မြို့ပြဘေး

မြို့ပြဘေး
Published 9 November 2017

ရန်ကုန်မြို့ရှိ အဆောက်အအုံများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

(၁)

နံနက်ခင်းတစ်ခုတွင် သတင်းစာတစ်စောင်၏ ခေါင်းစဉ်တစ်ခုက ကျွန်တော့်ရင်ကို တုန်လှုပ်သွားစေသည်။ ဘုရားရေဟုပင်တမိသည်။ သတင်းခေါင်းစဉ်ကိုလည်း ကြည့်ဦးလေ။ ဗြိတိန်မီဒီယာ The Economist group ကထုတ်ပြန်သော ၂၀၁၇ ခုနှစ်အတွက် ဘေးကင်းသောမြို့များ၊ အညွှန်းကိန်းတွင် ရန်ကုန်မြို့က ဒုတိယမြောက် ဘေးအန္တရာယ်အများဆုံးမြို့အဖြစ် သတ်မှတ်ခံခဲ့ရသည်ဟု ဆိုထားသည်။ ထိုသတင်းကို ဖတ်ပြီးနောက် မကြာခင်မှာပင် တိုက်တိုက်ဆိုင်ဆိုင် စာအုပ်တစ်အုပ်ကို ကျွန်တော်သွားတွေ့မိသည်။ မြို့ပြဆိုင်ရာ ဘေးအန္တရာယ်များအကြောင်း ကျွန်တော်ဖတ်လိုက်ရသည်။ ကျွန်တော်တို့ ပြည်သူတွေသိထားဖို့လိုအပ်သည့် အချက်တွေတော်တော်များများ တွေ့ရသည်။

လက်ရှိကမ္ဘာကြီးတွင် နည်းပညာဆိုင်ရာအသစ်များ တိုးတက်လာသည်။ နေထိုင်မှုပုံစံများ ကျစ်လျစ်သိပ်သည်းလာသည်နှင့်အညီ မြို့ပြဘေးအန္တရာယ်များလည်း တိုးလာသည်ဟု ဆိုပါသည်။ မြို့ပြသည် ကျေးလက်ထက် လူသားတို့၏လိုအပ်ချက်များကို ပို၍ဖြည့်ဆည်းပေးနိုင်သည်မှာ မှန်သော်လည်း နေထိုင်မှုပုံစံ မပြည့်စုံသဖြင့် ဘေးအန္တရာယ်များနှင့် ရင်ဆိုင်နေရဦးမည်။ ချမ်းသာသည့် နိုင်ငံများတွင်ပင် ယင်းဘေးကို ရင်ဆိုင်နေရသော်လည်း အချို့ဖြစ်ပေါ်လာသော မြို့ပြဘေးအန္တရာယ်သည် လူတို့ကြောင့်သာဖြစ်သည်ဟု ဆိုကြပြန်သည်။

မြို့ပြဆိုင်ရာဘေးများက ဘာတွေပါလိမ့်ဆိုပြီး ကျွန်တော်ကြည့်မိတော့ ပြဿနာပေါင်းစုံထဲတွင် ကမ္ဘာကြီးပူနွေးလာမှုပါသည်။ လေထုညစ်ညမ်းမှုပါသည်။ သောက်ရေရှားပါးမှု ပြဿနာပါသည်။ ကူးစက်ရောဂါတွေ၊ မြို့ပြဆင်းရဲနွမ်းပါးမှုတွေ၊ ကားမတော်တဆမှုတွေ၊ မြို့ပြအကြမ်းဖက်မှုတွေ၊ စစ်မြေပြင်ဖြစ်လာမှု အစရှိတဲ့ပြဿနာတွေဟု ဆိုထားပါ သည်။ ထိုအရာများသည် မြို့ပြ၏မလုံခြုံတော့သော ဘေးအန္တရာယ်များ ဖြစ်လာသည်။ ကမ္ဘာပေါ်တွင် မြို့ပြမှာ နေထိုင်သူဦးရေများ ပိုမိုမြင့်မားလာ၍လည်းဖြစ်သည်ဟု ဆိုကြသည်။

