သမိုင်းမှတ်တမ်းတွေထဲက လှည်းတန်း

သမိုင်းမှတ်တမ်းတွေထဲက လှည်းတန်း
Published 5 January 2018

မျက်မှောက်ခေတ် လှည်းတန်းတစ်ဝိုက် ညဘက်မြင်ကွင်းကို အပေါ်စီးမှ တွေ့မြင်ရစဉ် (ဓာတ်ပုံ-ဝင်းမြင့်)

ကံတရားတို့က ဆန်းကြယ်လှသည်။ လားရာလမ်းကြောင်းများကိုပင် အမျိုးမျိုး ပြောင်းလဲပစ်နိုင်၏။ ယခင် ကျင်လည်နေရာ လမ်းတို့ကို ဖြတ်တောက်၍ လှည်းတန်းဘက်သို့ ဦးလှည့်စေခဲ့လေသည်။ ရန်ကုန်မှာပင် နေသည်ဆိုသော်လည်း တစ်နေရာမှ  တစ်နေရာကို ရောက်ရန်ကလည်း လွယ်လှသည်မဟုတ်။အကြောင်းအပေါင်းသင့်မှ ရောက်ရသည်။လှည်းတန်းကား ကျွန်တော်နှင့် ဝေးကွာသည်မှာ ကြာလှချေပြီ။ ယခု လှည်းတန်းဘက်ပြန် ရောက်ခဲ့ပြန်ပါသည်။ လူမျိုးစုံ အရောင် အသွေးစုံ အလှတရားအဖုံဖုံတို့နှင့် ပြည့်နှက်နေသော လှည်းတန်းလမ်းမပေါ်သို့ ခြေချခွင့် ပြန်ရသောအခါ ကျွန်တော့်အာရုံများသည် လှိုင်းထသွားသည့် ကန်ရေပြင်၏ မျက်နှာပြင်နှယ် လှုပ်ရှားသွားခဲ့ရပါတော့သည်။

မျက်စိရှေ့တွင် မြင်နေရသော လှည်းတန်းသည်ယခုအခါ ခုံးကျော်တံတားများ ခန့်ညားထည်ဝါသော အဆောက်အအုံကြီးများပြည့်နှက်နေသောအလယ်တွင် တည်နေပေသည်။ မရောက်သည်မှာကြာပြီဖြစ်သော လှည်းတန်းလမ်းမထိပ်မှနေ၍ ကျွန်တော် ရပ်ကြည့်မိသောအခါ လှည်းတန်းသည် မြစ်တစ်စင်း၏ ရေအလျဉ်ကဲ့သို့ တသွင်သွင်စီးဆင်းနေသည်ကို တွေ့ရလေသည်။ အဆောက်အအုံရောင်စုံများကြားထဲ ကားရောင်စုံ လူရောင်စုံ ခေတ်မီဆန်းပြားသော အရောင် အသွေးတို့သည် အင်းစိန်လမ်းမကြီးပေါ်တွင် လှည်းတန်းမီးပွင့်ကို ဖြတ်၍စီးဆင်းနေပေသည်။ လှည်းတန်းထိပ်တွင် ရပ်ရင်း ငေးနေမိသော ကျွန်တော့်အတွေး အာရုံထဲသို့တစ်ချိန်က ပုံရိပ်ဟောင်းများ ဖျတ်ခနဲ ဝင်ရောက်လာလေသည်။

(၂)

အတွေးများ အတိတ်ဆီသို့ ပြန်လည် စီးဆင်းသွားလေသည်။အင်းစိန်လမ်းမ ကမာရွတ်မီးပွိုင့်ထိပ် ဟိုတုန်းက ရှိခဲ့သော လှည်းတန်းအဝိုင်းကို မတွေ့ရတော့ချေ။ ယခု လှည်းတန်း စင်တာအဖြစ်  ရပ်တည်နေသော ကုန်တိုက်ကြီးနေရာတွင် ဂိုးရှိုးစတိုးကို မတွေ့ရတော့ပေ။ မှတ်မိသေးတော့သည်။ သူ့ဘေး၌ရှိသော အဓိပတိစတိုးကို မတွေ့ရတော့ပေ။ ဝင်းဆံသလည်း မရှိတော့ပေ။ မလှမ်းမကမ်း Lucky လက်ဖက်ရည်ဆိုင် မရှိတော့။ အိမ ကျောက်aကျာ ရှမ်းတောင်တန်းနှင့် ပဉ္စသင်္ခတေးသံသွင်းတို့ကိုမတွေ့ရတော့ပေ။ ဟိုတုန်းက ယင်း ဂိုးရှိုးစတိုးရှိရာ မီးပွင့်တစ်ဖက်ခြမ်းမှာပင် ဦးချစ် စေတနာရှင် ကဖီး ရှိခဲ့လေသည်။ ကျွန် တော် လေးစားသည့် စာရေးဆရာ အောင်ပြည့်၏ ဦးဆောက်ပန်း စာပေရှိခဲ့လေသည်။ မြင့် စာပေရှိခဲ့လေသည်။ အလိမ္မာစာပေ ရှိခဲ့သည်ကို အမှတ်ရမိသည်။

