(၁)
ပဆစ်အိမ်ဆိုတာ မောင်သိန်းဆိုင်ရဲ့ နာမည်ကြီးလုံး ချင်းဝတ္ထုရှည်တစ်အုပ်နာမည်။ ဖတ်တဲ့အချိန်တုန်းက ဖတ်သာဖတ်ခဲ့တာ ပဆစ်ပစ်တာနဲ့ပတ်သက်ပြီး ဗဟုသုတကသိပ်မရှိခဲ့ဘူး။
ပဆစ်ဆိုင် ဆိုတာကတော့ ငယ်ငယ်တုန်းက ကုလားအော်သီးလေးအစ နနွင်းမှုန့်အဆုံး တိုတိုထွာထွာ ဈေးဝယ်ခိုင်းရင် သွားဝယ်ရတဲ့ဆိုင်။ ဆိုင်ရှင်က တစ်ချိန်လုံး ကြွေပန်းကန်လုံးထဲကို ကြွေစေ့တွေ တချွင်ချွင်ပစ်ပြီး ကစားနေလေ့ရှိလို့ အလွယ်တကူ ပဆစ်ဆိုင်လို့ခေါ်တာ။ ဒါတောင်မှ ကြွေစေ့တွေပစ်နေတာဆို အထွန့်တက်မိလို့ အမေဆူတာခံရသေးတယ်။ အဲဒါ ပဆစ်ပစ်တယ်ခေါ်သဟဲ့တဲ့။
(၂)
ငါးတန်းတက်ချိန်မှာ စစ်ကိုင်း အထက (၁) ရောက်တော့ ကျောင်းစာကြည့်တိုက် မှန်မှန်သွားပြီး စာအုပ်တွေငှားတတ်၊ ဖတ်တတ်ပြီ။ စာအုပ်ကောင်းတွေ အများကြီးဖတ်ခွင့်ရခဲ့တာပေါ့။ ရှေးစာတွေ ကူးမှတ်ကျက်တတ်ခဲ့သလို စာစီစာကုံးရေးရင် အသုံးဝင်နိုင်တာတွေလည်း အာဂုံဆောင်ခဲ့တယ်။ ဆုံးမစာတွေ၊ မေတ္တာစာတွေနဲ့ ရင်းနှီးခဲ့တယ်။
‘ထန်းရည် အရက်၊ တစ်ချက် ကိုကင်း၊ ဘိန်းဘင်း ကဇော်၊ လှော်စာ သောက်စား၊ ပြုသူများ၊ စီးပွားပျက်မည်သိ။
ဗျပ်စောင်းမသွေ၊ ပုလွေ ဘာဂျာ၊ တီးမှုတ်ကာနှင့်၊ ညမှာလျှောက်သွား၊ ပြုသူများ၊ စီးပွားပျက်မည်သိ။
အငြိမ့်ဇာတ်ပွဲ၊ ရုပ်သေးပွဲနှင့်၊ ပွဲလမ်းသဘင်၊ ပျော်ရွှင်လိုက်စား၊ ပြုသူများ၊ စီးပွားပျက်မည်သိ။
မြင်းပြိုင် ကြက်တိုက်၊ ဝိုက်အံ့ ကြိုးဆွဲ၊ ဖဲကတ် ပဆစ်၊ မလစ်လောင်းစား၊ ပြုသူများ၊ စီးပွားပျက်မည်သိ။
လူသွမ်း လူသောင်း၊ လူဘူးတောင်းနှင့်၊ မကောင်းမိတ်ဖက်၊ လူသူပျက်တို့၊ ပေါင်းလျက် ယှဉ်သွား၊ ပြုသူများ၊ စီးပွားပျက်မည်သိ။
မလုပ်မကိုင်၊ မှိုင်တွေငေးမူ၊ ငယ်မူကျောခင်း၊ ပျင်းရိဖင့်စား၊ ပြုသူများ၊ စီးပွားပျက်မည်သိ။’
