တော်ရမယ် ထက်ရမယ်

တော်ရမယ် ထက်ရမယ်
Published 14 October 2017

Photo: The Jerusalem Post

(၁)

ကိုမောင်မောင် (အဉ္ဇလီ) က “မဇ္ဈိမလှိုင်း” ဆိုတဲ့ ဂန္တဝင်ဂစ်တာသင်တန်းလေး ဖွင့်ခဲ့ဖူးတယ်။ ပုဏ္ဏားကုန်းထဲမှာပါ။ သူ့သင်တန်းကြော်ငြာက စစ်မှန်တဲ့ပညာရေးစနစ်အတွက် လမ်းညွှန်နေသလိုပါပဲ။ “ခေါင်းလောင်းမရှိ၊ ကြိမ်လုံးမရှိ” တဲ့။

(၂)

ကမ္ဘာကြီးရဲ့ရင်ခွင်မှာ လူမျိုးပေါင်းမြောက်များစွာ နေထိုင်ကြတယ်။ အဲဒီထဲမှာမှ အထူးချွန်ဆုံးလူမျိုးဟာ “ဂျူး” လူမျိုးဆိုရင် ငြင်းနိုင်မယ်မထင်ပါဘူး။ အိုင်စတိုင်းလို ကားလ်မက်စ်လို တာအိုဝင်လို လူလွန်မသားတွေ ကိုယ်တိုင်က ဂျူးလူမျိုးတွေလေ။
ဂျူးတွေဟာ ကမ္ဘာ့လူဦးရေရဲ့ ၀ ဒသမ ၂ ရာခိုင်နှုန်းပဲ ရှိပါတယ်။ တစ်ကမ္ဘာလုံးမှာမှ လူဦးရေစုစုပေါင်း ၁၄ ဒသမ ၂ သန်းပဲရှိတာပါ။ တကယ့်ကို နည်းနည်းလေး။ ဒီလူနည်းစုလေးရဲ့ ထူးချွန်ထက်မြက်မှုက အံ့သြစရာ။ နိုဘယ်ဆုရှင်အားလုံးရဲ့ ငါးပုံတစ်ပုံဟာ ဂျူးလူမျိုးတွေ။ အမေရိကန်နိုင်ငံရဲ့ အကျော်ကြားဆုံး အနုပညာရှင်တွေမှာ ဂျူးတွေက ခြောက်ဆယ်ရာခိုင်နှုန်းပါနေပြန်တယ်။ အမေရိကန်မှာ သြဇာရှိတဲ့လူတွေရဲ့ ထက်ဝက်လောက်ကလည်း ဂျူးတွေပဲ။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်လူ ၄၀ မှာ ဂျူးလူမျိုးက ၁၈ ဦးရှိတယ်။ အမေရိကန်နိုင်ငံရဲ့ နာမည်ကြီး ထူးချွန်ပါမောက္ခတွေရဲ့ သုံးဆယ်ရာနှုန်းဟာ ဂျူးတွေပဲ။

ဒီလောက်လူနည်းစုလေးက ကမ္ဘာကြီးကိုကိုင်လှုပ်နိုင်တဲ့ ထူးချွန်ထက်မြက်သူတွေ ဘယ်လိုမွေးဖွားပေးလိုက်တာလဲ။ အတော်ကို စိတ်ဝင်စားစရာကောင်းလှပါတယ်။ တူးဆွကြည်လိုက်တော့ ဂျူးလူမျိုးတွေရဲ့ ကလေးပြုစုပျိုးထောင်ကြတဲ့ နည်းလမ်းကောင်းကိ တွေ့ရပါတယ်။ လူငယ်တွေအတွက် ပညာရေးရဲ့ အခြေခံနည်းနာဗျူဟာတွေပါ။ အတုယူဖွယ် ကောင်းလွန်းလှပါတယ်။

