျာ)
ငါ့အမေကို ဘာလုပ်တာလဲ။ ကလေးတစ်ယောက်က မေးတယ်။ သူ့ခါးကို ထောက်လို့။ ငါ့အမေကို ဘာလုပ်တာလဲ။ ဟေ့ဒီမှာ မေးနေတယ်ကွ။ မင်းပဲ ဖြေလိုက်ကွာ။ ငါ မသိဘူး။ ငါမသိတာတွေ အများကြီးကွ။ မင်းအမေက မင်းတို့အိမ်ထဲမှာ အိပ်ပျော်နေမှာပေါ့ကွာ။ ထပ်မေးတယ် ကလေးက။ ငါ့အမေကို ဘာလုပ်တာလဲ။ အေး ငါတို့လည်း အဲဒါကိုပဲ သိချင်နေကြတာ။ မင်းသိရင် ပြောလေ။ မင်းကို သရဲသကြားလုံး ကျွေးမယ်။ ဟေ့ကောင် ငါတို့ဆီမှာ သရဲသကြားလုံးမရှိဘူး။ သိပ်ခါးတဲ့ ဆေးပြားတွေပဲ ရှိတယ်။ ဟိတ်ချာတိတ် မင်းသောက်မလား။ ငါ့ အမေကို ဘာလုပ်တာလဲ။ ကလေးဟာ သူ့မေးခွန်းကို ဆက်လက် မေးမြန်းတယ်။ သူ့ခါးကို ထောက်မြဲ။ မှောင်တော့မယ် ကလေး။ မင်းအိမ်ပြန်တော့။ မင်းအမေက မင်းကို စောင့်နေလိမ့်မယ်။ ငါတို့မှာ အချိန်မရှိဘူး။ ပြီးတော့ ငါတို့မှာ အမေမရှိဘူးကွ။ ဘယ်သူပြောတာလဲ။ လူအ။ မင်းအမေက နယူးယောက်မှာ၊ ငါ့အမေက ဂျိုဟာနစ္စဘတ်မှာ။ ဒီကောင့်အမေက ဟေတီမှာ။ ဟေ့ကောင် ငါ့အမေက ဟေတီမှာ မဟုတ်ဘူး။ တရုတ်ပြည်မှာကွ။ ငါ့အမေက အားလုံးထဲမှာ အသက်အကြီးဆုံး။ ညညဆို မှန်အိမ်ကလေးထွန်းပြီး ကျမ်းစာအမြဲဖတ်တယ်။ ငါ့အမေကသွားတွေ တစ်ချောင်းမှ မရှိတော့ဘူးကွ။ သူကနွားနို့ ပူပူကြိုက်တယ်။ ရေဒီယို နားထောင်တယ်။ ငါ့အမေက မျက်စိသိပ်မှုန်တာ။ ဒါပေမဲ့ငါ့ကို ဘယ်တော့ဖြစ်ဖြစ် မှတ်မိတယ်။ သူက အမှောင်ထဲမှာထိုင်ရင်း ငါ့ကို အမြဲစောင့်နေတာ။ မေရီမှာ သိုးကလေးတစ်ကောင်ရှိတယ်ဆိုတဲ့တေး မင်းတို့နားထောင်ဖူးလား။ ငါ့အမေကို ဘာလုပ်တာလဲ။ ကလေးကမေးတယ်။ နှစ်ကာလတွေက သူ့ကို သေသေချာချာကြည့်တော့ ကလေးဟာ အဘိုးကြီးတစ်ယောက်အဖြစ် ပြောင်းလဲသွားတယ်။ သူက ဆက်မေးလေတယ်။ ငါ့အမေကို ဘာလုပ်တာလဲ။ မင်းပဲ ဖြေလိုက်ပါကွာ။