ဆရာလင်းရေးတဲ့ဆုံးမစာလို့ မှတ်သားဖူးတာလေးဖတ်ရတော့ ဟောဗျာပဆစ်ကစားတာ စီးပွားပျက်တတ်တယ်တဲ့ဆိုပြီး စပ်စုချင်စိတ်လေး ခဏငုပ်ခဲ့တယ်။
(၃)
‘ပ ပဆစ် ကြွေအံပစ်’ ဆိုပြီး ကိုယ်တိုင်ကစားတတ်လာတာက ၁၉၈၁ မှာ။ ရန်ကုန်တက္ကသိုလ်မှာ သစ်တောပညာအဓိကနဲ့ ကျောင်းတက်တော့ ဆောင်းတွင်း ကျောင်းရက်ရှည် ပိတ်ချိန်တွေရောက်ရင် တောတွင်းလက်တွေ့ကွင်းဆင်းပြီး ကိုယ်တိုင်လုပ်ရတယ်။ ၁၉၈၁ စတုတ္ထနှစ် ဆောင်းရက်တွေမှာ ပုသိမ်သစ်တောနယ်ထဲ လက်တွေ့ဆင်းရတယ်။ ကောင်းကင်ကြိုးသွယ် ပုသိမ်သစ်တောနယ်ဆိုပြီး လမ်းစဉ်သတင်းတွေ၊ ရှေ့သို့တွေမှာ တောင်ပါခဲ့တဲ့ အထင်ကရနေရာဗျာ။
အဲဒီမှာ ချောင်းသာကမ်းခြေ ခဏရောက်တော့ ခရုတွေ ကောက်ကြတယ်။ ကြွေတွေလည်း ကောက်ရတဲ့အထဲမှာပါလာတော့ အရွယ်ညီလေးတွေရွေးပြီး ကြွေပစ်တာပေါ့။ ပဆစ်အိမ်ကိုက စက္ကူပေါ်မှာဆွဲပြီး ကြွေပန်းကန်လုံးမရှိတော့ ဆပ်ပြာခွက်အခွံကို သုံးခဲ့ကြတာ။ ညဆိုရင် ပဆစ်ဝိုင်းက ကြွေပစ်သံက တချွင်ချွင်မလွင်ဘဲ တခွပ်ခွပ်နဲ့ အတော်ဆူညံခဲ့တာ။ သင်ပေးတဲ့ဆရာကြီးတွေက တခြားကဟုတ်ပါရိုးလား၊ မန္တလေးသား သူငယ်ချင်းတွေပေါ့။
(၄)
ပါရမီကလည်းပါတော့ ခဏနဲ့နားလည်ခဲ့တယ်။ ကိုယ့်ရှေ့ကသွားတဲ့ ပြိုင်ဘက်ရဲ့ အကောင်ကို စားဖို့ဘယ်နှကွက်လိုတယ်။ ဘာပစ်ရမယ်။ ကိုယ့်အကောင်ကို သူမစားနိုင်အောင် အထိုင်ကွက်မှာ နေရာချရမယ်စသဖြင့် ပဆစ်ဗျူဟာတွေ သဘောပေါက်ခဲ့တယ်။ ဆယ်၊ ခြောက်၊ ပါ၊ သုံး၊ လေး၊ ပါရာ (ဗယာ)၊ ငါး စသဖြင့် ပေါ်တဲ့ကြွေပေါ်မူတည်ပြီး ခေါ်တဲ့ဝေါဟာရတွေရယ်၊ ရွှေ့နိုင်တဲ့အကွက်တွေရယ် အလွတ်ရလာတယ်။ ဖတ်ဖူးတဲ့ စာပေကျမ်းဂန်တွေထဲက ဝိဓူရဇာတ်တော်မှာပါတဲ့ ကြွေအန်ကစားတာ ဒီလိုမျိုးလားဆိုပြီး တွေးတောမိခဲ့တယ်။ ဒါပေမဲ့ ဇာတ်တော်ထဲမှာက ‘နဂါးမင်းသမီးလေးအား မေတ္တာသက်ဝင် ချစ်ခင်မိလေသော