လူငယ်တွေကို ကလေးဘဝကတည်းက လွတ်လွတ်လပ်လပ် တွေးခေါ်တတ်ဖို့ ကိုယ်တိုင်ရပ်တည်နိုင်ဖို့ ကိုယ့်အားကိုယ်ကိုး စိတ်ဓာတ်ရှိစေဖို့ ပြုစုပျိုးထောင်ကြတယ်။ ဗုဒ္ဓရဲ့သြဝါဒ “အတ္တာဟိအတ္တနောနာထော” ကို ကလေးဘဝကစလို့ ယဉ်ပါးစေတဲ့သဘော။ ပိုးမွေးသလိုမွေးတာကို ဆန့်ကျင်တယ်။

အဲဒီစိတ်ဓာတ်တွေ ခိုင်မြဲစေဖို့ ဂျူးကလေးတစ်ယောက်ကို မွေးကင်းစကနေ ငါးနှစ်အရွယ်အထိ သခင်လို ခယလုပ်ကျွေး ပြုစုပျိုးထောင်ပေးကြပါတယ်။ ကလေးကို အလိုလိုက် သူ့စိတ်ကြိုက်၊ မိဘအချစ်နဲ့ အရာရာပြည့်စုံစေပါတယ်။ သခင့်အလိုကျ ဗောင်းတော်ငြိမ့် စိတ်တော်သိ လက်ညှိုးထောင် ခေါင်းညိတ်တဲ့သဘော။ အဲငါးနှစ်ကနေ ဆယ်နှစ်အထိတော့ ကလေးကို ကျွန်လိုသတမှတ်ပြီး နိုင်သမျှအလုပ်တွေ ခိုင်းတော့တာပါ။ ကိုယ့်အားကိုယ်ကိုးစိတ်ဓာတ် သွင်းပေးတဲ့ပြုစုနည်း။ ၁၅ နှစ်အရွယ်ရောက်ရင်တော့ မိဘနဲ့ တန်းတူသဘောထားကြတယ်။ လူ့ဘုံလောက ကြုံလာသမျှ ပြဿနာတွေကို ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဖြေရှင်းနိုင်စွမ်းရှိစေခဲ့တယ်။

ဂျူးကလေးတစ်ယောက်ကို သိတတ်စအရွယ်ရောက်လာရင် ကျမ်းစာအုပ်မှာ ပျားရည်တစ်စက်တို့ပြီး နမ်းခိုင်းကြတယ်။ စာအုပ်ဟာ ချိုမြိန်တယ်၊ မွှေးမြတယ်၊ ချစ်စဖွယ်ကောင်းကြောင်း ကလေးရဲ့စိတ်ထဲ စွဲမြဲသွားတော့တာကိုး။ ကလေးအိပ်ရာရဲ့ ခေါင်းရင်းမှာ စာအုပ်စင်ထားပေးတယ်။ အိမ်တိုင်းမှာ အိမ်တွင်းစာကြည့်တိုက်ရှိတယ်။ အဲဒါကြောင့် ဂျူးလူငယ်တစ်ယောက်ဟာ ဆယ့်လေးနှစ်အရွယ်ရောက်ရင်ကို တစ်လမှာ အနည်းဆုံး စာတစ်အုပ်တော့ဖတ်ပြီးပြီ။

နောက်ဂျူးမိဘတွေက ရေလာမြောင်းပေး မေးခွန်းတွေနဲ့ ကလေးတွေကို ဉာဏ်ပညာ အလေးထားတတ်အောင် သင်ကြားကြရဲ့။ အိမ်မီးလောင်ရင် ဘာယူပြေးမလဲဆိုတဲ့ မေးနည်းမျိုး။ တဖြည်းဖြည်း နိမိတ်ပြမေးခွန်းတွေနဲ့ သိမ်းသွင်းပြီး “ဉာဏ်ပညာသည်သာ အဖိုးတန်ဆုံးဖြစ်သည်” လို့ ကလေးရဲ့ နုနယ်တဲ့ဦးနှောက်ထဲ စွဲမြဲသွားစေတယ်။ ပညာရွှေအိုး လူမခိုး၊ မီးမခိုးပေါ့လေ။