ဆင်ရေတွင်းထဲမှ ဦးလေး၏ ကုမ္ပဏီတွင် ဝင်လုပ်ခဲ့စဉ်က အချို့ရုံးကိစ္စများအတွက် ယင်း ဂိုးရှိုးစတိုးအလွန်နားက စာစီစာရိုက်နှင့် မိတ္တူဆိုင်အခန်းကျဉ်းလေးကို ခဏခဏရောက် ရသည်။ ယင်းဆိုင်၌ အလုပ်အပ်ရင်းမှ စကား စမြည်ပြောရင်း သိရလိုက်ရသည်က ကျွန်တော့် စာများကို ရိုက်ပေးသူမှာ ၈၈ အရေးအခင်း တွင် ကျဆုံးခဲ့သော စက်မှုတက္ကသိုလ်ကျောင်း သား ကိုဖုန်းမော်၏ သူငယ်ချင်း ကိုစိုးနိုင်၏ ဇနီးဖြစ်ကြောင်း သူကိုယ်တိုင်ပြောပြ၍သိခဲ့ရလေသည်။

များမကြာမီမှာပင် ဦးလေးဆီမှ အလုပ်ထွက်ပြီး လှည်းတန်း ၁ လမ်းထိပ်ထောင့်က စာပေလောက ၃ စာအုပ်ဆိုင် အဖွင့်ကာလ၌ စာပေရပ်ဝန်းထဲသို့ ပြောင်းလဲဝင်ရောက်ခဲ့သည်ကို ပြန်တွေးမိလိုက်သဖြင့် ထိုနေရာလေးအား ငေးမိရာ သတင်းစာဂျာနယ်များ ရောင်းနေသော ဆိုင်ကလေးကိုသာ တွေ့ရတော့သည်။

(၃)

စာများကို ဖတ်ကြည့်မိသည့်အခါမှာ  လှည်းတန်းသည် ရန်ကုန်အနောက်ပိုင်း ခရိုင်အတွင်းက မြို့နယ် ၁၃ မြို့နယ်အထဲမှာ တစ်ခု အပါအဝင်ဖြစ်နေသည်ကို တွေ့ရသည်။ ကမာရွတ်မြို့နယ်က အထူးကျယ်ဝန်းသကဲ့သို့ တည်နေရာသည်လည်း ယခင်ကဆိုလျှင် တောင်ထူထပ်သကဲ့သို့ အင်းအိုင်ချောင်း မြောင်းတို့လည်း ထူပြောလှသည်ဟု ဆိုပါ သည်။ ရွှံ့ညွန့် အိုင်ဗွက်တို့ များပြားလှသဖြင့် ကြည့်မြင်တိုင် ဆင်မလိုက်ရပ်နှင့် ရေမြေဆက်စပ်ကာ လှိုင်မြစ်ကမ်းပါးအထိ ကျယ်ဝန်းသည်ဟုလည်း ဆိုပါသည်။

ကမာရွတ်ဆိုသည့် အမည်နာမက မွန်ဘာသာတွင် ကမာရတ်ဖြစ်သည်။ ကမာ (ရေကန်) + ရတ် (ရတနာ) ဖြစ်၍ ရတနာကန် ကြီးဟုလည်း ဆိုပါသည်။ ကမာရတ်မှ ရွေ့လျားကာ ကမာရွတ်ဖြစ်လာပါသည်။ ရတနာကန်ကြီးဟူသည်က အင်းလျားကန်ကြီးကို ရည်ညွှန်းပါသည်။ ရှည်လျားသော အင်းကြီး ဖြစ်သည်ဟုလည်း စာထဲတွင်ဆိုထားပါသည်။ ရှေးအစဉ် အဆက်ကတည်းက ခေါ်ဝေါ်သုံးစွဲခဲ့ကြသည့် လှည်းတန်း၊ စံရိပ်ငြိမ်၊ ဆင်ရေတွင်း စသည့် အမည်နာမတို့သည် ခုချိန်ထိ ရှင်သန်နေဆဲဖြစ်သည်။