ကမ္ဘာပေါ်ရှိ လူသားတို့သည် ကမ္ဘာကြီးမှ ဖြည့်ဆည်းပေးထားသည့် လေထု၊ ရေထု၊ မြေထုနှင့် သဘာဝသယံဇာတများကို အလွန်အကျွံ သုံးစွဲခဲ့ကြလေသည်။ နှစ်ပေါင်း ရာထောင်ချီလာသောအခါ ကမ္ဘာ့သယံဇာတတွေ ပျက်စီးလာသည်။ မြေ၊ ရေ၊ လေထုတွေညစ်ညမ်းလာသည်။ ကမ္ဘာ့ရာသီဥတုတွေ ပြောင်းလာပြီးနောက် စက်ရုံ၊ အလုပ်ရုံများမှ မီးခိုးများမှမီးခိုးများ၊ လျှပ်စစ်ပစ္စည်းများ အသုံးပြုမှုမှ အပူထုတ်လွှတ်မှုတို့ဟာ ဂေဟစနစ်ကိုပျက်စီးစေပြီး အိုဇုန်းလွှာပျက်စီးမှုနှင့်အတူ ကမ္ဘာ့ရာသီဥတု ပူနွေးဖို့ဖြစ်လာပါသည်။ ပြီးတော့ ကမ္ဘာကြီးမှာ လေမုန်တိုင်းတွေ၊ ငလျင်၊ သစ်တောပြုန်းတီးမှု၊ မြေဆီပြုန်းတီးမှု၊ ကန္တာရတွေ ဖြစ်ထွန်းလာပြီး ရေခဲတောင်များပါ အရည်ပျော်ကျလာသော သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့လာရပါသည်။

သဘာဝဘေးအန္တရာယ်တွေ မြို့ပြကိုကျရောက်ခဲ့လျှင် မြို့ပြသည် ကျေးလက်ဒေသများထက် ပိုမိုပျက်စီးဆုံးရှုံးနိုင်သည်ဟုဆိုပါသည်။ မြို့ပြအဆောက်အအုံများ နေရာလွဲမှားမှု၊ မြို့ပြအခြေခံဝန်ဆောင်မှုစနစ် အားနည်းမှု၊ လူနေမှုစနစ်အတွက် လိုအပ်သော အသုံးအဆောင်များကြောင့်လည်း ဘေးအန္တရာယ် ကျရောက်နိုင်သည်ဟုဆိုသည်။

(၂)

လူနှင့် သက်ရှိသတ္တဝါများ ရှင်သန်ရေးတွင် လေသည်အဓိကကျသည်။ သန့်ရှင်းလတ်ဆတ်သည့် လေဖြစ်ဖို့လိုသည်။ မြို့ပြဘေးတွင် လေထုညစ်ညမ်းမှုလည်းပါသည်။ စက်ရုံမှအငွေ့၊ ယာဉ်ယန္တရားများမှ အငွေ့များနှင့် စက်မှုလုပ်ငန်းဆိုင်ရာများကြောင့် လေထုညစ်ညမ်းလာပါသည်။ ယာဉ်အမျိုးမျိုးမှ ထုတ်လွှတ်သော မီးခိုးနှင့် ခရမ်းလွန်ရောင်ခြည်တို့ ပေါင်းစပ်ပြီးနောက် ဖြစ်ပေါ်လာသော မီးခိုးမြူဥသည် လေထုညစ်ညမ်းမှုကို ဖြစ်စေပါသည်။ လေထုညစ်ညမ်းလျှင် ကျန်းမာရေးချို့ယွင်းမည်။ ရင်ကြပ်၊ ပန်းနာ၊ အဆုတ်၊ နှလုံးရောဂါများရမည်။ ၂၀၁၃ ခုနှစ်က တရုတ်နိုင်ငံ ဟာဘင်မြို့မှာ မီးခိုးမြူများကြောင့် အသက်ရှူပိတ်ဆို့ မွန်းကြပ်မှုများဖြစ်ပွားခဲ့ပြီး လေဆိပ်များ၊ စာသင်ကျောင်းများ၊ အဝေးပြေးလမ်းမများပါ ရပ်ဆိုင်းခဲ့ရသည်။