ခေါင်းရင်းမှာ စာအုပ်စင်၊ အိမ်တွင်းမှာ စာကြည့်တိုက်ရှိပေမယ့် စာဖတ်ပြီး အသိဉာဏ်ကို ဦးနှောက်ထဲ နှလုံးသားထဲ စွဲမြဲအောင် သိမ်းဆည်းမထားနိုင်ရင် စာအုပ်အများကြီး ဝန်တင်ထားတဲ့ လားတစ်ကောင်နဲ့မခြားဘူးလို့ ဆုံးမတတ်ကြတယ်။ “လား” က စာမဖတ်တတ်ပဲကိုး။ ဗုဒ္ဓစာပေမှာတော့ အရသာကောင်းမွန်တဲ့ ဟင်းကိုမွှေနေရတဲ့ ယောက်မဥပမာပေါ့။ ရသတောနဲ့ ထဲထဲဝင်ဝင် နီးကပ်ပေမယ့် အရသာကို မခံစားတတ်တော့ ယောက်မဟာအန္ဓပဲ။

စာပေဖတ်ရှုရာ ပညာသင်ကြားရာ ဆွေးနွေးငြင်းခုံရာတွေမှာ သံသယစိတ်မွေးထားဖို့ ကိုယ်ပိုင်စဉ်းစားနိုင်စွမ်းနဲ့ အဖြေရှာဖို့ တွေးခေါ်ခြင်းဆိုတာ သံသယနဲ့ အဖြေပေါင်းစပ်ပေးတယ်လို့ ကလေးငယ်ကတည်းက အသိဉာဏ်တိုးပွားစေတယ်။ ပြောတိုင်းကြားတိုင်း မယုံ ကိုယ်ပိုင်ဉာဏ်နဲ့ တွေးခေါ်ပြီးမှ အမှားအမှန် ဆုံးဖြတ်တတ်စေတယ်။ ကျွန်တော်တို့ အလေးထားရတဲ့ “ကာလာမသုတ်” ပါပဲ။ အဲဒီလို နည်းစနစ်ကောင်းကောင်းတွေနဲ့ ပြုစုပျိုးထောင်ခံခွင့်ရတဲ့ ဂျူးကလေးတစ်ယောက်ဟာ မြေကမ္ဘာရဲ့ လူချွန်လူဖြစ်လာတာ ဘယ်ဆန်းတော့မလဲလေ။

(၃)

လူသားတစ်ယောက်ရဲ့ ဉာဏ်ရည်ထက်မြက်မှုကို I.Q (Intelligence Quotient) နဲ့တိုင်းထွာကြတယ်။ တိုးတက်တဲ့ တိုင်းပြည်တိုင်းမှာတော့ စနစ်တကျ တိုင်းထွာပြီးသား။ လူတစ်ယောက်ရဲ့ အိုင်ကျူဟာ မိဘမျိုးရိုးပေါ်မှာ မူတည်ပြီး ဗီဇကို အခြေခံပါသတဲ့။ စဉ်းစားစရာ။ ဆရာဦးအံ့မောင်ရဲ့ အန်းဒါးဆင်း ပုံပြင်စာအုပ်ကြော်ငြာ ဟံသာဝတီသတင်းစာမှာ ပါဖူးတယ်။ “လူမျိုးလိုက် ဉာဏ်ရည်မြင့်လိုသော်” ဆိုတဲ့စာအုပ်ငယ်ကို အခမဲ့တောင်းယူနိုင်ပါတယ်တဲ့။ သူ့စာအုပ်ကြော်ငြာက ခပ်ဆန်းဆန်း၊ တောင်းဖတ်ကြည့်တော့ အမေရိကန် ကလေးစိတ်ပညာပါရဂူ နှစ်ယောက်ရဲ့စာတမ်း။ ကလေးနဲ့လူကြီးဟာ မှတ်ဉာဏ်အရာမှာသာ ကွဲပြားပြီး သိဉာဏ်ကတူပါသတဲ့။ အဲဒါကြောင့် ညအိပ်ရာဝင်တိုင်းမှာ အန်းဒါးဆင်းပုံပြင်တွေ ဖတ်ပြကြပါ။ မိဘတိုင်းက ကိုယ့်သားသမီးတိုင်းကို အဲဒီလိုသာ ညအိပ်ရာဝင်ပုံပြင် ဖတ်ပြကြရင်ဖြင့် လူမျိုးအလိုက်ကို ဉာဏ်ရည်မြင့်ပါမယ်တဲ့။ ပတ်ဝန်းကျင်နဲ့ အသိကို ပြဋ္ဌာန်းစေတဲ့သဘော။