ပုဏ္ဏကဘီလူးသည် မင်းသမီးလေး၏ အလိုအတိုင်း ကောရဗျပြည်သို့သွား၍ ဝိဓူရသုခမိန်၏ နှလုံးသည်း ပွတ်အားရယူပေးမည်ဟု ကတိပြုခဲ့လေသည်။ ထို့နောက် ပုဏ္ဏကနတ်ဘီလူးသည် သိန္ဓောမြင်းကိုစီး၍ ကောင်းကင်ခရီးဖြင့် ကောရဗျပြည်သို့သွားရောက်ကာ ကြွေအန်ကစားရာတွင် ဝါသနာထုံလှသော ကောရဗျဘုရင်အား ကြွေအန်ကစားရန် ချိန်းဆိုခြင်းပြုလေသည်။ ကြွေအန်လောင်းကြေးအဖြစ် ပုဏ္ဏကနတ်ဘီလူးရှုံးလေသော် သိန္ဓောမြင်းနှင့် အဖိုးအနဂ္ဃထိုက်သည့် ပတ္တမြားအား ပေးမည်ဖြစ်ပြီးနိုင်ခဲ့သော် ကောရဗျဘုရင်မှ ဝိဓူရသုခမိန်အား ၎င်းထံပေးရန် လောင်းကြေးထပ်လေသည်” လို့သာဖတ်ဖူးခဲ့တာဖြစ်ပြီး ကစားနည်းအကြောင်းက အသေးစိတ်မသိခဲ့ရတော့ ဟုတ်ချင်လည်း ဟုတ်ပေမပေါ့လောက်နဲ့ ပြီးခဲ့ရတယ်။
(၅)
ပဆစ်ပစ်တာ ကောင်းကောင်းတတ်ပြီးချိန်မှာ ဝတ္ထုတိုတစ်ပုဒ် ဖတ်ခဲ့ရတယ်။ နာမည်က ‘သုံးစားပါကျ’ တဲ့။ ရေးတဲ့စာရေးဆရာ နာမည်မမှတ်မိတာတော့ တောင်းပန်ရမှာပါပဲ။ ဗြောင်းဆန်အောင်လုပ်ပြီးမှ တောင်းပန်တာမျိုးမဟုတ်ဘဲ ရိုးသားစွာမမှတ်မိခြင်းအတွက် တောင်းပန်တာဆိုတော့ လိပ်ပြာသန့်စွာနဲ့ တောင်းပန်ရတာပေါ့။
ဇာတ်လမ်းက ဒီလိုဗျ။ ကြွေပစ်အင်မတန်ကျွမ်းတဲ့ အဘိုးကြီးတစ်ယောက်နဲ့ သူစိမ်းတစ်ယောက် ပိုက်ဆံကြေး ကြွေပစ်ကြတဲ့ ဇာတ်လမ်း။ အဲဒီပွဲဖြစ်အောင် ချိတ်ပြီးစီစဉ် သူတစ်ယောက်က အမဲတစ်ကောင်တော့ မိပဟဆိုပြီး ချိန်းလာတာ။ ကြွေပစ်ကြတော့ အဘိုးကြီးက ဦးဆောင်ခဲ့ပြီး သုံးပွင့်ပေါ်ရင်ပြီးပြီ၊ နိုင်ပြီဆိုတဲ့ အခြေရောက်လာတယ်။ ကြွေစကားနဲ့ ‘သုံးစား’ လို့ခေါ်တယ်။ အဲဒီမှာ အဘိုးကြီးပစ်လိုက်တာ နှစ်ပွင့်ပဲပေါ်ခဲ့တယ်။ နှစ်ပွင့်ပေါ်တာကို ‘ပါ’ လို့ခေါ်တာမို့ ‘ပါကျတယ်’ လို့ဆိုတယ်။