ရှေးအခါကာလတုန်းက ရွှေတိဂုံဘုရားကိုလည်း လှည်းတန်းကြီးများနှင့် သွားရောက်ပြီး ဘုရားဖူးကြသောနေရာတစ်ခုဖြစ်သည်။ ထိုလှည်းတန်းဆိပ်၊ လှည်းတန်းရပ်ကို အမှီပြု ပြီး  လှည်းထောင်၊ လှည်းလုပ်သူများ နေထိုင် ရာအရပ်ဖြစ်ခဲ့သည်ဟုလည်း စာပေမှတ်တမ်းတွင် ဆိုပေသည်။

(၄)

လှည်းတန်းနှင့်ပတ်သက်၍ မှတ်မှတ်ရရ ရှိသည်များကို ဟိုဟိုသည်သည် တွေးမိရင်း ဖတ်ခဲ့ဖူးသည့် စာအုပ်များထဲ၌ လှည်းတန်း နှင့် ပတ်သက်ဆက်နွှယ်ခဲ့ဖူးသော ထင်ရှား ကျော်ကြားသူတို့၏ အကြောင်းများလည်း ပြန်ပြီး သတိရလာမိလေသည်။

လှည်းတန်းထိပ်က ဂုဏ်ဆံသဆိုင်ရှေ့ ကဗျာဆရာ သခွပ်နီ ဈေးရောင်းခဲ့ဖူးသည်။ လှည်းတန်းထိပ်မှာ ဆရာအောင်ပြည့်၏ ဦး ဆောက်ပန်း စာပေရှိခဲ့သည်။ လှည်းတန်းတံတား ခုံးဆင်းထိပ်နား၌ စန္ဒရားကွန်းဇော်နှင့် တက္ကသိုလ်လဲ့လဲ့တို့ သီချင်းဆိုကြ၊ တိုက်ကြ သည့် အိမ်ရှိလေသည်။ ကျွန်တော့်ဆရာ နိုင်ဝင်းဆွေ လှည်းတန်းဈေးတန်းထဲက သဟာယ အသုပ်စုံဆိုင်ခေါက်ဆွဲသုပ်များကို ရှူးရှူးရှဲရှဲ နှင့် အားပါးတရစားခဲ့သည်ဟု ဆိုလေသည်။ ထိုသဟာယအသုပ်ဆိုင်လေးကို ကျွန်တော် ရှာကြည့်နေမိသေးသည်။

ဇေယျာသီရိလမ်းထဲမှ အိပဲ့အိပဲ့ လျှောက်လာသော ဆရာကြီးတင်မိုးကို တွေ့ရမည်။ နောက်တစ်ခါ တက္ကသိုလ်ထဲက ဦးချစ်ဆိုင်၌ တောင်ပိန္နဲပင်အောက် ဆွေးနွေးနေ သည့် ဆရာဇော်ဇော်အောင်နှင့် ဆရာငြိမ်း ကျော်တို့၏ ဘာသာဗေဒစကားဝိုင်းကို တွေ့ရမည်။

၈ ရပ်ကွက် အောင်ချမ်းသာလမ်းထဲတွင်ကား ဆရာကြီး ဦးခင်မောင်လတ်နှင့် ဆရာမကြီး ဒေါ်ခင်မျိုးချစ်တို့ နေထိုင်ကြသည်။ လှည်းတန်းသား စာရေးဆရာ သန်းဆွေ၊ ဆရာသော်တာဆွေ၊ ဆရာထင်လင်းတို့က လှည်းတန်းတစ်ဝိုက်၌ အမြဲတမ်းစတည်းချပြီး အဖွဲ့ကျနေကြသည်။ ဆရာကြီးမင်းသုဝဏ် က ဦးထွန်းလင်းခြံလမ်းထဲက ဓမ္မာရုံဝင်းထဲ မှာ ရေနွေးကြမ်းသောက်ရင်း ရယ်မောနေမိသည်ဟု ရေးသားခဲ့သည်ကို ဖတ်မှတ်ခဲ့ဖူးသည်ကားကျွန်တော် ပြန်အမှတ်ရနေမိသည်။

(၅)