လူသားတစ်ယောက်ရဲ့ အိုင်ကျူဟာ ၈၀ နဲ့ ၁၂၀ ကြားမှာပဲ သာမန်အားဖြင့် ရှိတတ်ပါမယ်။ ၁၂၀ ကျော်သွားရင်တော့ သိပ်ထူးချွန်ပြီး ၈၀ ထက်နည်းရင် ဉာဏ်ရည်နိမ့်သွားပါပြီ။ အိုင်ကျူဖွံ့ဖြိုးမှုဟာ အသက် ၁၁ နှစ် ၁၂ နှစ်အရွယ်မှာ မြင့်တက်လာပြီး နောက်ပိုင်းကျ တိုးတက်မှုမရှိတော့ပါ။ မွေးရာပါအရည်အချင်းတစ်ရပ်ပါပဲ။ ခုခေတ် မိဘနဲ့ ဆရာအားလုံးနီးပါးက ကလေးတွေကို စာတော်ဖို့ကိုပဲ အလေးထားနေကြပြီး အားကစား၊ အနုပညာနဲ့ ပေါင်းသင်းဆက်ဆံရေးတွေကို အာရုံမစိုက်နိုင်အောင် စာတစ်လမ်းသွား မောင်းနှင်နေကြတာ တွေ့နေရပါတယ်။

၂၁ ရာစုကမ္ဘာကြီးရဲ့ ပညာခေတ်မှာ ဉာဏ်ရည်ထက်မြက်မှုအတွက် အိုင်ကျူသာမက ငါးမျိုးလက်ခံထားနေပါပြီ။ ကျွန်တော်တို့ မျက်ခြည်မပြတ်ကြဖို့ပါ။ အိုင်ကျူအပြင် P.Q (Physical Intelligenec) ကျန်းမာရေးကိုလည်း အဓိကထားလာတယ်။ ကျန်းမာရေးအတွက် အားကစားလုပ်တာဟာ တစ်ကိုယ်ရည်ကာယ ဖွံ့ဖြိုးမှုသာမက ပြိုင်ဘက်အပေါ် လေးစားမှု၊ အရှုံးအနိုင်ကို မှန်ကန်တဲ့ တုံ့ပြန်နိုင်မှု၊ နားလည်မှုကို ပေးစွမ်းပါတယ်။