ပြောရရင် သုံးပွင့်ပေါ်ဖို့ဆိုတာ မခဲယဉ်းလှဘူး။ အထူးသဖြင့် ပဆစ်ပါရဂူကြီးတွေ၊ ပဂေးကြီးတွေ အတွက်ပေါ့။ ဒါကိုပါကျတော့ ကြွေကန်းသွားပါရော။ တစ်ပွင့်ပေါ် ငါးပွင့်မှောက်၊ ငါးပွင့်ပေါ် တစ်ပွင့်မှောက်ကျမှ ဂိမ်းတော့မှာ။ အဲသဟာက ကြွေနိုးတာ။ ဖြစ်ချင်တော့ အဘိုးကြီးကြွေက လုံးဝမနိုးဘဲ လေးကျလိုက်၊ သုံးကျလိုက်နဲ့ တစ်ရွာသားက နိုင်သွားပါရော။ အဘိုးကြီးနဲ့ ပွဲချိန်းသူနဲ့ ရှုံးကြေးကို တစ်ယောက်တစ်ဝက် ပေးလိုက်ရတယ်။
ဒီလိုနဲ့ပြီးသွားရင် ဘယ်ဝတ္ထုဖြစ်ပါ့မလဲ။ အဘိုးကြီးက နိုင်သွားတဲ့သူနဲ့ တိတ်တိတ်ကလေး သွားတွေ့၊ သူ့ရှုံးကြေးပြန်ယူ၊ ကျန်တဲ့ပွဲစီစဉ် သူရှုံးတဲ့ပိုက်ဆံကို တစ်ဝက်စီခွဲယူတာနဲ့ အဆုံးသတ်တယ်။ မြန်မာစကားမှာလည်း သုံးစားပါကျဆိုတဲ့ အသုံးအနှုန်းရှိပါတယ်။ ပဆစ်ပစ်တတ်ရင် သိပ်ရှင်းပြစရာမလိုဘူးပေါ့။ စာဖတ်တယ်ဆိုတာ နားလည်မှ အရသာပိုရှိတာမျိုးပေကိုး။
(၆)
ခက်တာက စာရေးတာပဲဖြစ်ဖြစ် စကားပြောတာပဲဖြစ်ဖြစ် ကကြီးကနေ အအထိရှင်းပြနေရ ပြောနေရမယ်ဆိုရင် သိပ်တော့မနိပ်လှဘူးပေါ့။ ခုနက အဘိုးကြီးကို ဂျူးလီးယပ်ဆီဇာအကြောင်းသိသူတွေက ဘရူးတပ်လို့ ဆိုချင်ဆိုကြမှာ။ ကိုယ့်လူက သူ့ဘက်သားဖြစ်ပြီး ကိုယ့်ကိုပြန်သတ်တာကိုး။
တချို့ကျတော့လည်း သိပ်ကိုလည်လွန်းတယ်။ အတွက်အချက်လည်း သိပ်တော်တယ်။ သရုပ်ဆောင်လည်း သိပ်ကောင်းတယ်။ သန်လျက်လို နှစ်ဖက်သွားနဲ့လူတွေ ရှိတတ်တယ်။ အင်္ဂလိပ်လို (Win-Win Situation) ဆိုတာက ပါဝင်ပတ်သက်သမျှ လူတွေအားလုံးအတွက်ကောင်းတဲ့ အနေအထားကိုပြောတာ။ အားလုံးအကျိုးရှိတဲ့ အားလုံးနိုင်တဲ့ အနေအထားကိုပြောတာ။ သန်လျက်သွားဆရာကတော့ ဘယ်သူရှုံးရှုံး သူကအနိုင်ဘက်မှာ။
(၇)
ဂေါက်ကွင်းတစ်ခုရဲ့ ၁၈ ကျင်း ဂရင်းပေါ်က သန်လျက်သွား ဆရာတစ်ယောက်အကြောင်း ဖောက်သည်ချပါမယ်။