၂၀၁၅ ခုနှစ်တွင် လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှုနှင့် မြေပြင်ပေါ်ရှိ အမှိုက်သရိုက်များ ညစ်ညမ်းမှုကြောင့် ဖြစ်ပွားသောရောဂါများကြောင့် ကမ္ဘာမှာ လူပေါင်းကိုးသန်းခန့် သေဆုံးခဲ့သည်ဟု သုတေသီတို့ဆိုကြသည်။ လေထုညစ်ညမ်းမှုကြောင့် သေဆုံးသော နိုင်ငံများအနက် အိန္ဒိယ၌ သေဆုံးသူနှစ်သန်းခွဲရှိ၍ တရုတ်နိုင်ငံက သေဆုံးမှုနှုန်း ၁ ဒသမ ၈ သန်းကျော်ရှိသည်။ အဆိုပါညစ်ညမ်းမှုတို့သည် လူသားတို့၏ အသက်အန္တရာယ်ကိုပင် ခြိမ်းခြောက်နေသည့်အတွက် မြို့ပြဘေးအန္တရာယ်တစ်ခုထဲတွင် ပါဝင်လေသည်။

(၃)

ကမ္ဘာပေါ်တွင် လူဦးရေတိုးတက်လာသည်နှင့်အမျှ လူတို့စားသုံးရန်၊ စိုက်ပျိုးရန်၊ သုံးစွဲရန် ရေလိုအပ်မှုသည် တစ်စတစ်စ တိုးတက်လာရာမှ ရေရှားပါးမှုဖြစ်ပေါ်လာလေသည်။ နိုင်ငံတစ်နိုင်ငံတွင် ရေသယံဇာတသည် အရေးပါဆုံးတန်ဖိုးအရှိဆုံး သယံဇာတအရင်းအမြစ် ဖြစ်ပါသည်။ တိုင်းပြည်၏ စက်မှုစိုက်ပျိုးကုန်ထုတ်လုပ်မှုတို့၏ အခန်းကဏ္ဍတွင် ရေမပါလျှင်မဖြစ်နိုင်ပေ။

ကမ္ဘာပေါ်တွင် ရေချိုရှားပါးပါသည်။ ကမ္ဘာ့လူဦးရေ ၁ ဒသမ ၂ ဘီလျံခန့်ဟာ ရေရှားပါးမှုနှင့် ရင်ဆိုင်နေရသည်။ ယနေ့ကမ္ဘာမှာ လူဦးရေ သန်း ၇၀၀၀ အတွက် ရေသုံးစွဲမှုပမာဏများ လာမည့်နှစ် ၅၀ အတွင်း ပိုမိုမြင့်မားလာမည်ဟု ခန့်မှန်းကြ၍ ရေသယံဇာတနှင့် ပတ်သက်ပြီး နိုင်ငံအတော်များများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးအဖွဲ့များဖွဲ့၍ ဆောင်ရွက်နေကြပါသည်။ ရေသယံဇာတခန့်ခွဲမှုစနစ် အားနည်းလျှင် မြို့ပြတွင် ဘေးအဖြစ် ကျရောက်လာနိုင်ပါသည်။

(၄)

စီးပွားရေး ကုန်သွယ်ကူးသန်းမှုဆိုင်ရာ အခက်အခဲများကြောင့် မြို့ပြသို့ လူအများဝင်ရောက်လာသည်။ လူနေထူထပ်လာသဖြင့် ကူးစက်ရောဂါအန္တရာယ် ကျရောက်နိုင်သည်။ လူတွေနေသောအရပ်တွင် ကူးစက်ရောဂါလည်းရှိသည်။ မကူးစက်နိုင်သော ရောဂါများလည်းရှိသည်။ ကူးစက်ရောဂါသည် ရေမှလည်းကောင်း၊ လေမှလည်းကောင်း၊ တိရစ္ဆာန်မှလည်းကောင်း ကူးစက်ရောဂါများ ထိတွေ့ပြန့်ပွားနိုင်သည်။ မြို့ပြမှာ လူတစ်ဦး ကူးစက်ရောဂါသင့်ပါက ထိုမှတစ်ဆင့် လူအမြောက်အမြားသို့ ကူးစက်သွားနိုင်သည်။ ကူးစက်ရောဂါပျံ့နှံ့ပါက မြို့ပြ၏ ဘေးကင်းလုံခြုံမှု ပျက်စီးသွားနိုင်ပြီး မြို့ပြရေရှည်မတည်တံ့နိုင်အောင် ခြိမ်းခြောက်သည့် ဘေးဖြစ်ပေသည်။ ယခင်ကလို ကျောက်ရောဂါ၊ တီဘီ၊ ငှက်ဖျားရောဂါ စသည်တို့မဟုတ်တော့ဘဲ H1N1, H5N5 ကဲ့သို့သော ကြက်ငှက်တုပ်ကွေးရောဂါများသည်လည်း မြို့ပြကိုခြိမ်းခြောက်သော ဘေးရောဂါပင်ဖြစ်၏။