နောက် E.Q (Emotional Quotient) ရှိဖို့လည်း အထူးလိုအပ်ပါတယ်။ ကိုယ်ချင်းစာစိတ်မြင့်မားကြဖို့ပါ။ ကိုယ့်စိတ်ကို ကိုယ်သိသလို တစ်ပါးသူရဲ့ စိတ်ကိုလည်းသိပြီး စာနာတတ်ဖို့။ ဒီနေရာမှာတော့ ရထားပေါ်ရောက်တော့မှ ကျန်ဖိနပ်တစ်ဖက်ကို ပစ်ချပေးတဲ့ စိတ်ဓာတ်ဥပမာမျိုး။ အဲဒီလိုပါပဲ၊ စပိန်နိုင်ငံ ကန်တာဘရီယာ စက်ဘီးပြိုင်ပွဲမှာ တတိယနေရာက ပြိုင်ပွဲဝင် အစ္စမဲလ်အက်စ်တီဘန်ဟာ လဲကျသွားပါတယ်။ တတိယရလိုဇောနဲ့ စီးလို့မရတော့တဲ့ စက်ဘီးကို ထမ်းပြေးပြီး ပန်းဝင်ဖို့ ကြိုးစားတဲ့လူ။ အဲဒီမှာ စတုတ္ထနေရာက ပြိုင်ပွဲဝင် စက်ဘီးသမား သြဂတ်စတင်နာဗာရိုဟာ အေးအေးဆေးဆေးနဲ့ အစ္စမဲလ်ကျော်တက်ပြီး တတိယဆုကို လွယ်လွယ်ယူလို့ရပါတယ်။ ဒါပေမဲ့ စက်ဘီးထမ်းပြေးနေသူကို ဦးစားပေးပြီး သူ့နောက်ကပဲ ပြိုင်ဘီးကို ဖြေးဖြေးနှေးနှေးစီးကာ စတုတ္ထဆုကိုသာယူခဲ့သူ။ အဲဒီပြိုင်ပွဲမှာတော့ ပထမဆုရသူထက် စတုတ္ထသမားရဲ့ မြင့်မြတ်တဲ့စိတ်ထားဟာ အောင်ပွဲခံသွားခဲ့ပါတော့တယ်။ အိုင်ကျူဟာ မွေးရာပါဖြစ်ပြီး အီးကျူက ပြုစုမွေးမြူယူရင် ရပါတယ်။ အိုင်ကျူမြင့်တိုင်း၊ အီးကျူမမြင့်ဘဲ နိမ့်ကျတာရှိပါတယ်။ မွေးမြူပြုစုပြီး စိတ်ထားမြင့်မြတ်အောင် လေ့ကျင့်ပျိုးထောင်ရမှာပါ။

S.Q (Spritual Quotigence) ဒါကတော့ လူပုဂ္ဂိုလ်တစ်ဦးချင်းနဲ့သာ သက်ဆိုင်တဲ့ ယုံကြည်ကိုးကွယ်မှုပါ။ တစ်ဦးချင်းနဲ့သာ ဆိုင်တယ်ဆိုပေမယ့် ကိုယ့်ကိုးကွယ်ယုံကြည်မှုကို မြတ်နိုးသလို တစ်ပါးသူရဲ့ ယုံကြည်ကိုးကွယ်မှုကိုလည်း တန်ဖိုးထားရပါမယ်။ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိသလို လွတ်လပ်စွာ မယုံကြည်မကိုးကွယ်ခွင့်ရှိတယ်ဆိုတဲ့ ဒီမိုကရေစီရဲ့ တရားသဘောကိုလည်း သတိချပ်ဖို့ လိုအပ်ပါသေးတယ်။ အဓိကအန္တရာယ်ကတော့ အစွန်းမရောက်ဖို့ပါပဲ။

C.Q (Cultural Intelligence) ယဉ်ကျေးမှုအပိုင်းပါ။ ကိုယ့်ယဉ်ကျေးမှုကို တန်ဖိုးထားသလို တခြားလူရဲ့ ယဉ်ကျေးမှုဓလေ့ထုံးထမ်းကိုလည်း လေးစားလိုက်နာကြရပါမယ်။ ယဉ်ကျေးမှုအချင်းချင်း ထိပ်တိုက်တိုးမိကြရင် မကောင်းတာပယ်ပြီး ကောင်းတာ သယ်နိုင်ရမယ်။ အမျိုးသားယဉ်ကျေးမှုဟာ ‘မြင်း’၊ ဧည့်သည်ယဉ်ကျေးမှုတွေဟာ ‘မြည်း’ ဆိုရင် တိုးတက်တဲ့ ယဉ်ကျေးမှုသစ် ‘လား’ ကို ဖန်တီးတီထွင်ကြရပါမယ်။