လှည်းတန်းအကြောင်း တွေးသည့်အခါ လှည်းတန်းအနီး၌ ထီးထီးကြီး ရပ်တည်ခဲ့သော ရန်ကုန်တက္ကသိုလ် ပုရဝဏ်ကို မေ့ပစ် ချန်လှပ်ခဲ့၍ မရပါချေ။ လှည်းတန်းအနားက ထိုတက္ကသိုလ်ကျောင်းဝင်းထဲ၌ တစ်ခါက နိုင်ငံရေးသမား သခင်အောင်ဆန်းနှင့် ကျောင်း သား လူငယ်နိုင်ငံရေးသမားများ ရှင်သန်ခဲ့ဖူး သည်။ ၁၉၆၂ ကျောင်းသားအရေးအခင်း၊ ဦးသန့် အရေးအခင်း၌ ရှင်သန်ခဲ့သူများ တက္ကသိုလ် ပုရဝဏ်တစ်ဝိုက်၌ ဒေါင်းအလံ စိုက်ထူခဲ့ဖူးကြသည်။

အာအိုင်တီ အရေးအခင်း၊ ဖုန်းမော် အရေးအခင်းတို့ပြီးနောက်တွင်ကား ၈.၈.၈၈ ခေါ်သည့် ရှစ်လေးလုံးအရေးအခင်းကြီး၌ လည်း ကျောင်းနံရံတစ်ဝိုက်တွင် ဒေါင်းအလံ များ စိုက်ခဲ့ဖူးလေသည်။ လှည်းတန်းနားက တက္ကသိုလ်ထဲ၌ ခေတ်အဆက်ဆက် ကျောင်းသားတို့၏သွေး မြေကျခဲ့ဖူးသည်။ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရဖူးသည်။

အဓိပတိလမ်းမနှင့် ရေတမာပင်တန်း များ သက်သေရရှိခဲ့ဖူးသည်။ သစ်ပုပ်ပင်ကြီး သိသည်။ ဂျပ်ဆင်ကြီးလည်း မြင်ခဲ့သည်။ကွန်ဗိုကေးရှင်းကြီးကတော့ လောကဓံကို ကြံ့ကြံ့ခံရင်း ခေတ်အဆက်အဆက် ကျောင်းသားထုကို ခုထိ အလေးပြုနေဆဲဖြစ်သည်။

(၆)

ယခုအခါမှာတော့ လှည်းတန်းသည် ရှေးယခင်ကနှင့်မတူအောင် အလွန်စည်ကားနေပေသည်။ လှည်းတန်းဈေးရှိရာ လမ်းမကြီး မှာလည်း လူရော ကားပါ  ပြည့်ကျပ်နေသကဲ့သို့ အင်းစိန်လမ်းမကြီးဘက်အခြမ်း လှည်းတန်း မီးပွိုင့်ထိပ်၌လည်း လူရောင်စုံ ကားရောင်စုံ တို့ဖြင့် ရှုပ်ထွေးပွေလီနေပေသည်။

လှည်းတန်း၏ အစည်ကားဆုံးနေရာကို ပြပါဆိုလျှင် ဦးထွန်းလင်းခြံလမ်းကို ပြရမည်။ ဦးထွန်းလင်းခြံလမ်းထဲတွင် အဆောက်အအုံများ သင်တန်းခန်းမများနှင့် အမြဲတစေ ရှုပ်ထွေးစွာ စည်ကားနေပေသည်။

သည်လမ်းသည် တစ်ချိန်တစ်ခါကဆို လျှင် ... “သူ့ခေါင်းမှာတဲ့ သပြေညို၊ ငါ့ခေါင်း မှာတဲ့ သပြေညို၊ တို့ပြေမှာ တို့မေကမ်းပါတဲ့ သပြေညို ရွှေဘိုပန်းဟာလန်းလျက်ပါကို” ဟု ဆိုခဲ့သော ဆရာကြီး မင်းသုဝဏ်နေထိုင်ခဲ့ သော အရပ်ဖြစ်လေသည်။ ထိုစဉ်က သည်လမ်းထဲ၌ ဤကဲ့သို့ လူရောင်စုံဖြူနီပြာဝါတို့ ဖြင့်စည်ကားခဲ့သည်မဟုတ်။ လမ်းလည်း ရှင်း လူလည်းရှင်း၍ ဆိတ်ငြိမ်မှုတို့ ရှိခဲ့လေသည်။ ယခုတော့ လှည်းတန်းသည် ယခင်ကကဲ့သို့ မဟုတ်တော့ပါချေ။ အလှမျိုးစုံဖြင့် တင့်ခဲ့လေပြီ။

မည်သို့ပင်ဆိုစေကာမူ လှည်းတန်းသည် ခေတ်အဆက်ဆက် သမိုင်းဝင်မှတ်တမ်းတို့ ဖြင့် အလှဆင်ထားခဲ့သော နေရာတစ်ခုဖြစ်သည်ဆိုသည်ကား အသေအချာပင် ဖြစ်ပါတော့သည်။

Most Read

Most Recent