ဦးကပ်စေးတို့နှစ်ယောက်ရယ်၊ ဦးဂဒုန်းတို့နှစ်ယောက်ရယ် ဂေါက်သီးရိုက်ကြတယ်။ ထုံးစံအတိုင်း ပိုက်ဆံကြေးပေါ့။ နောက်ဆုံး ကျင်းကလောင်းတဲ့သူတွေအတွက် အင်မတန်အရေးကြီးတာကလား။ ရှုံးနေသူက အရှုံးကျေပြီး အနိုင်လည်း ထွက်သွားနိုင်တယ်။ ပိုလည်း ရှုံးသွားနိုင်တယ်လေ။
အဲဒီနောက်ဆုံးကျင်းနံပါတ် ၁၈ ရောက်တော့ ဦးဂဒုန်းက ဦးကပ်စေးကို သတိပေးတယ်။
“ခင်ဗျားကြီး အရှုံးခံရိုက်မယ်ဆိုပြီး ခင်ဗျားချည်းပဲ ရိုက်နေတာ။ ကျုပ်တို့တော်တော် ရှုံးနေပြီ။ ကြည့်လုပ်ဦး။ အပေါ်ရောက်လို့ ပိုက်ဆံရှင်းရင် ခင်ဗျားပိုက်ဆံမယူပါဘူး။ ပြန်ပေးပါ့မယ်။ ဟိုလူ့ဆီကအနိုင်နဲ့ စားကြပါမယ် ပြောထားတဲ့ဟာကို။”
၁၈ ကျင်းက သတ်မှတ်ရိုက်ချက် ၅ (Par 5)။ ဘယ်ဘက်ရောက်လွန်းသွားရင် အိုဘီ (Out of Bound)၊ တစ်ချက်ပြစ်ဒဏ်ပေးပြီး နဂိုနေရာက ပြန်ရိုက်ရမယ်။
“အေးပါကွာ။ ငါ့ပါတနာ အိုဘီဖြစ်သွားပါပြီ။ ငါအခု ဒရိုင်ဗာနဲ့ ကောက်တုတ်ပြီး သူ့နောက်လိုက်သွားရင် အေးရောမဟုတ်လား”
ပြောပြောဆိုဆိုနဲ့ ဦးကပ်စေး ဒရိုင်ဗာကြီးနဲ့ ကောက်တီးလိုက်တယ်။
“ဟိုက် သွားပဟ”
ဦးဂဒုန်း ရေရွတ်မယ်ဆိုလည်း ရွတ်စရာ။ ဦးကပ်စေးရဲ့ဂေါက်သီးက အလယ်တည့်တည့် အဝေးဆုံးမှာ။
(၈)
ဦးကပ်စေးရဲ့ပါတနာကတော့ ဝမ်းတွေသာလို့။ သူပျက်နေချိန်မှာ နိုင်ဖို့ဆိုတာ ဦးကပ်စေးကောင်းမှ ဖြစ်မှာကိုး။
“ကျေးဇူးပဲဘော်ဒါ။ အေးအေးဆေးဆေးသာရိုက်။ ခင်ဗျားကို အားကိုးတယ်။”
ဦးဂဒုန်းကအလစ်မှာ အနားကပ်လာပြီး တီးတိုးပြောတယ်။
“ခင်ဗျားကြီးနော်”
“အေးပါကွာ။ ငါအခု ဒုတိယအချက်ကို ရေဖြတ်ရိုက်မယ်။ အဝေးဆုံးက ဖြတ်မယ်ကွာ။ ဟိုဘက်ကမ်းနားကျမှ ကပ်ပြီးရေထဲကျ၊ အေးရောပေါ့”
သစ်သားတုတ် နံပါတ် ၃ (Wood 3) ရိုက်ချက်က ကောင်းလွန်းလှတယ်။ အားလုံးရဲ့ ရှေ့ဆုံးဖဲယားဝေး (Fair Way) အလယ်မှာ။ ဂရင်း (Green) ကို ကိုက် ၅၀ လောက်ပဲလိုတော့မယ်။
(၉)
ဦးဂဒုန်း မျက်နှာတွေ ပျက်နေပြီ။