ချုပ်လိုက်ရင် ပညာခေတ်က ခံယူထားတဲ့ ဉာဏ်ရည်ထက်မြက်မှုငါးမျိုးဟာ P.Q က အသက်ရှင်ကျန်းမာရေး၊ I.Q က သင်ယူမှု၊ ခံယူမှု၊ E.Q က မေတ္တာတရား၊ ကိုယ်ချင်းစာ မြင့်မြတ်စိတ်ထား၊ S.Q က လေးနက်တဲ့ အမွေအနှစ်၊ C.Q က မတူညီမှုကို ယူနိုင်တဲ့အားပါပဲ။

(၄)

၁၉၆၀ ပြည့်နှစ်ကနေ ၂၀၀၀ ပြည့်နှစ်အတွင်း လေ့လာဆန်းစစ် သုတေသနပြုချက်တွေအရ ပညာရေးစနစ်သစ်ရဲ့ တိုးတက်မှုစစ်တမ်းမှာ ဖင်လန်နိုင်ငံက နံပါတ် ၁ ပါ။ အမေရိကန်က အဆင့် ၂၉။ ဒါနဲ့ပဲ ဖင်လန်နိုင်ငံရဲ့ ပညာရေးမူဝါဒဟာ ကမ္ဘာကစံပြအဖြစ် အတုယူအလေးထား လာရပါတော့တယ်။ ဖင်လန်ရဲ့ပညာရေးက ကျောင်းသားဗဟိုပြုစနစ်ပါပဲ။ ကျောင်းသား ဘာပြောချင်သလဲ၊ ဘာလုပ်ချင်သလဲကို အဓိကထားပြီး ပြောခွင့်လုပ်ခွင့်ပေးပါတယ်။ ကျောင်းဟာ ပျော်ရွှင်မှုကိုပေးပြီး ကျောင်းသားဖြစ်ချင်တာကို ဖြစ်ခွင့်ပေးတဲ့ စနစ်သစ်ပါ။ စာမေးပွဲဖြေဖို့အတွက်ပဲ ဦးစားပေးစာသင်တဲ့စနစ်ကို ရပ်စဲပစ်လိုက်တယ်။ ပြည်သူ့နီတိကိုလည်း မသင်တော့ဘူး။

ကလေးတစ်ယောက်က ကလေးလို လူငယ်လို ဖြတ်သန်းကြီးပြင်းနိုင်ဖို့ အဓိကထားပြီး ပညာရေးမူဝါဒကို ပြောင်းလဲလိုက်တယ်။ ကလေးတွေကို ကျောင်း၊ ကျူရှင်၊ ဘာသာစကားစတဲ့ သင်တန်းအမျိုးမျိုးတွေနဲ့ ကျောပိုးအိတ်ပိတဲ့ ရောဂါကို မခံစားစေရဘူး။ ကိုယ်တိုင်စဉ်းစား ဝေဖန်ပိုင်းခြားတတ်ရေးကိုပဲ ဦးစားပေးသင်ကြားတယ်။ အဲဒါကြောင့် ဖင်လန်နိုင်ငံရဲ့ကျောင်းတွေမှာ တစ်နေ့တာ စာသင်ချိန်ဟာ ထမင်းစားချိန်အပါအဝင်မှ ၃ နာရီ ၄ နာရီပဲရှိတယ်။ သီတင်းတစ်ပတ်မှာ စာသင်ချိန်က နာရီ ၂၀ လောက်ပဲရှိတာ။ ကျန်တဲ့အချိန်တွေမှာ စက်ချုပ်၊ လက်သမား၊ IT၊ သီချင်းဆို၊ တီးဝိုင်းတီး၊ အနုပညာ၊ ကျောင်းသားဝါသနာပါရာ လုပ်ခွင့်ပေးထားတယ်။