(၅)

ကျေးလက်ဒေသတွင်နေသူတို့သည် သူတို့၏ အလုပ်အကိုင်အခွင့်အလမ်း၊ ဘဝတိုးတက်မှု အခွင့်အလမ်းတို့အတွက် အရှည်တည်တံ့နိုင်သည်ဟုထင်ရသော မြို့ကြီးပြကြီးများသို့ ပြောင်းကြသော်လည်း ယနေ့ မြို့ကြီးပြကြီး၏ နေ့စဉ်မြင့်တက်လာသော မြို့ပြလူနေမှုစရိတ်၊ သွားလာရေးစရိတ်တို့အပြင် မသန့်ရှင်းသော မြို့ရွာရပ်ကွက်အတွင်း နေထိုင်ရမှု၊ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းမှုတို့ကြောင့် ကျန်းမာရေးချို့တဲ့နွမ်းပါးမှုနှင့်အတူ ဒေသတွင်းနေထိုင်သူတို့အား ဆင်းရဲနွမ်းမှုတို့က ခြိမ်းခြောက်လျက်ရှိနေပေသည်။ ဆင်းရဲ၍ လူနေထူသောနေရာများတွင် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ပါသည်။

မြို့ပြရှိ ဆင်းရဲနွမ်းပါးမှု နောက်ဆက်တွဲအဖြစ် ငတ်မွတ်ခေါင်းပါးမှု၊ အလုပ်အကိုင်အခြေအနေ မလုံခြုံမှုနှင့် ဝင်ငွေမလုံလောက်မှုသည် စားဝတ်နေရေးအတွက် အခြေခံအခက်အခဲဖြစ်သည်။ ဆင်းရဲ၍မသန့်ရှင်း၊ မသန့်ရှင်း၍ရောဂါများ၊ အစာအာဟာရချို့တဲ့မှု ပြဿနာများသည် မြို့ပြ၏ဘေးအန္တရာယ်များ ဖြစ်ပေသည်။

မြို့တစ်မြို့၏ နေထိုင်သူလူဦးရေ အဆမတန်များလာသဖြင့် ယာဉ်အသုံးပြုမှုများလာသည်။ မြို့ပြပို့ဆောင်ရေးကွန်ရက်စနစ် အားနည်းလျှင် ယာဉ်ကြောကျပ်တည်းမှု၊ ယာဉ်ကြောပိတ်ဆို့မှုနှင့် ယာဉ်မတော်တဆမှုများနိုင်သည်။ ထို့ပြင် မြို့ပြတွင် လူဦးရေ အဆမတန်များလာခြင်း၏ နောက်ဆက်တွဲ ကားရာဇဝတ်မှုခင်းအဖုံဖုံတို့ ပေါ်ပေါက်လာခြင်းပင်ဖြစ်တော့သည်။

အဆိုပါ မြို့ပြ၏ဘေးအန္တရာယ် အသွယ်သွယ်ကား မြို့ပြနေလူထုတို့မသိမဖြစ်၊ အမှန်တကယ် သိရှိထားရန် လိုအပ်သောအရာများ ဖြစ်ပေသည်။ မြို့ပြဆိုင်ရာ ဘေးအန္တ ရာယ်များသည် ယခုလတ်တလောတွင် မကျရောက်သေးသော်လည်း အချို့သော ကိစ္စရပ်များကား မြို့ပြဆိုင်ရာဘေးတစ်ခုအဖြစ် လက်ခံနေရပြီ ဖြစ်ပါသည်။ ထိုမြို့ပြဘေးကို ကာကွယ်ရန်မှာ မြို့ပြတွင်နေထိုင်သူအားလုံး၌ တာဝန်ရှိပါသည်။

မြို့ပြဘေးကား မြို့ပြသူတို့အား ဝန်းရံထားလျက်ရှိနေပေသည်။ ထိုမြို့ပြဘေးကား ကျွန်တော်တို့ လက်တစ်ကမ်းအကွာအဝေးတွင် ရောက်ရှိနေသည်ကို သတိပြုထားမိဖို့ လိုအပ်ကြောင်းကို အသိပေးတင်ပြလိုက်ရပေတော့သည်။

■ စာကိုး - (၂၁) ရာစုမြို့ပြများ

Most Read

Most Recent