“မင်းကလည်းကွာ၊ ပူမနေပါနဲ့”
“ပူရတယ်ဗျ။ ခင်ဗျားကြီးကိုယုံမိတာ ကုန်တော့မယ်”
“ဟောဒီမှာကြည့်၊ ခြောက်ဆယ်ဒီဂရီဝက် (60-Degree Wedge) နဲ့တုတ်မကွာ”
ဘုတ်ခနဲအသံနဲ့ ဦးကပ်စေးရဲ့ဂေါက်သီးက ဂရင်းပေါ်မှာ အလံတိုင်နဲ့ ခုနစ်ပေအကွာလောက်မှာ လှလှပပရပ်နေတယ်။
“သေပြီ သေပြီ”
ဦးဂဒုန်းရဲ့ ညည်းညူသံ။
(၁၀)
ညည်းညည်းညူညူနဲ့ လေးချက်မြောက်ရိုက်လိုက်တာ ဝင်လုလုကပ်သွားပြီး ဦးဂဒုန်းငါးချက်နဲ့ပါ (Par) ရသွားတယ်။
“ဘော်ဒါ၊ ဝင်စရာမလိုဘူး။ ဘာဒီ (Bridie) မလိုဘူး။ ကပ်ထားရင်ရပြီ။ အဆင်းလိုင်းကြီး၊ သတိထား”
ဦးကပ်စေးရဲ့ပါတနာ ဂရင်းပေါ်မှာ အားလျားမှောက်မအိပ်ရုံတမယ် လိုင်းကြည့်တယ်။ ဦးကပ်စေး ဂေါက်သီးဘောလုံးနေရာက ကျင်းရဲ့အမြင့်မှာ။ လက်ဆက သိပ်အရေးကြီးတယ်။ နည်းရင်လည်းအပေါ်မှာ ကျန်နေမယ်။ များရင်လည်း ဟိုးအောက်ကို ဆင်းသွားမယ်။
ဦးကပ်စေးရဲ့ ကျင်းစိမ်ရိုက်ချက်က လက်ဆနည်းနည်းများသွားတယ်။ ကျင်းနှုတ်ခမ်းကိုတိုက်ပြီး အောက်ကိုဆင်းသွားတယ်။
“ဟာ ဘော်ဒါက အများကြီးနိုင်ချင်တာကိုး။ ရတယ်။ ပြဿနာမရှိဘူး။ အခုအတက်လိုင်း ပြန်ပတ် (Putt) ရမှာ။ ပါဆိုလည်း နိုင်သေးတာဘဲ”
(၁၁)
ဦးကပ်စေး ပါပြန်ရအောင်ပတ်လိုက်တဲ့ ကျင်းစိမ်ရိုက်ချက်က ရင်ခုန်စရာ။ ကျင်းနှုတ်ခမ်းကိုရစ်ပြီး ဂေါက်သီးဘောလုံးက လည်ထွက်သွားတယ်။ စာရင်းချုပ်တော့ ဦးကပ်စေးတို့အတွဲ နိုင်ထားတာတွေ ပြန်ပါသွားပြီး အရှုံးပါပေါ်သွားတယ်။
“အေးဗျာ။ ဖြစ်မှဖြစ်ရတယ် ဘော်ဒါရယ်။ ဒီလူတွေကို အပြတ်ချေမှုန်းချင်စိတ်က များနေတာကိုး”
ရှုံးကြေးတွေ စားပွဲပေါ်တင်ပြီး ဦးကပ်စေးရဲ့ ပါတနာ မစားမသောက်ဘဲ ပြန်သွားတယ်။ သုံးစားပါကျ အဘိုးကြီးနဲ့ အမျိုးတော်မယ်ထင်ရတဲ့ ဦးကပ်စေးကတော့ ပြုံးဖြဲဖြဲနဲ့။ ဘရူးတပ်ခေါ်ရင်လည်း ပြုံးပြုံးလေးခံနေမယ့်ပုံပါပဲ။