အိမ်စာပေးတယ်ဆိုတာလည်း မရှိသလောက်ပါ။ ပေးရင်လည်း အလွန်ဆုံးရှိမှ ၁၀ မိနစ်စာ အိမ်စာလောက်ပါ။ ကျန်တဲ့အချိန်မှာ မိသားစုနဲ့အတူနေပြီး မိသားစုဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်တယ်။ တခြားဝါသနာပါရာ ဂီတ၊ စာပေ၊ အနုပညာ၊ အားကစားလုပ်ချင်ရာ ကိုယ်ကြိုက်ရာ လုပ်ချိန်ရတယ်။ အဲဒီလိုကျောင်းသားတွေကို စာသင်ခန်းထဲမှာပဲ အချိန်ကြာကြာ လှောင်မထား၊ ဦးနှောက်ကို ခဏခဏ အနားပေးထားတာကြောင့် အကြံသစ်၊ ဉာဏ်သစ်တွေ ပိုမိုထွက်စေပါတယ်။ အလုပ်ချည်း ဆက်တိုက်လုပ်နေရရင် အင်ဂျင်ပူပြီး စက်ရပ်သွားနိုင်ပါတယ်။

တကယ်တမ်းဆိုရင် ကျူရှင်တို့၊ ကိုယ်ပိုင်ကျောင်းတို့ဆိုတာ ပညာရေးစနစ်ရဲ့ အားနည်းချက်ကြောင့် ပေါ်ထွန်းကြီးထွားနေတာပါ။ ဖင်လန်နိုင်ငံမှာ ပုဂ္ဂလိကကျောင်းမရှိပါဘူး။ တစ်နိုင်ငံလုံးမှာ ဘယ်ကျောင်းအကောင်းဆုံးလဲလို့မေးရင် ကျောင်းတိုင်းဟာ အတူတူပဲမို့ အိမ်နဲ့နီးတဲ့ ကျောင်းဟာ ကျောင်းကောင်းလို့ ဖြေပါတယ်။ ဆင်းရဲချမ်းသာ တစ်ကျောင်းတည်းမှာပဲ အတူတူတက်ကြရပါတယ်။ ချမ်းသာသူက ကျောင်းအတွက် ပညာရေးအတွက် လိုအပ်ချက်ကို ကူညီပံ့ပိုးပေးတာပေါ့။ ချစ်စရာကောင်းတဲ့စရိုက်က မူလတန်းကလေးကအစ မြေအောက်ရထားစီးပြီး ကျောင်းကိုတစ်ယောက်တည်းပဲ လာကြပါတယ်။ မိဘတွေ လိုက်မပို့ရပါ။ မှီခိုစိတ်မရှိ ကိုယ့်အားကိုယ်ကိုးစိတ်ဓာတ်။

(၅)

ပညာမဲ့၊ ဆင်ခြင်မဲ့၊ အသိဉာဏ်မဲ့တွေ အုပ်ချုပ်သွားလို့ ဓားမနောက်ပိတ် ခွေးဘဝနဲ့ နောက်ကျကျန်ရစ်ကျရှုံးနေတဲ့ နိုင်ငံတော်ကို ကယ်တင်ကြရအောင်ပါ။ ကိုယ်နဲ့နီးစပ်ရာ ကလေးတွေကို ပြုစုပျိုးထောင်၊ လူမျိုးအလိုက် ဉာဏ်ရည်မြင့်အောင်လုပ်၊ အဆင်းရဲဆုံးဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံကို ပညာနဲ့ကယ်တင်ကြပါစို့။

Most Read

Most Recent